စောင့်ရှောက်ပေးမည့် မိဘမရှိ၊ နေစရာအိမ်မရှိသော ကလေးငယ်တစ်ဦးအဖြစ် ဘဝကို စတင်ခဲ့ရပြီး PDF စစ်ကြောင်းမှူးဖြစ်လာသည်အထိ ဇွဲလုံ့လကြီးသူ၊ စစ်အာဏာရှင်ကို ရွံမုန်းသူ၊ စာနာစိတ်နှင့် ဂရုဏာတရား ကြီးမားသူ။
စစ်အာဏာရှင်တော်လှန်ရေးခရီးကြမ်း လမ်းခုလတ်တွင် ရဲဘော်နိုင်မင်းတစ်ယောက် ကြွေလွင့်ခဲ့သည်။
အညတရအညာသားတစ်ဦး၏ နောက်ဆုံးခရီးက အညာနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသ၊ သူ၏ ရဲဘော်ရဲဘက်များ၊ ဒေသခံပြည်သူများ၊ ရပ်ဝေးရပ်နီးမှ မိတ်ဆွေများကို အလွန်တရာ ဝမ်းနည်းနာကျင်စေပါသည်။ ရဲဘော်နိုင်မင်းသည် အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပကဖ ဒုတိယတာဝန်ခံနှင့် ULF စစ်ကြောင်း၏ စစ်ကြောင်းမှူးဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်က တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။
ULF (Union Liberation Front) စစ်ကြောင်းကို ယင်းမာပင်၊ ဆားလင်းကြီး၊ ဘုတလင်၊ ကနီ စသောမြို့နယ်များမှ တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့ ၂၀ ဖြင့် ဖွဲ့စည်းထားသည်။
ကလေးဘဝက သူဘယ်ကလာပြီး ဘယ်လိုကြီးပြင်းခဲ့သည်ကို မသိ။ ကလေးဘဝ စာသင်ခန်းမှ ပျော်စရာများကို ကောင်းကောင်းမသိခဲ့သော ကိုနိုင်မင်းတစ်ယောက် လူ့လောကကို နှုတ်ဆက်သွားခြင်းက သူကျင်လည်ရာ ပတ်ဝန်းကျင်တစ်ခွင်လုံးကို ဘာကြောင့်များ ဝမ်းနည်းနာကျင်စေပါသနည်း။
ထိုမေးခွန်း၏ အဖြေကို ကိုနိုင်မင်းဖြတ်သန်းခဲ့သည့် စစ်အာဏာရှင်တော်လှန်ရေးခရီးကြမ်းက ပြောပြပါလိမ့်မည်။ မိုးသဲသဲမဲမဲရွာအပြီး နေရောင်ကျလာချိန် မြင်ကွင်းရှင်းလင်းသွားသလို သူ့သမိုင်းက ရှင်းလင်းကြည်လင်ပါသည်။
- မိဘမေတ္တာ ငတ်မွတ်ခဲ့ရသော ကလေးငယ်
လွန်ခဲ့သော ၃၅ နှစ်ခန့်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော စစ်အစိုးရလက်ထက်တွင် လူမမယ်ကလေးငယ်တစ်ဦးသည် လူအချို့နှင့်အတူ ခန္တီးရွှေတောသို့ ရောက်ရှိလာသည်။ ခေါ်လာသူများသည် သူ့၏ ဦးလေး၊ ဒေါ်လေး တော်စပ်သူများဖြစ်သည်ဟု နောက်ပိုင်းတွင် သူပြောပြသည်။ ရွှေတောတွင်ရှိနေသူများက အိမ်ခြေမဲ့ကလေးငယ်တစ်ဦးအဖြစ် သူ့အား မေးမြန်းစူးစမ်းကြသည်။ အန္တရာယ်များသော ရွှေတော၌ မနေရန် ပြောသည်။
မျက်စိသူငယ်နားသူငယ်နှင့် ထိုကလေးငယ်သည် ရွှေတောတွင် ကုပ်ကပ်နေရင်း ရက်မှလ၊ လမှသည် နွေ၊ မိုး၊ ဆောင်း အလီလီခရီးနှင်ရင်း ဆယ်စုနှစ်သုံးခုကျော်အထိ ကာလယန္တရားက ရွေ့လျားလာခဲ့သည်။ ဦးကြီး၊ ဒေါ်ကြီးတို့၏ စောင့်ရှောက်မှုဖြင့် သူ ကြီးပြင်းလာခဲ့သည်။
ရွှေတောမှာ ကြီးပြင်းရင်း ရွှေတူးသူဖြစ်လာခဲ့သည်။ အလုပ်ကြိုးစားသူဖြစ်၍ အသက် ၃၀ ခန့်တွင် ရွှေလုပ်ငန်းရှင်လူငယ်တစ်ဦး ဖြစ်လာသည်။ သူ့လုပ်ငန်းအတွက် ကုမ္ပဏီထောင်ရန် လိုအပ်လာသည့်အခါ နိုင်ငံသားမှတ်ပုံတင်ပင်မရှိခဲ့၍ လဝကကို ထိုခေတ်ကာလက ငွေကျပ် (၇) သိန်းပေး၍ မှတ်ပုံတင်လုပ်ခဲ့ရသည်။ စစ်အစိုးရလက်ထက် ဝန်ထမ်းများ၏ အဂတိလိုက်စားမှုကို သူစိတ်ပျက်ခဲ့သည်။
- တော်လှန်ရေးလမ်းပေါ် ခြေချခြင်း
၂၀၂၀ ပြည့်နှစ်ဝန်းကျင်တွင် ကိုဗစ်ကပ်ရောဂါဘေး ကြုံသောအခါ ရွှေတောမှ လုပ်ငန်းများ ယာယီရပ်နားခဲ့ပြီး မန္တလေးမြို့သို့ လာရောက်နေထိုင်ခဲ့သည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်တွင် မန္တလေးမြို့၌ သူရှိသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူငယ်များကို စစ်သားနှင့်ရဲများက အကြမ်းဖက်ဖြိုခွင်းနေသည့် မြင်ကွင်းများကို သူမြင်သည်။ မြသွဲ့သွဲ့ခိုင်၊ အိန်ဂျယ် (ခေါ်) ကြယ်စင်စသည့် လူငယ်များကို စစ်ကောင်စီက ပစ်သတ်သည့်သတင်း သူကြားသည်။ သူ့ရှေ့တွင် ဆန္ဒပြလူငယ်တစ်ဦးကို စစ်ကောင်စီက ပစ်သတ်လိုက်သည့်နောက် သူဆုံးဖြတ်ချက်ချလိုက်သည်။ မြို့ပြကို စွန့်ခွာမည်။ အညာကို သူသွားမည်။ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်မည်။
မိတ်ဆွေအပေါင်းအသင်းများနှင့် ချိတ်ဆက်ပြီး သူ့ဇာတိအညာကို တစ်ကျော့ပြန် ခြေချခဲ့သည်။ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ရေးအတွက် အညာတစ်ကြောတွင် ဒေသကာကွယ်ရေးတပ်များ အများအပြားဖွဲ့စည်းနေကြသည့် ၂၀၂၁ ခုနှစ်ထဲတွင် ကိုနိုင်မင်းက ယင်းမာပင်ခရိုင်၌ နဂါးညီနောင်အထူးတပ်ဖွဲ့ (DBTF) ကို ဖွဲ့စည်းသည်။ ရွှေတောမှာ ကြီးပြင်းခဲ့သူအဖို့ မိုင်းနှင့် မစိမ်း။ သူက မိုင်းအဓိကထုတ်လုပ်သည်။ ကာကွယ်ရေးအဖွဲ့များထံ မျှဝေသည်။ တော်လှန်ရေးကာလအစ အညာဒေသတွင် စစ်ကောင်စီစစ်ကြောင်းများအား ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ပဒေသာမိုင်းများ၌ ကိုနိုင်မင်းထုတ်လုပ်ခဲ့သော မိုင်းများ ပါဝင်ခဲ့သည်။
စစ်ကောင်စီနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများတွင် သူကိုယ်တိုင်ဦးဆောင်၍ တိုက်သည်။ တိုက်ပွဲအလီလီနွှဲပြီးသည့်နောက်ပိုင်း သူ့ရဲစွမ်းသတ္တိနှင့် ဦးဆောင်နိုင်မှုအပေါ် သတင်းစကားက ဒေသကာကွယ်ရေးတပ်ဖွဲ့များကြားတွင် လူသိများလာသည်။ သူ၏ဦးဆောင်မှုကို လူငယ်တော်လှန်ရေးသမားများက သဘောကျကြသည်။ ဒေသတွင်း၌ သူတိုက်မည့်တိုက်ပွဲဆိုပါက ပူးပေါင်းတိုက်ခိုက်လိုကြသည်။ မြောက်များစွာသော တော်လှန်ရေးအဖွဲ့များ စုစည်းရန်လိုအပ်လာချိန်တွင် သူနှင့် ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင်များက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသ လက်အောက်ခံ ယင်းမာပင်မြို့နယ် ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု (ULF) ကို ဖွဲ့စည်းသည်။
တိုက်ပွဲများမဖော်ဆောင်နိုင်၍ အားမလိုအားမရဖြစ်နေသော ဒေသကာကွယ်ရေးအဖွဲ့များအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအား အပြစ်တင်မစောရန် သူက ဖျောင်းဖျလေ့ရှိသည်။
“ကိုယ့်အစိုးရက ငွေကို ကုလားဖန်ထိုးရှာဖွေနေရတာ။ စစ်ကောင်စီလို ငွေထုပ်ပေါ်ထိုင်နေရတာ မဟုတ်ဘူး”
ပြည်သူ့ကာကွယ်ရေးရဲဘော်များကို သူက ယင်းအတိုင်း ရှင်းပြခဲ့သည်။ စစ်မြေပြင်တွင် ရဲဘော်များကို အကာအကွယ်ပေးလိုပြီး ဦးဆောင်တိုက်ခိုက်သူ၊ လူငယ်ကာကွယ်ရေးရဲဘော်များအပေါ် သြဇာညောင်းသူမို့ စစ်ကြောင်းမှူးတာဝန် ပေးအပ်ခံရသည်။ ULF စစ်ကြောင်းမှူး ရဲဘော်နိုင်မင်း ဖြစ်လာသည်။
“စကစကို တိုက်ဖို့ဆိုရင် ဘာကိုမဆို ကြိုးစားလုပ်မယ်ဆိုတဲ့ လူမျိုး။ ရဲဘော်တွေ ငတ်မှာကို ပူသလို ရဲဘော်တွေ ထိခိုက်မှာကိုလည်း စိုးရိမ်သူ” ဟု ရဲဘော်နိုင်မင်းအပေါ် ယင်းမာပင်မြို့နယ်မှ PDF တစ်ဦးက မှတ်ချက်ပြုသည်။
- ULF နှင့် ရဲဘော်နိုင်မင်း၏ တိုက်ပွဲခေါ်သံများ
ULF သည် ဒေသတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များကြား လက်နက်ခဲယမ်းအခက်အခဲ ဖြေရှင်းနိုင်ရေးနှင့် တိုက်ပွဲများတွင် စုစုစည်းစည်း ဗျူဟာကျကျတိုက်ခိုက်နိုင်ရေးအတွက် ဖွဲ့စည်းလိုက်ကြခြင်းဖြစ်သည်။ မဖွဲ့စည်းခင်ကရော၊ ဖွဲ့စည်းပြီးနောက်ပိုင်း၌ပါ ယင်းမာပင်ခရိုင်အတွင်းရှိ တိုက်ပွဲများ၌ ကိုနိုင်မင်း၏ ခြေရာလက်ရာ အများအပြားရှိသည်။ စစ်ကောင်စီရေယာဉ်များ သိမ်းယူနိုင်ခဲ့သည့် ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲ၊ ဆားလင်းကြီးမြို့နယ်မှ အဓိကစခန်းဖြစ်သော ညောင်ပင်ကြီးရဲစခန်းကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများ၊ မြို့ရကာနီးမှ လက်လွှတ်လိုက်ရသည့် ကနီမြို့သိမ်းတိုက်ပွဲ၊ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံး ပြုတ်သွားသည့် ဘုတလင်မြို့နယ် ကူတော်ရဲစခန်းမှ စစ်ကြောင်းအား တိုက်ခိုက်သည့်တိုက်ပွဲ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဘေးပတ်ချာလည်ရှိ ကင်းစခန်းသိမ်းယူသည့် တိုက်ပွဲတို့တွင် သူပါဝင်ခဲ့သည်။
တိုက်ရေးခိုက်ရေးကဲ့သို့ လက်တွေ့ကျသောအလုပ်များကို အချိန်တိုအတွင်း စွမ်းဆောင်နိုင်သော်လည်း စာတွေ့နှင့်ဆိုင်သော သီအိုရီနယ်ပယ်များတွင် အဆင်မပြေလှ။ နည်းပညာနှင့် အလှမ်းဝေးသည်။ လူမှုကွန်ရက်နှင့် စိမ်းသည်။ တိုက်ပွဲရုပ်သံများကိုတင်၍ အလှူခံပါက ထောက်ပံ့ငွေရမည်ကို သိသည်။ သို့သော် သူမလုပ်တတ်။ မည်သို့လုပ်ရမည်ကို မိတ်ဆွေများထံ စူးစမ်းမေးမြန်းရှာသည်။ ရန်ပုံငွေမလောက်င၍ တိုက်ပွဲမဖော်ဆောင်နိုင်သည့်အပေါ် သူ ငြီးငွေ့ဖူးသည်။
“တိုက်ပွဲတိုက်ရဖို့ ပြည်သူတွေရဲ့ အထောက်အပံ့ကို မျှော်ပြီး ထမင်းစားပြီးစောင့်နေရသလို ဖြစ်ခဲ့တယ်”
ပြည်သူများ၏ ကူညီငွေဖြင့် စစ်တပ်ကို တော်လှန်တိုက်ခိုက်ရသော်လည်း သူက တော်လှန်ရေးစလုပ်ကတည်းက သူတွင်ရှိသမျှ စည်းစိမ်ဥစ္စာအားလုံးကို တော်လှန်ရေးအတွက် ထည့်ဝင်ခဲ့သူလည်းဖြစ်ကြောင်း သူနှင့်အတူ တိုက်ပွဲဝင်ခဲ့သော ရဲဘော်ရဲဘက်အချို့က ပြောသည်။
ယင်းမာပင်မြို့နယ်မှ PDF တစ်ဦးက “တော်လှန်ရေးထဲက တချို့တွေ တော်လှန်ရေးကနေ အကျိုးအမြတ်တစ်စုံတစ်ရာ ရရှိဖို့လုပ်နေကြချိန် သူကတော့ တော်လှန်ရေးမစခင်က ရှိခဲ့တဲ့သူ့စည်းစိမ်မှန်သမျှ ရင်းချပြီး တော်လှန်ရေးလုပ်ရင်း မွဲသွားခဲ့တဲ့သူ။ လူတော်ကြီး၊ လူရိုးလူအေးကြီး” ဟု ပြောပါသည်။
သူကျွမ်းကျင်ပြီး လွယ်လွယ်ကူကူလုပ်နိုင်သည်က တိုက်ခိုက်ရေးသက်သက် ဖြစ်လာသည်။ တိုက်ပွဲဖော်ဆောင်ပြီး ရန်သူဆီမှ လက်နက်ခဲယမ်းရယူခြင်းဖြင့် အမြတ်ထွက်အောင်တိုက်မည်ဟု သူ အားခဲသည်။
စစ်ဆင်ရေးစရိတ်နှင့် ကျည်ဖိုး စုစုပေါင်း သိန်း ၁,၀၀၀ ခန့် သုံးရမည့်တိုက်ပွဲဆိုပါက ရန်သူဆီမှ သေနတ်လေးလက်၊ ငါးလက်လောက် ပြန်ရမှ အမြတ်ကျန်တာဟု သူကပြောဖူးသည်။ ထိုဇောကြောင့်ပင် သူကျည်ထိခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရခဲ့ဖူးသည်။
၂၀၂၄ ခုနှစ်အတွင်းက ကနီမြို့နယ်၊ သစ်ကွင်းတိုက်ပွဲတွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးထံမှ သေနတ်ကို သူကိုယ်တိုင်ပြေးကောက်စဉ် ကျည်ထိမှန်ခဲ့သည်။ တိုက်ပွဲတွင် အကြောက်အလန့်မရှိ တိုက်ခိုက်၍ စစ်ရေးအရ အောင်မြင်မှုများရှိခဲ့သလို ဒဏ်ရာအနာတရလည်း များခဲ့သည်။ ညာဘက်ခြေထောက်နှင့် ဘယ်ဘက်လက်တို့တွင် သေရာပါဒဏ်ရာ ရထားသည်။ သို့သော် သူက ဂျိုင်းထောက်ဖြင့် ရှေ့တန်းစစ်မြေပြင်အထိ လိုက်ခဲ့သည်။
“ရှေ့တန်းမှာ ကိုယ့်ကိုမြင်နေရတော့ ရဲဘော်တွေ အားရှိတာပေါ့။ နောက်ပြီး စစ်ရေးကိုကွပ်ကဲဖို့က စစ်မြေပြင်မှာ ရှိကိုရှိနေရမယ်။ နောက်တန်းမှာနေပြီး ဘာလုပ်မှာလဲ” ဟု ကိုနိုင်မင်းက သူ၏အယူအဆကို ပြောခဲ့သည်။
သူ့ဗျူဟာများက ရိုးရှင်းသည်။ သတ္တိရှိပြီး ဆုံးဖြတ်ချက်မြန်သည်။ စခန်းသိမ်းမည်ဆိုပါက စခန်းပတ်ဝန်းကျင်ကို သူကိုယ်တိုင်ရုပ်ဖျက်ပြီး လေ့လာသည်။ များသောအားဖြင့် ညနေပိုင်းအချိန်များတွင် စစ်ဆင်ရေးစတင်သည်။
“ကျွန်တော်တို့ဒေသက တောင်တန်းလျှိုမြောင် မရှိဘူးလေ။ သူတို့လက်နက်ကြီးဆင်ထားတဲ့ လက်ပံတောင်းတောင်ကြီးက အပေါ်ကနေ ဘောလုံးပွဲကြည့်စင်ကြီးလို မိုးထားတာလေ။ ညနေဘက် စတိုက်ပြီး တစ်ညလုံးချလို့ရတယ်။ တိုက်ပြီး ကိုယ့်စခန်းကိုပြန်ရင်လည်း ညဘက် ၂ နာရီ ၃ နာရီ အေးဆေး လျှောက်ပြန်လို့ရတယ်။ စစ်ခွေးတွေ လိုက်ဖို့မလွယ်ဘူး”
စာတွေ့လုံးဝမရှိဘဲ လက်တွေ့ကျသည့် သူ၏တိုက်ပွဲအတွေ့အကြုံ ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေးဖြင့် လူထုအားတိုင်တည်ကာ စစ်ကောင်စီကိုတိုက်ခိုက်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ တိုက်ရည်ခိုက်ရည်ကို ရဲဘော်နိုင်မင်းက အားကျခဲ့သည်။ ထို့ကြောင့် တိုက်ပွဲဖော်ဆောင်နေရသည်ကို သူပျော်မွေ့သည်။ တော်လှန်ရေးအပေါ် သူ့ခံယူချက်ကြောင့် ဒေသကာကွယ်ရေးရဲဘော်များအပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ပုံစံမျိုးစုံရပ်တည်နေသည့် တော်လှန်ရေးအဖွဲ့များကပါ ချစ်ခင်လေးစားကြသည်။ လက်နက်ကိုင်တပ်ဖွဲ့ချင်း ဖြစ်ပွားသော ပွတ်တိုက်မှုများကို သူက ဖျန်ဖြေပေးနိုင်သည်။ စစ်မြေပြင်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များအပေါ် သြဇာညောင်းပြီး အလွယ်တကူ စုစည်းပေးနိုင်သည်။
“အရေးကြုံလာရင် ပကဖတွေ၊ ရင်းတွေ ခွဲမနေကြပါဘူး။ ချကြတာပဲ။ တွယ်တာပဲ။ ကျွန်တော်တို့နားက မရဘူး။ လက်နက်ကြီးနဲ့ လေကြောင်းက မိုးမွှန်နေအောင်တုပ်တာ။ ဒါလည်း ကြိတ်တာပဲ” ဟု ပြန်ပြောပြသည်။
စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ခိုက်ရေးကို ဦးစားပေးသူမို့ အနားယူချိန်နည်းပါးသည်။ စိတ်ကြည်လင်မှုကို စစ်တိုက်ရင်း သူရှာဖွေသည်။ မိဘများနှင့်အတူ မကြီးပြင်းခဲ့ရသူမို့ ရန်သူပင်ဖြစ်သော်လည်း စစ်သုံ့ပန်းများကို သူစာနာသည်။ ဖမ်းမိပါက ၎င်းတို့၏ မိဘများ၊ မိသားစုဝင်များထံ ဖုန်းဆက်၍ အသိပေးစေသည်။ အင်္ကျီအဝတ်အစား၊ ဖိနပ်ကအစ အသစ်ဆင်ပေးတတ်သည်။ ထိုသို့လုပ်ပေးရသည်ကို စိတ်ချမ်းသာသည်ဟု သူပြောခဲ့သည်။
တိုက်ပွဲအတွင်းမှ မှတ်မှတ်ရရအဖြစ်အပျက်တစ်ခုကို သူပြောပြဖူးသည်။ ၂၀၂၂ ခုနှစ်က ကနီမြို့နယ်ရှိ ရွာတစ်ရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ပြီး မီးရှို့နေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ကြသည်။ ဒေသခံများကို ဘေးလွတ်ရာသို့ ဆိုင်ကယ်များဖြင့် ပို့ပေးစဉ် စစ်တပ်မိသားစုဝင် အဘွားအိုတစ်ဦးကိုလည်း ခေါ်လာခဲ့ကြရသည်။
စစ်ကောင်စီစစ်ကြောင်းကို “ခွေးကြောင်း” ဟု ကာကွယ်ရေးရဲဘော်များက ပြောသည်ကို ခွေးဟုမသုံးနှုန်းရန် အဆိုပါအဖွားအိုက စိတ်ဆိုးမာန်ဆိုးပြောသည်။ ကိုနိုင်မင်းတို့ကလည်း တိုက်ပွဲကြားမှပင် ပြန်လည်စနောက်ကြသည်။ စစ်ကောင်စီစစ်ကြောင်းမှ လွတ်အောင် လယ်ကွင်းကိုဖြတ်ပြေးစဉ် အဖွားအိုလိုက်ပါလာသော ဆိုင်ကယ်တိမ်းမှောက်သွားသည်။ အဖွားအို သေဆုံးသွားသည်။
“ခွေးနဲ့တွေ့ရင် သေမှာစိုးလို့ ကယ်ထုတ်လာမှ ဆိုင်ကယ်မှောက်ပြီး သေသွားတယ်ဗျာ” ဟု ရဲဘော်နိုင်မင်းက ပြောသည်။
- တမလွန်အထိ တိုက်ပွဲဝင်ခဲ့သူ
အညာဒေသတွင် တိုက်ပွဲများဖော်ဆောင်နေရင်း စက်တင်ဘာလသည် သူ၏နောက်ဆုံးနေ့စွဲများ ဖြစ်လာမည်ကို ရဲဘော်နိုင်မင်း မသိရှာခဲ့။ စက်တင်ဘာလဆန်းတွင် ကနီမြို့သို့ စစ်ကောင်စီစစ်ကြောင်းများ အလုံးအရင်းဖြင့် ဝင်ရောက်လာသည်။ လေကြောင်းပစ်ကူယူ၍ ချောင်းမရွာကို ဦးတည်၍ စစ်ကြောင်းထိုးသည်။ ရွာပေါင်း ၂၀ ကျော်မှ အရပ်သားပြည်သူ ၂၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ထိုစစ်ကြောင်းကို ULF နှင့် မဟာမိတ်ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့ကြသည်။
စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းသည် တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ခဲ့သည်။ တိုက်ပွဲပျော် ရဲဘော်နိုင်မင်းသည် ထုံးစံအတိုင်း စစ်မြေပြင်တွင် ရှိနေသည်။ မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်းများသည် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် ဝရုန်းသုန်းကား ဖြစ်နေသည်။ သားကောင်နောက်ကို လိုက်သည့် ကျားများလို ကာကွယ်ရေးရဲဘော်များက တရကြမ်း စီနင်းတိုက်ခိုက်နေသည်။
“တိုက်ပွဲက ပြီးနေပြီ။ ရန်သူ့နောက်ကိုလိုက်ပြီး သုတ်သင်နေပြီ။ ခွေးဆယ်ကောင်လောက်က စစ်ရှောင်တွေရှိတဲ့ဘက် ပြေးတော့ ကိုနိုင်မင်းက လိုက်ပစ်တာ။ အဲ့ဒီအချိန် လေယာဉ်ဗုံးကျတာ” ဟု မြေပြင်တိုက်ပွဲအခြေအနေကို သိရှိသူတစ်ဦးက ပြန်ပြောသည်။
ရဲဘော်နိုင်မင်းသည် စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ဗုံးကြဲစဉ် စက်တင်ဘာလ ၁၁ ရက် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကျဆုံးခဲ့သည်ဟု ULF က ထုတ်ပြန်ခဲ့သည်။
ရဲဘော်နိုင်မင်း၏ စျာပနကိုပြုလုပ်ရာတွင်လည်း စစ်ကောင်စီရန်ကို လှည့်စားနိုင်ရေးအတွက် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခဲ့ရသည်။ ထိုစျာပနကို ဗုံးကြဲမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ခဲ့သည်။ စျာပနပြုလုပ်မည့်အချိန်၊ နေရာတို့ကို လှည့်စားခဲ့ကြရသည်။ စစ်ကောင်စီကလည်း ဗုံးလာကြဲခဲ့ပြန်သည်။ သို့သော် စျာပနနေရာကို မထိမှန်ခဲ့ပါ။ အထိအခိုက်မရှိခဲ့ပါ။ တိုက်ပွဲပျော်ကြီး ရဲဘော်နိုင်မင်းသည် တမလွန်ခရီးအထိ တိုက်ပွဲဝင်သွားခဲ့သည်။
“ခေတ်အဆက်ဆက်မှာ စစ်တပ်က ပြည်သူအပေါ်၊ တိုင်းရင်းသားတွေအပေါ် ရက်ရက်စက်စက် ယုတ်မာခဲ့တယ်။ ဒါကို ပြောင်းလဲပစ်ဖို့က တိုက်ပွဲခေါ်သံ အရေးကြီးဆုံးပဲ” ဟု ရဲဘော်နိုင်မင်းက မကျဆုံးမီ လအနည်းငယ်တွင် ပြောခဲ့သော စကားဖြစ်ပါသည်။
ဆောင်းပါး – အနောက်မြောက်လွင်ပြင်သို့
ဓါတ်ပုံ – Union Liberation Front – ULF V 02