အာရက္ခတပ်တော် AA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေသည့် နတ်ရေကန်ဗျူဟာကုန်းရှိ သိမ်းပိုက်ရန် အနည်းငယ်သာ ကျန်သည့် နေရာများမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် လက်နက်ချ အလင်းဝင်ခြင်းများ ဆက်တိုက်ရှိနေသည်ဟု AA မှ အောက်တိုဘာ ၁၇ ရက်က သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲအတွင်း လက်ရဖမ်းဆီးထားသည့် စစ်တပ် တပ်ဖွဲ့ဝင်များနှင့် လက်နက်ချ အလင်းဝင်လာသည့် တပ်ဖွဲ့ဝင်များအား စစ်သုံ့ပန်းဥပဒေနှင့်အညီ စောင့်ရှောက်ထားသည်ဟု ဆိုသည်။
လက်ရှိတွင် AA မှ နတ်ရေကန်ဗျူဟာကုန်းစခန်းတွင် သိမ်းပိုက်ရန် ကျန်ရှိသည့် လက်ကျန်နေရာအနည်းငယ်အား အပြီးသတ်သမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟုလည်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုများကြောင့် စစ်ကော်မရှင်တပ်သားများ ထွက်ပြေးလျက်ရှိသကဲ့သို့ လေကြောင်းမှ လေကြောင်းပစ်ကူများဖြင့် ပစ်ကူမှုများလည်း ရှိနေသည်ဟု သိရသည်။
ယင်းသို့ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် စစ်ကော်မရှင်တပ်သားများ အလံဖြူထောင်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် AA နှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များသည် နတ်ရေကန်ဗျူဟာကုန်း အနီးရှိ ကာကင်းစခန်း ၈ ခုလုံးအား အောက်တိုဘာ ၁၄ ရက်တွင် သိမ်းပိုက်ထားနိုင်ပြီး ထပ်မံ သိမ်းပိုက်ရန် နတ်ရေကန်စခန်းကုန်းမကြီး တစ်ခုသာ ကျန်တော့သည်။
လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အဓမ္မ စစ်သားစုဆောင်းခံထားရသူများပါဝင်ပါကလည်း ဆက်သွယ်လက်နက်ချအလင်းဝင်ရောက်နိုင်သည်ဟုလည်း AA က အသိပေးထားသည်။
AA အနေဖြင့် ရခိုင်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် စစ်ကောင်စီ၏ ထိုးစစ်များအား အကောင်းဆုံး ခံစစ်များနှင့် အတူ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ရှိနေသည်ဟု သိရသည်။