စစ်တွေတွင် တပ်စွဲထားသည့် တပ်စခန်းများမှ ယခုရက်ပိုင်းအတွင်း လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်မှုများရှိနေသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ပထမပတ်မှစတင်ကာ ကျားမသောက်ကျေးရွာတွင် အထိုင်ချထားသည့် လက်နက်ကြီးတပ်မှလည်းကောင်း၊ ရွှေမင်းဂံ ရေတပ်ဆိပ်ကမ်းမှလည်းကောင်း လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်မှု ရှိနေသည်ဟု သိရသည်။
အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “တစ်ဖက်နဲ့တစ်ဖက် လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေလည်း ရှိတယ်။ စစ်တပ်ဘက်ကတော့ လက်နက်ကြီးရော၊ ဒရုန်းရော သုံးပြီး ညဘက်တွေရော နေ့ဘက်တွေမှာပါ ကျေးရွာတွေကို ဆက်တိုက် လှမ်းပစ်ခတ်နေတာတွေ ရှိတယ်” ဟုဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်ကလည်း လက်နက်ကြီးများဖြင့် ပေါက်တောဘက်သို့ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံအချို့က ဆိုသည်။
အသက် ၂၇ နှစ် အရွယ် ပေါက်တောဒေသခံ အမျိုးသမီးတစ်ဦးက ”မနေ့ကလည်း တောင်ဖူးဘက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လူတွေ အထိအခိုက်ကတော့ မရှိဘူး။ နံနက်ပိုင်းကတည်းက နေ့လယ် ၃ နာရီအထိ ဆက်တိုက်ပစ်ခတ်တာတွေလုပ်တယ်” ဟု ဆိုသည်။
စစ်ကောင်စီအနေဖြင့် အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောဘက်များသို့ လက်နက်ကြီးများဖြင့် လှမ်း၍ ပစ်ခတ်မှုများရှိနေခြင်းဖြစ်သည်။
ထို့အပြင် အာရက္ခတပ်တော် AA ကလည်း ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်ကတည်းက စစ်တွေမြို့အနီးပတ်ဝန်းကျင်၌ လက်နက်ကြီး၊ ဒရုန်း အပြန်အလှန် တိုက်ခိုက်နေရာ ယခုရက်များအတွင်း ပိုမိုပြင်းထန်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ကြား မြေပြင်တွင် နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်း မရှိသော်လည်း အပြန်အလှန် ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများရှိနေခြင်းဖြစ်သည်။