ရခိုင်တွင် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေရသည့် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့များတွင် စစ်ကော်မရှင်တပ်ဘက်မှ စစ်အင်အားတိုးမြှင့်ခြင်းများကို ပင်လယ်ရေကြောင်းမှ ဖြည့်တင်းပေးလျက်ရှိသည်ဟု AA ထံမှ သိရသည်။
ထိုကြောင့် AA ထိန်းချုပ်ထားသည့် ဒေသများဖြစ်သည့် သံတွဲနှင့် ဂွမြို့နယ်အတွင်း နေထိုင်သူများ၏ လုံခြုံရေးအတွက် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညအချိန် ငါးဖမ်းခြင်းများအား အောက်တိုဘာ ၁၉ ရက်မှ စတင်၍ ကန့်သတ်လိုက်သည်ဟု AA မှ ထုတ်ပြန်ထားသည်။
ရခိုင်ဒေသတွင်း နေထိုင်သူများသည် ရေလုပ်ငန်းအား အဓိက လုပ်ကိုင်သူများ ဖြစ်သည့်အပြင် ယခုကာလတွင် အခက်အခဲ အကြပ်အတည်းများနှင့် ကြုံ့တွေ့နေရသောကြောင့် ပင်လယ်ပြင်တွင် ငါးဖမ်းခြင်းအား အချိန်အကန့်အသတ် သတ်မှတ်ထားခြင်းမရှိဘဲ ငါးဖမ်းခွင့်ပြုခဲ့သည်ဟု AA မှ ဆိုသည်။
ယခုရက်ပိုင်းအတွင်း AA ထိန်းချုပ်ထားသည့် သံတွဲနှင့် ဂွမြို့အနီး ပင်လယ်ပြင်တွင် စစ်ကော်မရှင် ရေယာဉ်များ ပိုမိုသွားလာခြင်းများ တွေ့ရသည့်အပြင် မြို့ပေါ်များတွင်လည်း ကင်းထောက်လေယာဉ်များ လှည့်ပတ်ပျံဝဲခြင်းများအား ပိုမိုတွေ့နေရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထိုသို့ လုပ်ဆောင်ချက်များအပြင် စစ်ကော်မရှင်သည် ၎င်းလက်လွှတ်ဆုံးရှုံးထားရသည့် မြို့များအား ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်မှုများလည်း ရှိနေသည်ဟု AA က ဆိုသည်။
ထို့ကြောင့် ပြည်သူများ ငါးဖမ်းနေသည့် အချိန်ကို အခွင့်ကောင်းယူကာ စစ်ကော်မရှင်က ပင်လယ်ရေကြောင်းမှ စစ်အင်အားတိုးခြင်းအား ထိန်းချုပ်နိုင်ရန် ယခုကဲ့သို့ ငါးဖမ်းသည့် အချိန် ကန့်သတ်လိုက်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတ်မှတ်အချိန်အတွင်း ငါးဖမ်းပါကလည်း စစ်ကော်မရှင်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်း မခံရစေရန် ကမ်းဝေးသို့ သွားရောက်ဖမ်းဆီးခြင်း မပြုလုပ်ကြရန်နှင့် စစ်ရေယာဉ်များ တွေ့ရပါကလည်း ပြည်သူများ၏ လုံခြုံရေးအတွက် ကမ်းစပ်သို့ အမြန်ဆုံးဆိုက်ကပ်ကြရန် AA မှ သတိပေးထားသည်။