အာဏာသိမ်း ၃နှစ်အတွင်း ကရင်နီပြည်သူ ၆၀၀ ကျော်သေဆုံး
*******************************
သံလွင်ခက်
ဖေဖော်ဝါရီ ၁ ၊ ၂၀၂၄ ။
စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၃ နှစ်တာကာလအတွင်း ကရင်နီပြည်သူ ၆၀၆ ဦးသေဆုံးခဲ့သည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ယနေ့တွင်သတင်းထုတ်ပြန်သည် ။
ကရင်နီပြည်အတွင်း စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရခြင်းနှင့် ပတ်သက်ပြီး PKPF ၏ ထုတ်ပြန်ချက်တွင် အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ ၄၅၇ ဦး နှင့် စစ်ရှောင်သေဆုံးသူ ၁၄၉ ဦးတို့ရှိခဲ့သည်ဟု ဖော်ပြထားသည် ။
အာဏာသိမ်းကာလအတွင်း ကရင်နီအရပ်သားပြည်သူများ သေဆုံးမှုသည် ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးသတ်ဖြတ်မှု၊ ပစ်သတ်မှု ၊ လေကြောင်းမှ ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မိုင်းထောင်မှုတို့ကြောင့် သေဆုံးမှုများခဲ့ပြီး အဟာရပြတ်လပ်မှုနှင့် ဆေးဝါးကုသမှုမလုံလောက်ခြင်းတို့ကြောင့်လည်း အသက်ဆုံးရှုံးမှုများရှိခဲ့သည် ။
အာဏာသိမ်းကာလ အစပိုင်း ၂၀၂၁ ခုနှစ်၊ မေလကတည်းက ပြင်းထန်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲများဖြစ်နေသည့် ကရင်နီပြည်တွင် စစ်ရှောင် ၃သိန်းကျော်ထိ ရှိနေပြီး ရိက္ခာ၊ ဆေးဝါး ပြတ်လပ်မှုများနှင့် မကြာခဏကြုံနေရသည်ဟု စစ်ဘေးရှောင်ကူညီပေးနေသူများထံက သိရသည် ။
ကရင်နီပြည်တွင် အာဏာသိမ်း ၃ နှစ်အတွင်း တိုက်ပွဲပေါင်း ၉၆၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀၀ နီးပါးသေဆုံးခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း၌ ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့မှ တပ်ဖွဲ့ဝင် ၄၇၇ ဦးကျဆုံးခဲ့သည်ဟု PKPF က ထုတ်ပြန်ထားသည်။
အာဏာသိမ်း၃နှစ်အတွင်း စစ်ကောင်စီက စစ်ရေးပစ်မှတ်များသာမက အရပ်သားပစ်မှတ်များကိုပါ လက်နက်ကြီး အမြောက်အများ ပစ်ခတ်သည့်အပြင် လေကြောင်းမှတိုက်မှု ၁၂၀၃ ကြိမ် ပြုလုပ်ခဲ့သည်။
ကရင်နီပြည်တွင် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှတိုက်ခိုက်မှုများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၂၃၇၅ လုံး ၊ ဆေးရုံဆေးခန်း ၁၄ လုံး ၊ ဘာသာရေးအဆောက်အဦး ၄၈ လုံး၊ စာသင်ကျောင်း ၂၂ လုံးတို့ ပျက်စီးခဲ့သည်ဟု PKPF က ထုတ်ပြန်ထားသည်။
ပုံစာ- ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာ ၂၄ ရက် ခရစ္စမတ်အကြိုနေ့တွင် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာ၌ ပြည်သူ ၄၀ ဝန်းကျင်းကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့မှု ။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3214
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7451