![]()
မြန်မာပြည်သို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည့် အယုဒ္ဓယနွယ်ဖွား သုခရွာသူများ အိမ်ပြန်ခရီး
အောက်တိုဘာ ၁၈၊ ၂၀၂၅
မြန်မာနိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည့် အယုဒ္ဓယနွယ်ဖွားများ၏ အသက် ၈၀ ကျော်အရွယ် မျိုးဆက်များသည် ၎င်းတို့၏ ဘိုးဘွားဘီဘင်များ မွေးဖွားရာမြေဖြစ်သော ထိုင်းနိုင်ငံ၊ အယုဒ္ဓယသို့ နှစ်ပေါင်း ၂၆၀ ကျော် ကွဲကွာခဲ့ရပြီးနောက် ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
ဤသမိုင်းဝင် ခရီးစဉ်ကို သမိုင်းအထူးပြု လွတ်လပ်သော ပညာရှင် ဦးပန်းနပတ် ခမ်နူးအင်းနှင့် ကော်မတီတို့က “သုခရွာသူများ အိမ်ပြန်ခရီး” အစီအစဉ်အောက်မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်၌ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ၁၇၆၇ ခုနှစ်၊ အယုဒ္ဓယမြို့ မြန်မာတို့၏ ဒုတိယအကြိမ် ကျူးကျော်မှုကို ခံခဲ့ရစဉ်က ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသော အယုဒ္ဓယလူမျိုးများ၏ ၇ ဆက်မြောက် မျိုးဆက်များ ဖြစ်ကြသည်။
ဘိုးဘွားမြေပေါ် ခြေချမိချိန် မျက်ရည်များ စီးကျ
မန္တလေးမှ လေကြောင်းခရီးဖြင့် လိုက်ပါလာသူများထဲတွင် သုခရွာ ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးမာဂဏ၊ ရွာလူကြီး ဦးဇော်ဝင်း၊ အသက် ၈၃ နှစ်အရွယ် အဘွား ဒေါ်တင်ထွေးနှင့် ဒေါ်တင်ညွန့်တို့ ပါဝင်ခဲ့သည်။
၎င်းတို့၏ ပထမဆုံး အယုဒ္ဓယမြေကို နင်းမိရာနေရာမှာ အယုဒ္ဓယမြို့ရှိ မြို့စောင့်နတ်နန်း (City Pillar Shrine) ရှေ့တွင် ဖြစ်သည်။ ကားပေါ်မှ ဆင်းပြီး ဘိုးဘွားများ၏ မွေးရပ်မြေပေါ်သို့ ခြေချလိုက်သည့်အခါ အဖွဲ့ဝင်အားလုံးသည် ဝမ်းသာမှုနှင့် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များ အတားအဆီးမရှိ စီးကျခဲ့ကြသည်။ ထို့နောက် မြို့စောင့်နတ်နန်းအတွင်းရှိ အမွန်အမြတ်ထားရာများကို ရှိခိုးပူဇော်ကာ နတ်တိုင်ကို အဝတ်များဖြင့် ရစ်ပတ်ခဲ့ကြသည်။
“အိပ်မက်ထက် ပိုပါတယ်”
နတ်တိုင်ကို အဝတ်များ ရစ်ပတ်ပြီးနောက်၊ ဖမ်းဆီးခေါ်ဆောင်ခံရသူများ၏ နောက်ဆုံးမျိုးဆက်ဖြစ်သူ အဘွား ဒေါ်တင်ထွေး က မျက်ရည်များနှင့် ပြုံးရယ်ကာ ဤနေရာသို့ ရောက်ရှိရခြင်းအတွက် အလွန်ပျော်ရွှင်ပြီး စိတ်လှုပ်ရှားရသည်ဟု ပြောခဲ့သည်။
ထို့နောက် ၎င်းတို့သည် အယုဒ္ဓယ၏ သမိုင်းဝင်အဆောက်အအုံတစ်ခုဖြစ်သည့် ဝပ်ဖရာရမ် (Wat Phra Ram) ဘုရားသို့ သွားရောက်ခဲ့ကြသည်။ ဘုရားဝင်းအတွင်း ဝင်ရောက်ပြီး ယူဆောင်လာသော ပန်းများကို ကပ်လှူရန် ပြင်ဆင်စဉ်တွင် အဘွား ဒေါ်တင်ထွေးသည် နောက်တစ်ကြိမ် မျက်ရည်ကျပြန်သည်။ သူမသည် ဘိုးဘွားများ ပါးစပ်ပြောဖြင့်သာ ကြားဖူးခဲ့ရသော ရှေးဟောင်းအဆောက်အအုံအား ကိုယ်တိုင်ထိတွေ့ ခံစားလို၍ ဖိနပ်ချွတ်ပြီး လမ်းလျှောက်ခဲ့သည်။ ဘိုးဘွားများ၏ မြေသို့ ပြန်လာခွင့်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ဟု သူမက ပြောသည်။
စီစဉ်သူ သမိုင်းပညာရှင် ဦးပန်းနပတ် ခမ်နူးအင်းက ဤခရီးစဉ်မှာ အစောပိုင်းက စီစဉ်ခဲ့သော်လည်း စာရွက်စာတမ်းများ ကြန့်ကြာမှုကြောင့် ယခုမှ အကောင်အထည် ပေါ်လာခြင်းဖြစ်သည်ဟု ဆိုသည်။
“ပထမ၊ ဒုတိယ၊ တတိယ မျိုးဆက်တွေက ဒီဇာတ်လမ်းကို လက်ဆင့်ကမ်းခဲ့ကြပေမဲ့၊ ဒီမျိုးဆက်ဟာ သူတို့ရဲ့ ဘိုးဘွားတွေဆီကနေ (အယုဒ္ဓယဇာတိအကြောင်း) တိုက်ရိုက်ကြားသိခဲ့ရတဲ့ နောက်ဆုံးမျိုးဆက်လို့ ပြောလို့ရပါတယ်။ ဒီခေတ်မှာတော့ နောက်ပိုင်းမျိုးဆက်တွေရဲ့ အသိပညာက မှေးမှိန်စပြုနေပါပြီ၊ သူတို့အားလုံး ဗမာ ဖြစ်ကုန်ကြပါပြီ။ ကျွန်တော်က ဒီဇာတ်လမ်းတွေကို ကိုယ်တိုင် စိတ်ဝင်စားတဲ့အတွက် သူတို့ ဘိုးဘွားဘီဘင်တွေရဲ့မြေက ဘယ်လိုရှိလဲဆိုတာကို ကိုယ်တိုင်တွေ့ကြုံခံစားနိုင်အောင် ဒီအဘွားအဖွဲ့ကို ဖိတ်ခေါ်ခဲ့တာပါ။ ဒီစီမံကိန်းဟာ အဲဒီလိုနဲ့ ဖြစ်ပေါ်လာခဲ့တာပါ။ ဒီရွာကလူတွေဆိုရင် သူတို့ရွာကနေ ၁၀ ကီလိုမီတာတောင် မဝေးတဲ့ အနီးအနားမြို့ကိုတောင် သွားဖို့ အခွင့်အရေး ရှားပါးပါတယ်။ ဒီခရီးစဉ်ဟာ သူတို့အတွက် အိပ်မက်တစ်ခုထက်ကို ပိုပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ထိုင်းစကားလုံးအချို့ကို မှတ်မိနေဆဲ
အဘွားဒေါ်တင်ထွေးကတော့ ငယ်စဉ်က ၎င်း၏ ဘိုးဘွားများက “ငါတို့က အယုဒ္ဓယမျိုးနွယ်တွေ၊ မြန်မာပြည်မှာ မရှိတဲ့ သဲစေတီတည်တဲ့ ဓလေ့ကို သကြန်ပွဲတော်မှာ တစ်နှစ်တစ်ခါ လုပ်ရတယ်” ဟု ပြောပြခဲ့ကြောင်း ပြန်ပြောင်းပြောသည်။
ယနေ့ ရောက်ရှိရခြင်းအပေါ် အလွန်စိတ်လှုပ်ရှားပျော်ရွှင်ကာ စကားပင် မပြောနိုင်လောက်အောင် ဖြစ်ခဲ့ရသည်ဟုလည်း ဝန်ခံခဲ့သည်။ ထို့နောက် မှတ်မိနေသေးသည့် ထိုင်းစကားလုံးအချို့ဖြစ်သော ခနွန်း (မုန့်)၊ ကလွိုင်း (ငှက်ပျောသီး)၊ ဒီ (ကောင်း)၊ နမ်အွိုင် (ကြံရည်) စသည်တို့ကို ဝမ်းသာအားရ ပြောဆိုပြခဲ့သည်။ ဘာသာစကား ပြောင်းလဲသွားသော်လည်း ဤနေရာသို့ လာရောက်ရခြင်းသည် ဆွေမျိုးများနှင့် တွေ့ဆုံရသကဲ့သို့ ခံစားရကြောင်း သူမက ဆိုသည်။
အဘွားဒေါ်တင်ထွေးသည် ၇ ဆက်မြောက် စစ်မှန်သော အယုဒ္ဓယမျိုးဆက်ဖြစ်ပြီး အချို့မျိုးဆက်များတွင် အခြားမျိုးနွယ်များနှင့် အိမ်ထောင်ပြုမှုများ ရှိခဲ့နိုင်သော်လည်း ရွာ၏ ဓလေ့ကို ထိန်းသိမ်းရန်အတွက် သားသမီး၊ မြေးမြစ်များကို အပြင်လူနှင့် လက်ထပ်ခြင်း မပြုရန် အမွေအနှစ် ထိန်းသိမ်းရေး စည်းကမ်းကို လိုက်နာခဲ့သည်ဟု သိရသည်။ အဘွားကိုယ်တိုင်လည်း အိမ်ထောင်မပြုဘဲ တစ်ကိုယ်တည်း နေထိုင်ခဲ့သူဖြစ်သည်။
မျိုးရိုးအမွေ ထိန်းသိမ်းသူ
ထို့ကြောင့် နာခွန်ရာ့ချ်ဆီးမားခရိုင်မှ လာရောက်ကြိုဆိုသူ အသက် ၃၈ နှစ်အရွယ် ဦးချို့ဝီဝပ် ခုနဝမ်ထနိတ်က ၎င်းကြည့်ရှုခဲ့ဖူးသော “ယိုးဒယား” (မြန်မာတို့ အယုဒ္ဓယကို ခေါ်ဝေါ်ခဲ့သော အမည်) မှတ်တမ်းရုပ်ရှင်အတိုင်း လိုက်ပါလာသည့် စစ်မှန်သော ၇ ဆက်မြောက် အယုဒ္ဓယနွယ်ဖွား အဘွားဒေါ်တင်ထွေးကို ကိုယ်တိုင်လာရောက် ကြိုဆိုချင်ကြောင်း ပြောခဲ့သည်။
“ဒီနေ့ဟာ ဦးပန်းနပတ် ခမ်နူးအင်းက ဒီလှုပ်ရှားမှုကို စတင်စဉ်းစားပြီး အယုဒ္ဓယမျိုးဆက်တွေကို အိမ်ပြန်ခွင့်ပြုဖို့ အမှတ်ရပေးတဲ့အတွက် ကောင်းမွန်တဲ့ အခွင့်အရေးကြီးပါပဲ” ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။
Ref: Khaosod သတင်းဌာန ဖော်ပြချက်ကို ဆီလျော်အောင် ဘာသာပြန်ရေးသားသည်။
