

ဘတ်စာရင်းတင်ရန် စောင့်ဆိုင်းရင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား အလုပ်သမား ၁၃၀ ကျော်အား အောက်တိုဘာ ၁၈ ရက်တွင် ဘန်ကောက်က ထိုင်းလဝက အချုပ်ထောင် IDC သို့ ပို့ဆောင်မည်ဟု အလုပ်သမားအရေးကူညီဆောင်ရွက်နေသည့် MHAC အဖွဲ့ ဦးဆောင်တာဝန်ခံ ကိုရဲမင်းက ပြောသည်။
“ဒီနေ့ သူတို့ကို IDC တရားရုံးကို ပို့မှာ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးဘေးက ထိုင်းလဝက အချုပ်ထောင်ကို ပို့မှာ။ အဲဒီကို ပို့တဲ့သူတွေက ဗမာပြည်ကို ပြန်ပို့တဲ့သူတွေဖြစ်တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ အလုပ်သမားများသည် မဟာချိုင်နယ်မြေထဲရှိ အလုပ်သမားတန်းလျားတစ်ခုတွင် အလုပ်သမားလူသစ်မှတ်ပုံတင် (ဘတ်စာရင်း) တင်ရန် စောင့်ဆိုင်းနေစဉ် အောက်တိုဘာ ၁၆ ရက် ညနေ ၃ နာရီတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးခံခဲ့ရသည့် အလုပ်သမားများသည် ထိုင်းနိုင်ငံသို့ ရောက်ရှိရန် သိန်း ၈၀ ပေး၍ တောလမ်းများမှ အထောက်အထားမဲ့ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ကိုရဲမင်းက ဆိုသည်။

အဆိုပါ အလုပ်သမားများအား ကူညီနိုင်ရန် MHAC အဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်မှ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့သော်လည်း ၎င်းတို့ လွတ်မြောက်နိုင်ရန် မကူညီနိုင်ခဲ့ဟု ဆိုသည်။
ယင်းအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်ရှာဖွေပေးနေသည့် မြန်မာလူမျိုး ပွဲစားများ အချင်းချင်း အငြင်းပွားမှုကြောင့် နေရာအတိအကျဖြင့် တိုင်ကြားခံခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် အလုပ်သမားများသည် IDC သို့ ရောက်ရှိသွားပါက မြန်မာနိုင်ငံသို့ ပြန်ပို့ခံရမည်ဖြစ်သည်။ ထိုသို့ မြန်မာနိုင်ငံသို့ ပြန်ပို့ရန် အချိန် လေးလမှ တစ်နှစ်အထိ စောင့်ဆိုင်းရနိုင်ပြီး အမြန် ပြန်လိုပါက ငွေကြေးပေးရခြင်းများလည်း ရှိသည်ဟုဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ပဋိပက္ခကြောင့် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာသူများပါ အပါအဝင် စုစုပေါင်း မြန်မာရွှေ့ပြောင်းလုပ်သား ၇ သန်းခန့်ရှိနိုင်သည်ဟု မြန်မာအလုပ်သမားအရေးလုပ်ဆောင်သူများက ခန့်မှန်းထားသည်။
#ဖမ်းဆီးခံမြန်မာအလုပ်သမား #ထိုင်းလဝကအချုပ်ထောင် #ပို့ဆောင်ခံရ #ThanLwinKhetNews