နွားကွဲရင် ဆွဲမယ့်ကျားကအဆင်သင့်
******
ထွယ်
ဖေဖော်ဝါရီ ၁၊ ၂၀၂၄။
လက်ရှိမြန်မာနိုင်ငံ၏အခင်းအကျင်းကိုကြည့်လျှင် သမိုင်းဝင်လမ်းဆုံလမ်းခွတစ်နေရာမှာ ရပ်လျက်ရှိသည်ဟု ဆိုရ ပေလိမ့်မည်။ လွန်ခဲ့သော ၃ နှစ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သောစစ်တပ်က ရွေးကောက်ခံ အစိုးရထံက မတရားအာဏာသိမ်းယူပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးစဉ်အိပ်မက်များကို ဖြိုဖျက်ပစ်ခဲ့သည်။ မြန်မာစစ်တပ်အာဏာသိမ်းမှုက မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ တောင်းဆို နေခဲ့သော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ဖို့ အရှိန်မြင့်တင်ရန်လိုအပ်ပြီဖြစ်ကြောင်းလည်း အချက်ပေး လိုက်သည့် ခေါင်းလောင်းသံတစ်ခုဖြစ်သည်။
စစ်တပ်အာဏာသိမ်းခြင်းကိုမလိုလားသဖြင့် ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့သည့် ပြည်သူများသည် စစ်တပ်၏ ရက် စက်ကြမ်းကြုတ်သောဖိနှိပ်မှုများအပြင် ပြင်းထန်သောစစ်ရာဇ၀တ်မှုကျူးလွန်ခြင်းများကိုပါ ခံခဲ့ရသည်။ ထို့ ကြောင့် စစ်တပ်ကို နိုင်ငံရေးအရသာမက လက်နက်ကိုင်ဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုအစုအဖွဲ့များ အသီးသီးပေါ်ပေါက်လာခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကိုတော်လှန်နေကြသော အဖွဲ့အစည်းများစွာအနက်တွင်မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAOs) အများစုသည် အမျိုးသားတန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို ရယူဖော်ဆောင်လိုသောရည်ရွယ်ချက်ဖြင့် လူမျိုးစုအခြေပြု လက်နက်ကိုင်တပ်ဖွဲ့များအဖြစ် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်ကတည်းက တည်ရှိခဲ့ပြီးသားဖြစ်လေသည်။
သို့သော် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာတော့ ဒေသအသီးသီး၌ လက်နက်ကိုင်ကာကွယ်ရေး တပ်အစုအဖွဲ့အများအပြား ထပ်မံပေါ်ပေါက်လာခဲ့သဖြင့် မြန်မာပြည်သူများ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်နိုင်ရန်အတွက် အဆိုပါတော်လှန်ရေးအင်အားစုများသည်လည်း နိုင်ငံ၏မျှော်လင့်ချက်မီးရှူးတိုင်များ ဖြစ်လာကြသည်။
လက်နက်ကိုင်တော်လှန်ရေးအင်အားစုတချို့အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ အတူတကွ တိုက်ပွဲဖော်ဆောင် မှု များရှိနေသလို ညှိနှိုင်းလျက်ရှိသည့် မပြီးပြတ်သေးသောကိစ္စများနှင့် ပဋိပက္ခအချို့လည်း ရှိနေကြသည်။ ယခု ဆောင်းပါးမှာတော့ အညာဒေသနှင့် ချင်းဒေသရှိ အခြေအနေအချို့ကိုအဓိကဦးစားပေးဖော်ပြသွားပါမည်။
အညာဒေသတော်လှန်ရေး
********************
တိုင်းရင်းသားဒေသများကဲ့သို့ အညာဒေသသည် ယခင်က လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ မရှိခဲ့သည့် ဒေသတစ်ခုဖြစ်သည့်အတွက် စစ်တပ်အနေဖြင့် စိုးရိမ်စရာမလိုသည့်ဒေသတစ်ခုဖြစ်ခဲ့သော်လည်း နွေဦးတော် လှန်ရေးကာလတွင်မူ စစ်တပ်ကို အနားမပေးစတမ်း ခုခံတော်လှန်နေသည့် ဒေသတစ်ခု ဖြစ်လာခဲ့သည်။
ထို့ကြောင့် စစ်တပ်ဘက်ကလည်း သာလွန်အင်အားများသုံးပြီး အညာဒေသတွင်း စစ်ကြောင်းထိုးတိုက်ခိုက်နေရုံမျှမက လက်နက်ကိုင်တော်လှန်ရေး ခေါင်း ဆောင်အချို့ကို ဖမ်းဆီးရမိသည့်အခါမျိုးတွင်လည်း စစ်သုံ့ပန်းအခွင့်အရေးပင် မပေးဘဲ ရက်ရက်စက်စက်သုတ်သင်ခြင်းများပြုလုပ်ခြင်းဖြင့် တော်လှန်ရေးအင်အားစုများကို အကြောက်တရားသွတ်သွင်းဖို့ကြိုးစားလာခဲ့သည်။
ထို့ပြင် စစ်ကောင်စီတပ်များက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများ၊ စာသင် ကျောင်းများပါမချန် လေကြောင်းကဗုံးကြဲတိုက်ခိုက်ပြီး ဒေသခံပြည်သူများကို အကြောက်တရားဖြင့်ဖိနှိပ်၍ တော်လှန်ရေးတပ်ဖွဲ့များကို အားပေးကူညီနေမှုများ၊ ထောက်ပို့နေမှုများကို ဖြတ်တောက်နိုင်ရန် ကြိုးစားခဲ့သည်။
တော်လှန်ရေးအင်အားစုများ နလန်မထူနိုင်အောင် စစ်ကောင်စီက ရက်ရက်စက်စက် ဖိနှိပ်မှုများပြုလုပ်ခဲ့သော်လည်း ဒေသခံလူထုနှင့် အညာတော်လှန်ရေးအဖွဲ့များသည် မိမိတို့အပေါ် ရက်စက်စွာဖိနှိပ်နေခဲ့သော စစ်ကောင်စီ တပ်များကိုနာကျည်းစိတ်ကြောင့် ပြာပုံအတွင်းမှအကြိမ်ကြိမ်ရုန်းထကာ စစ်တပ်ကိုခုခံတော်လှန်နေခဲ့ကြသည်။
တော်လှန်ရေးအဖွဲ့များ၏ ရွပ်ရွပ်ချွံချွံတွန်းလှန်နေမှုများကြောင့် ၃ နှစ်တာကာလအတွင်း အညာဒေသသည် အပြည့်အဝလွတ်မြောက်နယ်မြေများဟုမဆိုနိုင်သော်လည်း စိုးမိုးနယ်မြေများစွာ၊ လှုပ်ရှားနယ်မြေများစွာရရှိခဲ့ကြ ပြီး သက်ဆိုင်ရာဒေသအလိုက် အုပ်ချုပ်ရေး၊ ကာကွယ်ရေးလုပ်ငန်းစဉ်များကို ဦးဆောင်လည်ပတ်နိုင်ခဲ့သည်။
သို့သော် အလျင်အမြန်ကြီးထွားလာခဲ့သော လက်နက်ကိုင်အင်အားစုများ၏အရှိန်ကို ထိန်းရခက်ခဲခြင်း၊ စနစ်တကျ တဆင့်ချင်းလုပ်ဆောင်ရခက်ခဲခြင်း စသည့်အခြေအနေများလည်း အညာဒေသတွင်း ကြုံတွေ့နေရသည်။ ဒေသခံ တော်လှန်ရေးအဖွဲ့များ အရေအတွက်များပြားလွန်းသဖြင့် တပေါင်းတစည်းတည်းစုစည်းနိုင်ရန်နှင့် ကျစ်လစ် တောင့်တင်းသော အင်အားစုတစ်ရပ်အဖြစ်ဖွဲ့စည်းပြီး ထိထိရောက်ရောက်စွမ်းဆောင်နိုင်ရန် ခက်ခဲနေတုန်းပင် ဖြစ်သည်။
ပြည်သူလူထု၏ ထောက်ခံအားပေးမှု၊ ပံ့ပိုးကူညီပေးမှုရရှိနိုင်ရန် အဖွဲ့အစည်းများကြား အားပြိုင်မှုများရှိနေပြီး ပြည်သူအချို့မှာ ထိုအားပြိုင်မှုများကြား ပိုမိုခက်ခဲသည့်အခြေအနေများနှင့် ရင်ဆိုင်နေရသည်။
NUG က ခန့်အပ်ထားသော ပြည်သူ့အုပ်ချုပ်ရေး – ပအဖ နှင့် ပြည်သူ့ကာကွယ်ရေး – ပကဖ အချို့၏ လုပ်ရပ်များ ကို မကျေနပ်၊ အားမရသော ပြည်သူအချို့ရှိနေသလို တစ်ဦးနှင့်တစ်ဦး ရန်စောင်နေကြသည့် လက်နက်ကိုင် တော် လှန်ရေးအဖွဲ့များလည်းရှိနေသေးသဖြင့် အချင်းချင်း အပြန်အလှန်တိုင်ကြားမှုများ၊ ဆန္ဒဖော်ထုတ်ပြသမှုများ ရှိနေပါသေးသည်။
အဆိုပါသေးငယ်သောကိစ္စများကအစပြုပြီး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကြား လက်နက်ကိုင် ပဋိ ပက္ခအဆင့်ထိ ဖြစ်မသွားစေလိုကြောင်း၊ ပြဿနာများ၊ မကျေလည်မှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးဖြေရှင်းပေးဖို့ လိုအပ်ပါသည်။ ထိုသို့ ဖြေရှင်းပေးနိုင်မှသာ တော်လှန်ရေးတပ်ဖွဲ့များကြား စည်းလုံးညီ ညွတ်မှု ပိုမိုတည်ဆောက်နိုင်မည်ဖြစ်ကာ စစ်ကောင်စီကို ယခုထက်ပို၍ ထိထိရောက်ရောက် တွန်းလှန်နိုင်မည် ဖြစ်သလို ဒေသခံပြည်သူလူထုဘဝ ပိုမိုလုံခြုံအောင် ယခုထက်ပိုကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း စောင့်ကြည့် လေ့လာသူအချို့က ထောက်ပြအကြံပေးနေကြသည်။
ချင်းဒေသတော်လှန်ရေး
*********************
စစ်တပ်အာဏာသိမ်းပြီးနောက် တူမီးကိုင်ပြီး အစောဆုံးဆန့်ကျင်တော်လှန်ခဲ့သည့် ချင်းလက်နက်ကိုင်အင်အားစု များသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နွေဦးတော်လှန်ရေးစချိန်မှ ယနေ့အချိန်ထိ အရှိန်ပြင်းပြင်းဖြင့် တော်လှန်နေနိုင်ခဲ့သည်။
မြန်မာနိုင်ငံ၏ ပြည်နယ်လူဦးရေအနည်းဆုံးတွင် ဒုတိယအဆင့်ရှိသည့် ချင်းပြည်နယ်သည် စစ်ကောင်စီတပ်၏ မြေပြင်တွင်စစ်ရေးလှုပ်ရှားနေသည့်အင်အားစုများကို တိုက်ထုတ်နိုင်သည်သာမက စစ်ကောင်စီ၏ တင့်ကားများ ကိုပင် ဖျက်စီးနိုင်ခဲ့သည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။
အာဏာသိမ်းပြီး ၂ နှစ်ခန့်အကြာကတည်းကပင် စစ်ကောင်စီတပ်ဖွဲ့များသည် ချင်းတောင်တန်းဒေသကို မြေပြင် စစ်ရေးလှုပ်ရှားမှုနှင့် စစ်အင်အားဖြည့်တင်းမှုတို့ ပြုလုပ်နိုင်ခြင်းမရှိတော့ဘဲ ဝေဟင်အင်အားကိုသာ အများဆုံးသုံး ၍ တိုက်ခိုက်နေခဲ့ရသည်။
ချင်းတော်လှန်ရေးအင်အားစုများ၏ ခုခံတော်လှန်ရေး ၃ နှစ်တာကာလရောက်ရှိလာချိန်တွင် အနာဂတ်ချင်းပြည် တည်ထောင်ရေးအတွက် အရွေ့တစ်ခုကို ဖော်ဆောင်ခဲ့ကြပါသည်။
ထိုသို့ဖော်ဆောင်ကြရာတွင် ချင်းအမျိုးသားတပ်ဦး – CNF ဦးဆောင်သည့် ချင်းတော်လှန်ရေးအင်အားစုများနှင့် ဖွဲ့စည်းထားသည့် ချင်းလဲန်းကောင်စီ – CC နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ- ICNCC လက် အောက်ရှိ ချင်းညီနောင် အဖွဲ့ဟူ၍ ထွက်ပေါခဲ့သည်။
ဖေဖော်ဝါရီလ ၃ ရက် မတိုင်မီ ချင်းပြည်အစိုးရအဖွဲ့၊ ချင်းပြည်လွှတ်တော်နှင့် တရားရေးယန္တရားများကို ဖွဲ့စည်း မည်ဟု ချင်းလဲန်းကောင်စီ – CC က ထုတ်ပြန်ပြီးနောက် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ -ICNCC ကလည်း ချင်းပြည်အစိုးရ ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်သည်ဟု ဇန်နဝါရီလ ၂၇ ရက်က ထုတ်ပြန်ခဲ့ သည်။ ထို့အတွက် ချင်းဒေသတစ်ခုတည်းမှာ အစိုးရအဖွဲ့အစည်း ၂ ရပ် စင်ပြိုင်တည်ရှိလာတော့မည့် အနေအထား ဖြစ်လာသည်။
ချင်းဒေသတွင် အဆိုပါအစုအဖွဲ့များ၌မပါဝင်သေးသည့် အခြားအစုအဖွဲ့များလည်း ကျန်ရှိနေသေးပြီး ချင်းလဲန်း ကောင်စီ – CC နှင့် ချင်းညီနောင်အဖွဲ့တို့သည် ကျန်အဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ အားပြိုင်နေသည့်အခြေအနေမှာရှိနေသည်။
ICNCC နှင့် Chinland Council အပါအဝင် မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေကာမူ ချင်းလူမျိုးများ ပြန်လည်စည်း လုံးညီညွတ်မူမရှိမခြင်း ချင်းအစိုးရဖွဲ့စည်းခြင်းကို အလျင်စလိုမဆောင်ရွက်ကြရန်နှင့် ချင်းလူမျိုးများ စည်းလုံး ညီညွတ်မူမရှိဘဲ ချင်းအစိုးရကိုဖွဲ့စည်းလျှင် အသိအမှတ်ပြုမည်မဟုတ်ကြောင်း ချင်းလူမျိုး၊ မတူမျိုးနွယ်စုဘက် ကလည်း ထုတ်ပြန်ချက်ထုတ်ပြန်ထားသည်။
ထိုသို့သော အခြေအနေများကြောင့် ချင်းအမျိုးသားအချင်းချင်းကြားသွေးမကွဲစေရေး “တွေ့ဆုံညှိနှိုင်း” အဖြေရှာ ကြရန် ပြည်တွင်း ပြည်ပ အဖွဲ့အစည်း ၃၉ ဖွဲ့နှင့် လူပုဂ္ဂိုလ် ၅၅၀ ခန့် လက်မှတ်ထိုးထားသည့် Chin Civic Movement လှုပ်ရှားမှုကတဆင့် ချင်းလူထုနှင့် ချင်းအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုလျက်ရှိသည်။
နည်းပညာ၏ဆုလာဘ်နှင့် ကျိန်စာ
***********
၂၀၂၁ ခုနှစ်က စခဲ့သည့် နွေဦးတော်လှန်ရေးသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အခြားသော စစ်အာဏာရှင် တော်လှန်ရေးဖြစ်စဉ်များထက် သိသာထင်ရှားသည့်အားသာချက်တစ်ခု ရှိနေပါသည်။ ၎င်းမှာ ဆက်သွယ်ရေး နည်းပညာများကို အဆင့်မြင့်စွာ၊ ကျယ်ပြန့်စွာ အသုံးချလာနိုင်ခြင်းဖြစ်သည်။
ထိုကဲ့သို့သောနည်းပညာကို အသုံးချနိုင်ခြင်းကြောင့် လူထုကို သတင်းဖြန့်ချိခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ထောက်ပံ့ကူညီခြင်းကွန်ရက်များကို ပြည်တွင်း – ပြည်ပကျယ်ပြန့်စွာချိတ်ဆက်ပြီး ပေးနိုင်၊ ရယူနိုင်ခြင်းတို့အပြင် တော်လှန်ရေးအစုအဖွဲ့များကြား ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း၊ နည်းပညာဖလှယ်နိုင်ခြင်း စသည့် တော်လှန်ရေး အရှိန်ကို ပိုမိုမြန်ဆန်စေမည့် ကောင်းကျိုးများစွာ ဖြစ်ထွန်းခဲ့ပါသည်။
သို့သော် တစ်ဖက်မှာလည်း ဆိုးကျိုးတချို့ ယှဉ်တွဲပါလာပြန်ပါသည်။
စစ်တပ်ဘက်ကလည်း အယောင်ဆောင်ဝါဒဖြန့်ချိမှုများကို အင်အားကောင်းကောင်းလုပ်လာနိုင်ခြင်း၊ တော်လှန် ရေးအစုအဖွဲ့များကြားရှိပဋိပက္ခများကို ပိုမိုကြီးထွားလာအောင် အကောင့်တုပေါင်းများစွာဖြင့် နှစ်ဖက်အင်အားစုများကဲ့သို့ ဟန်ဆောင် – အပြန်အလှန်ပုတ်ခတ်သည့် နည်းလမ်းများနှင့် မီးစာထိုးနေနိုင်ခြင်းတို့ ရှိနေပြီး ပြည်သူ များ၊ တော်လှန်ရေးအဖွဲ့များ အနေဖြင့် ထိုလုပ်ရပ်များကို သတိကြီးကြီးဖြင့်ဆင်ခြင်သုံးသပ်ပြီး စစ်တပ်၏ သွေးခွဲ သပ်သျှိုခြင်းကိုမခံရရန် သဘောထားကြီးကြီးဖြင့် ကျော်လွန်နိုင်ရန် အလွန်အရေးကြီးပါသည်။
သဘောထား အမြင်မတူမှုများရှိနေသည့်တိုင် ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်ကိုဖြိုချနိုင်ရေး ရည်မှန်းချက်ကို မမေ့မလျော့ဘဲ တူတာတွဲ၊ မတူတာခွဲလုပ် ဆိုသည့်ဆောင်ပုဒ်အတိုင်း ဆောင်ရွက်ဖို့လိုအပ်သလို ပူးပေါင်းဆောင် ရွက်နိုင်ရန် အထူးသတိပြု ကြိုးစားနေကြရမည်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က ဆိုသည်။
တည်ဆောက်ရဦးမည့် စည်းလုံးညီညွတ်ရေး
************
လွန်ခဲ့သော ၃ နှစ်ကစ၍ ယခုအချိန်ထိဖြစ်ပေါ်နေသော နွေဦးတော်လှန်ရေးသည် အစုအဖွဲ့တစ်ခု၏ နိုင်ငံရေး အာဏာအတွက် ဦးတည်ရည်မှန်းထားသော တိုက်ပွဲတစ်ခုမျှသာ မဟုတ်ပေ။ ဒေသအသီးသီးရှိ လူမျိုးစုတိုင်း၊ နိုင်ငံသူ၊ နိုင်ငံသားတိုင်း တန်းတူညီမျှအခွင့်အရေး ရရှိနိုင်ရေးအတွက် စုပေါင်းတော်လှန်တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။
တော်လှန်ရေးအင်အားစုများအနေဖြင့် မိမိတို့ကြားမှာရှိသော ပဋိပက္ခများကို မဖြေရှင်းနိုင်၊ သည်းမခံနိုင်ကြလျှင် စည်းလုံးညီညွတ်မှုမတည်ဆောက်နိုင်ကြလျှင်ဖြင့် ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံ့ဘဏ္ဏာဖြင့် တည်ဆောက်အားမွေးထားနိုင်ခဲ့သည့် စစ်တပ်ကို ဖြိုချအနိုင်ယူနိုင်ရန် အလွန်ခက်ခဲသွားပေလိမ့်မည်။
စစ်တပ်ပြုတ်ကျသွားခဲ့လျှင်ပင် နယ်မြေအသီးသီးကွဲကျန်ခဲ့ပြီး ပဋိပက္ခများကို လက်နက်ဖြင့်သာဖြေရှင်းရန် ကြိုးစားနေကြဦးမည်ဆိုလျှင်လည်း ငြိမ်းချမ်းမှုတည်ဆောက်နိုင်မှာမဟုတ်သဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ကောင်းမွန်စွာဆောင်ရွက်နိုင်မည် မဟုတ်ပေ။
တော်လှန်ရေးအင်အားစုများပြားနေခြင်းကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင်လည်း တွေဝေမှုများရှိနေပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအပေါ် စိတ်ချယုံကြည်စွာဖြင့် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ စသည်တို့ကို ကူညီရန်၊ လက်တွဲဆောင်ရွက်နိုင်ရန် အခက်အခဲများရှိနေပါသည်။
တော်လှန်ရေးအစုအဖွဲ့ မည်မျှပင်များပြားစေကာမူ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ် ကျင့်သုံးသော နိုင်ငံတော်တစ်ရပ်ဖြစ်ပေါ်လာစေရန်ကတော့ မိမိတို့ရည်မှန်းချက်များအပေါ် မူတည်ပါသည်။ နွေဦးတော်လှန်ရေးအတွင်း မြန်မာပြည်သူများ များစွာနစ်နာခဲ့ကြရပါသည်။ ထို့ကြောင့် လက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းများသည် ပြည်သူကိုမျက်နှာမူပြီး မိမိတို့အချင်းချင်းကြားယုံကြည်မှုတည်ဆောက်မည်လား ဆို သည်က လက်ရှိအချိန်တွင် အရေးအပါဆုံးသောမေးခွန်းတစ်ခုဖြစ်လာပါသည်။
အကယ်၍ မြန်မာနိုင်ငံမှာရှိနေကြသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများက ပြည်သူဘက်မျက်နှာမမူ ဘဲ နွားကွဲသလိုကွဲနေဦးမည်ဆိုလျှင်တော့ ဆွဲရန်ကျားများကလည်း အဆင်သင့် ဘေးထိုင်စောင့်လျက်သာရှိနေပါ တော့သည်။