ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးက အွန်လိုင်းငွေလိမ်ဂိုဏ်းများရှိရာ KK Park အား စစ်တပ်မှ နယ်မြေရှင်းလင်းရေး လုပ်ခဲ့သည်ဟု စစ်တပ်ပိုင် မီဒီယာများမှ တစ်ဆင့် အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
ထိုသို့ ရှင်းလင်းစဉ် KK Park အတွင်း ဆက်သွယ်ရေးအတွက် အသုံးပြုသည့် Star Link စလောင်း အစုံ ၃၀ နှင့် ဆက်စပ်ပစ္စည်းများအား ထိန်းသိမ်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အဆောက်အအုံများအတွင်း ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေရသည့် အမျိုးသား ၁၆၀၀ ကျော်၊ အမျိုးသမီး ၄၅၀ ကျော်၊ လုံခြုံရေးဝန်ထမ်း ၁၀၀ နီးပါးခန့်အပါ စုစုပေါင်း ၂၂၀၀ နီးပါးအား ထိန်းသိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ KK Park ဝင်းထဲတွင် တစ်ထပ်တိုက် အလုံး ၂၀၊ နှစ်ထပ်တိုက် အလုံး ၁၀၀၊ လေးထပ်တိုက် အလုံး ၂၀၊ ငါးထပ်တိုက် နှစ်လုံး၊ ဈေးဆိုင်ခန်း ၅၀ ခန်း၊ ပစ္စည်းသိုလှောင်သည့် ဂိုဒေါင် ၄၅ လုံးနှင့် တစ်ထပ်တိုက်မှ ငါးထပ်တိုက်အထိ ဆောက်လုပ်ဆဲ တိုက် ၃၆ လုံးရှိပြီး ဆေးပေးခန်း နှစ်ခန်းရှိသည်ဟု စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အဆောက်အအုံများသည် တရားဝင် ခွင့်ပြုမိန့်၊ မြေပိုင်ဆိုင်ခွင့် အထောက်အထား၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဆောက်လုပ်ခွင့်၊ ခွင့်ပြုမိန့် တရားဝင် စာရွက်စာတမ်းများ မရှိသည့်အပြင် စစ်တပ်မှ ဆင့်ခေါ်ရာတွင်လည်း လာရောက်ခြင်းမရှိသောကြောင့် အရေးယူမှုများ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
စစ်တပ်သည် ကရင်ပြည်နယ် မြဝတီမြို့အနီးက လေးကေ့ကော်မြို့သစ်အား အောက်တိုဘာ ၅ ရက်တွင် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက်တွင် KK Park အား နယ်မြေရှင်းလင်းခြင်းများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ရှုခင်းသာစခန်းအား အောက်တိုဘာ ၁၇ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး စွယ်တော်ကုန်အားလည်း အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းတွင် ပြန်လည် နေရာယူနိုင်ခဲ့ခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ်တလျှောက် အရေးပါသည့် နေရာများတွင် စစ်တပ် စစ်ကြောင်းများမှ ဆက်လက်၍ ရှင်းလင်းရေးလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ KK Park နယ်မြေသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေအတွင်း တည်ရှိသည်။