ရှမ်းအရှေ့က တရုတ် – မြန်မာ အဓိကကုန်သွယ်ရေးနယ်စပ်လမ်းကြောင်းဖြစ်လာမလား. . . . .?
*************************
ဘုန်းမောင်
ဇန်နဝါရီ ၂၅ ၊ ၂၀၂၄။
ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ကြား တရုတ်၏ကြားဝင်စေ့စပ်ပေးမှုကြောင့် “ဟိုက်ဂင်သဘောတူညီချက်”အရ ယာယီအပစ်အခတ်ရပ်စဲဖို့သဘောတူထားသော်လည်း နယ်စပ်ကုန်သွယ်ရေး များ ပုံမှန်ဖြစ်လာဖို့ မလွယ်ကူနိုင်သေးပေ။
“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက်ပိုင်း မြန်မာ- တရုတ်နယ်စပ်ကုန်သွယ် ရေးတွင် အဓိကအကျဆုံးဖြစ်သော ကုန်သွယ်ရေးလမ်းကြောင်းများဖြတ်တောက်ခံထားရသည့်နည်းတူ မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းပေါ်ရှိ အချက်အချာအကျဆုံးသော သိန္နီမြို့ကိုလည်း မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ခဲ့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးတွင်အရေးပါသည့် ချင်းရွှေဟော်နှင့် ကျူကုတ် (ပန်ဆိုင်း) စသည့် မြို့များကိုလည်း တိုင်းရင်းသားညီနောင်မဟာမိတ်တပ်ဖွဲ့များကသိမ်းပိုက်နိုင်ခဲ့သည်။
လောက်ကိုင်မြို့ကို ညီနောင်မဟာမိတ်တပ်များကသိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ကိုးကန့်ဒေသတွင်း စစ်ကောင်စီ ကထုတ်ပြန်ထားသည့်အမိန့်မှန်သမျှကို MNDAA က ပယ်ဖျက်လိုက်ပြီး အထူးကိုယ်ပိုင်အုပ်ချုပ်ရေးတစ်ရပ်ထူ ထောင်လိုက်သည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်၏ ပြန်ကြားရေးတာဝန်ခံ လီကျားဝင်း ကလည်း ရှမ်းပြည် နယ်မြောက်ပိုင်းတွင် ကုန်သွယ်ရေးလုပ်ငန်းများပြန်ပြီးလည်ပတ်နိုင်ရန်ဆိုသည်က မဖြစ်နိုင်သေးဟု ပြီးခဲ့သော ဒီဇင်ဘာ ၁၄ ရက်က ပြည်တွင်းမီဒီယာများကို ပြောဆိုထားသည်။
မြန်မာနှင့် တရုတ်နိုင်ငံသည် မိုင်ပေါင်း ၁၃၀၀ ကျော်နယ်နိမိတ်ချင်းထိစပ်နေပါသည်။ မြန်မာ – တရုတ်နယ်စပ် တွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ကျိုင်းတုံမြို့များသည် တရားဝင်နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းများဖြစ်ပြီး အဆိုပါလမ်းကြောင်းများ၏ ကုန်သွယ်မှုတန်ဖိုးသည် စုစုပေါင်းနယ်စပ်ကုန်သွယ်မှု၏ ၃၀ ရာ ခိုင်နှုန်းရှိသည်။
မြန်မာ – တရုတ်နယ်စပ်တွင် ကုန်သွယ်မှုအများဆုံးပြုလုပ်သောလမ်းကြောင်းက ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည်။ မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်မှု များအတွက် ငွေပေးချေမှုကို တရုတ်ယွမ်၊ အမေရိကန်ဒေါ်လာများဖြင့် ဆောင် ရွက်လျက်ရှိနေပြီး ပဲ၊ ပြောင်း၊ နှမ်း နှင့် အခြားလယ်ယာထွက်ကုန်ပစ္စည်းများအပြင် ကဏန်း၊ ငါးရှဥ့် စသည့် ရေထွက်ပစ္စည်းများကိုလည်း ကုန်သွယ်မှု ပြုလုပ်နေသည်။
စစ်ကောင်စီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Website တွင်ဖော်ပြထားသောအချက်အလက် များအရ ယခု ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေး နှစ်အတွင်း မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးကနေ ၁ ရက်လျှင် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇ သန်းရှိပြီး ၁ လအတွက်ပျမ်းမျှ အပြန်အလှန်ကုန်သွယ်မှု တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၁၁ ဒဿမ ၉ သန်းရှိသည်ဟု သိရသည်။
“၁၀၂၇ စစ်ဆင်ရေး”မစတင်ခင် အောက်တိုဘာ ၂၄ ရက်အထိ မူဆယ် ၁၀၅ မိုင်နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံကို အများဆုံးတင်ပို့ခဲ့သော ကုန်စည်ပစ္စည်းများမှာ ဝါဂွမ်း၊ ငါးရှဥ့်၊ ချဥ်ပေါင်ဖာလာ၊ ကဏန်း၊ ဆန်၊ နနွင်းတက်၊ ဆန်ကွဲ၊ ရှောက် ကောသီး၊ ရေခဲပုစွန်နှင့် ဆီးသီးခြောက်တို့ဖြစ်ကြသည်။
မြန်မာနိုင်ငံကို အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများကတော့ ဒီဇယ်မီးစက်၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ယာဥ် နှင့် ယာဥ်ယန္တရား များ၊ စပျစ်သီး၊ ဆိုလာပြား၊ မီးခံအုတ်၊ ဖိနပ်မျိုးစုံ၊ လိမ္မော်သီးနှင့် ဘတ္ထရီ တို့ဖြစ်ကြသည်။
ချင်းရွှေဟော် သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် ဒုတိယအကြီးဆုံးလမ်းကြောင်းတစ်ခုဖြစ်ပြီး ၁ ရက်လျှင် နယ်စပ်ကုန်သွယ်ရေးတန်ဖိုးက အမေရိကန်ဒေါ်လာ ၃ ဒဿမ ၃၄ သန်းရှိပြီး ၁ လလျှင် အမေရိကန် ဒေါ်လာ ၁၀၀ ဒဿမ ၄၂ သန်းရှိသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံဘက်သို့ အများဆုံးတင်သွင်းသော ကုန်ပစ္စည်းများမှာ ပြောင်း၊ ဆန်၊ ရာဘာ၊ နှမ်းနက်၊ ဝ,ဥခြောက်၊ ပဲတီစိမ်း၊ မြေပဲ၊ ဆန်ကွဲ စသည့်လယ်ယာထွက်ကုန်များဖြစ်ပြီး တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို အများဆုံးတင်ပို့သည့်ကုန်ပစ္စည်းများကတော့ ချည်ထည်၊ ပလတ်စတစ်ကုန်ကြမ်း၊ စက်ပစ္စည်း၊ ဆေးဝါးနှင့် ဓာတ်မြေဩဇာတို့ဖြစ်ကြသည်။
အထက်ဖော်ပြပါ မူဆယ် ၁၀၅ မိုင် နှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဂိတ် ၂ ဂိတ်က ကုန်သွယ်မှုတန်ဖိုးမှာ ၁ ရက်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ရှိပြီး “၁၀၂၇ စစ်ဆင်ရေး” ၂ လနီးပါးကာလအတွင်း အမေရိကန်ဒေါ် လာသန်း ၅၀၀ ကျော်နစ်နာဆုံးရှုံးခဲ့ရသည်။
“၁၀၂၇ စစ်ဆင်ရေး” မစတင်ခင် အောက်တိုဘာ ၁၄ ရက်ကနေ အောက်တိုဘာ ၂၄ ရက်အထိ ချင်းရွှေဟော် နယ်စပ် ဂိတ်ကတဆင့် တရုတ်နိုင်ငံဘက်သို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၈၃၇ သန်းရှိခဲ့ပြီး တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံသို့တင်သွင်းကုန်သွယ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၂၃ ဒဿမ ၁၁၁ သန်းရှိခဲ့သည်ဟု စစ်ကောင်စီ ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းဖော်ပြချက်များအရ သိရသည်။
အဆိုပါအချက်အလက်များကဖော်ပြနေသည်မှာ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံသို့တင်သွင်းမှုက ၃ ဆကျော်ရှိနေ ပြီး တရုတ်နိုင်ငံဘက်က နေ့စဥ် အမေရိကန်ဒေါ်လာများဆုံးရှုံးနေရသည်ကိုတွေ့မြင်နိုင်ပါသည်။
စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောစာရင်းအရ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလ – နိုဝင်ဘာလ)အတွင်း ကျိုင်းတုံနယ်စပ်ဂိတ်ကနေ ကုန်သွယ်မှုတန်ဖိုးက ၁၀ ဒဿမ ၃၈၇ သန်း ရှိခဲ့ပြီး တာချီလိတ်နယ်စပ်ကုန်သွယ်မှုစခန်းကနေ ကုန်သွယ်မှုတန်ဖိုးမှာ ၁၀၄ ဒဿမ ၁၉၉ သန်းရှိခဲ့သည်။
အဆိုပါ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလ – နိုဝင်ဘာလ)အတွင်း နယ်စပ်ဂိတ်များအားလုံးကနေ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတန်ဖိုးက ၅၅၆၇ ဒဿမ ၀၉၇ သန်းရှိသည်။
ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော ရက်ပေါင်း ၇၀ ကျော်တိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် မြောက်ပိုင်းညီ နောင်မဟာမိတ်တပ်ဖွဲ့များ ကူမင်းမြို့တွင် ဆွေးနွေးပွဲများ ၃ ကြိမ်ပြုလုပ်ခဲ့ရသည်။ ၎င်းဆွေးနွေးပွဲများတွင် ထင်ရှား သိသာသော တရုတ်၏လိုအင်ဆန္ဒက မန္တလေး – မူဆယ်လမ်းမကြီးပြန်ဖွင့်နိုင်ရေးနှင့် နယ်စပ်ကုန်သွယ် ရေးအမြန်ဆုံးပြန်လည်စတင်နိုင်ရေးဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးကိစ္စကို တကယ်တမ်းဖြေရှင်းဖို့ဆိုလျှင် လားရှိုးပြဿနာကို အရင်ဆုံးဖြေရှင်းနိုင်ဖို့လို ကြောင်း၊ လားရှိုးရှိစစ်ကောင်စီတပ်များ လောက်ကိုင်နည်းတူ လားရှိုးမြို့ကထွက်ခွာပေးနိုင်မှသာ တရုတ်နှင့် ကုန် သွယ်ရေးလမ်း ကြောင်းကို ပြန်ပြီးစဥ်းစားနိုင်မည့်အခြေအနေ ရောက်ရှိလာမည်ဖြစ်ကြောင်းနှင့် လားရှိုးကိစ္စပြီး မှသာ “ဝ” ဦးဆောင်သော FPNCC (ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ) အဖွဲ့ဝင် EAOs များက စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်သွားလိမ့်မည် ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုး နိုင် က ပြောသည်။
“ရှမ်းမြောက်ဒေသရဲ့ စစ်ရေးပဋိပက္ခက အခုက မပြီးသေးဘူးပေါ့ဗျာ။ လားရှိုးကျန်နေတာပေါ့။ တကယ်လို့လားရှိုးကို လောက်ကိုင်လိုပဲ အရှုံးပေးပြီဆိုလို့ရှိရင် ဒီလမ်းကြောင်းပေါ်မှာရှိတဲ့ ကုန်သွယ်ရေးစခန်း ၄ ခုပေါ့ဗျာ။ ပွင့်လန်းသွားမယ့်အခြေအနေရှိပါတယ်။ အဲဒီလိုပွင့်လန်းသွားမယ်ဆိုရင် UWSA နဲ့ မိုင်းလားနဲ့ တရုတ်ပြည်နဲ့ ဆက်သွယ်ရေး၊ ကုန်သွယ်ရေးကိုလည်း ပြန်သွားမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဒီအဖွဲ့တွေအားလုံးဟာ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားလိမ့်မယ်လို့ ယူဆပါတယ်”
FPNCC (ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ)တွင် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်း/ရှေ့ အထူးဒေသ ၄ – ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၊ (PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုး သားပါတီ (MNTJP)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) တို့ပါဝင်သည်။
တစ်နှစ်တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံဆယ်နှင့်ချီကုန်သွယ်နေသော ကုန်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံးပြန်ဖွင့်နိုင်ရေးအတွက် ယူနန်ပြည်နယ် ကုန်သည်ကြီးများအသင်းက ယူနန်ပြည်နယ်အစိုးရကို ဖိအားပေး နေသည်ဟုလည်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများကြောင့် မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် မြောက်ပိုင်းရှိနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများကို ယခင်ကလောက် အားကိုးအားထားမပြုနိုင်တော့ပေ။
“အခုလက်ရှိအနေအထားက လားရှိုးရဲ့ဟိုဘက်က Communication တွေက အကုန်လုံးနီးပါးပြတ်သလောက် ဖြစ်နေတယ်။ ဒီဘက်တွေမှာက အခု မူဆယ်တို့ နမ့်ခမ်းတို့ဆိုရင်ပိုဆိုးတာပေါ့။ ဒီကြားထဲမှာဆိုလို့ရှိရင် အီနိုင်း ကနေတဆင့်သွားတဲ့လမ်းကြောင်းတွေကိုပါ အကုန်ဖြတ်ထားတာ”ဟု လုံခြုံရေးအရအမည်မဖော်လိုသူ အသက် ၄၀ နှစ်အရွယ် လားရှိုးမြို့ခံအမျိုးသား ၁ ဦးကပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက်ပိုင်း မြန်မာ- တရုတ်နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများရပ်ဆိုင်းသွားသဖြင့် ၅ နှစ်ကြာပိတ်ဆို့ထားခဲ့သော ကျိုင်းတုံ – မိုင်းလားကုန်သွယ်ရေးလမ်းကြောင်းက အဓိကကျသောကုန်သွယ်ရေး လမ်းကြောင်းဖြစ်လာသည်။
မိုင်းလားမြို့သည် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – NDAA အုပ်ချုပ်နေသော ရှမ်းပြည်နယ်အရှေ့ ပိုင်း၊ အထူးဒေသ ၄ ထဲကမြို့တစ်မြို့ဖြစ်သည်။ NDAA လက်အောက်တွင် မိုင်းလားဒေသ၊ ဆီလူးဒေသ၊ နမ့်ပန်း ဒေသဆိုသည့်ဒေသ ၃ ခုရှိပြီး ဗဟိုအစိုးရကလည်း NDAA ကို ဝင်ရောက်စွက်ဖက်နိုင်ခဲ့သည်မျိုးမရှိခဲ့ပါ။
NDAA သည် ၎င်းတို့ဒေသကို ၎င်းတို့၏ကိုယ်ပိုင်တပ်၊ ၎င်းတို့၏ ကိုယ်ပိုင်အုပ် ချုပ်ရေးစနစ်များဖြင့်အုပ်ချုပ်နေ သော်လည်း မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းမှာတော့ NDAA အုပ်ချုပ်သောနယ်မြေများ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ထည့်သွင်းအတည်ပြုထားခြင်းမရှိပါ။
ထိုင်း၊ မြန်မာ၊ လာအို၊ တရုတ်နိုင်ငံနယ်စပ်တလျှောက်ဖြတ်သန်းစီးဆင်းနေသောမဲခေါင်မြစ်သည် NDAA ၏ အထူးဒေသ ၄ တလျှောက် ဖြတ်သန်းစီးဆင်းနေပြီး တစ်ဖက်ကမ်းမှာတော့ လာအိုနိုင်ငံတည်ရှိပါသည်။ အထူးဒေသ ၄၊ နမ့်ပန်းဒေသအတွင်း ဆွတ်လွေဟုခေါ်ဆိုသော ဆိပ်ကမ်းတစ်ခုလည်းတည်ရှိနေပြီး ထိုင်းနှင့် တရုတ်နိုင်ငံအကြား အပြန်အလှန်တင်ပို့နေကြသည့် စားသောက် ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ တင်ဆောင်ထားသည့် သင်္ဘောများ မဲခေါင်မြစ်အတွင်းဖြတ်သန်းသွားလာနေပါသည်။
မြန်မာပိုင်နက်အတွင်း ၆၂ မိုင်ကျော်ဖြတ်သန်းစီးဆင်းနေသော မဲခေါင်မြစ်သည် မြန်မာအစိုးရ၏ဗဟိုချုပ်ကိုင်မှု အောက်ရှိမနေဘဲ NDAA အုပ်ချုပ်သည့်နယ်နိ မိတ်အတွင်းမှာသာ ရှိနေသည်။ ထိုင်းနှင့် တရုတ်နိုင်ငံကြား ကူးသန်းသွားလာနေကြသော သင်္ဘောများစွာထဲကမှ အချို့သင်္ဘောများကတော့ အထူးဒေသ ၄ အတွင်းရှိ ဆွတ်လွေဆိပ်ကမ်းတွင်ရပ်နားပြီး ကုန်ပစ္စည်းများချလေ့ရှိကြသည်ဟု သိရသည်။
မြောက်ပိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းများ အလုပ်မဖြစ်တော့သည့်အချိန်တွင် ရှမ်းအရှေ့သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကလမ်း ကြောင်းတစ်ခုဖြစ်လာပါသည်။
မြန်မာနိုင်ငံအလယ်ပိုင်းကကုန်စည်များ ရှမ်းပြည်နယ်တောင်ပိုင်းကိုဖြတ်၍ ရှမ်းအရှေ့ကတဆင့်တရုတ်သို့ တင်ပို့နေသည့် အခြေအနေများနှင့်ပတ်သက် ၍ အမည်မဖော်လိုသူ တာချီလိတ်မြို့ရှိ ကုန်သည်လုပ်ငန်းရှင် ၁ ဦးက
” ပြည်မကလာတဲ့ကုန်တွေက တောင်ကြီးကနေတဆင့် နမ့်စန်၊ ကွန်ဟိန်းတို့ကနေလာတာပါ။ ပြည်မကလာတဲ့ ကုန်တွေက တောင်ကြီးကိုရောက်မယ်။ ပြီးရင် ကျိုင်းတုံကိုရောက်မယ်။ ကျိုင်းတုံကနေ မိုင်းလားကိုသွားတာပါ။ ရှေ့ဆက်က တော့ ပိုပြီးကောင်းမယ့်အနေအထား ရှိပါတယ်။ ကုန်သွယ်မှုပေါ့နော်။ ရှမ်းအရှေ့က တည်တည်ငြိမ်ငြိမ်ဖြစ်နေတော့ ကုန်သွယ်မှုကော၊ ခရီးသွားလာရာမှာကော အကုန်အဆင်ပြေပြေရှိပါတယ်” ဟုပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက်ပိုင်း မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်များအပါအဝင် မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းများပိတ်ဆို့သွားသောကြောင့် အခြားလမ်းကြောင်းများက ပြောင်းလဲ တင်ပို့ခွင့်ပြုသည်ဟု ပြီးခဲ့သော နိုဝင်ဘာ ၈ ရက်က စစ်ကောင်စီလက်အောက် ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – NDAA ၏ မိုင်းလားအခွန်ဌာနကလည်း ၎င်းတို့ထိန်းချုပ်ထားရာ အထူးဒေသ ၄ ဘက်ကနေ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့ပါက နိုဝင်ဘာ ၁၃ ရက်ကစပြီး ကုန်စည်စည်းကြပ်ခွန်ထက်ဝက်လျှော့ချပေးမည်ဟုထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း များရပ်ဆိုင်းသွားချိန်၌ မိုင်းလား- တရုတ်လမ်းကြောင်းပေါ် တွင် ကုန်တင်ပို့မှုပိုမိုများပြားလာသည်။
ရှမ်းအရှေ့- တရုတ်နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး လုံခြုံရေးအရအမည်မဖော်လိုသူ တာချီလိတ်မြို့ရှိ ကုန်သည်လုပ်ငန်းရှင် ၁ ဦးက “ကောင်းတယ်ဗျ။ အရင်ထက်စာရင် အရမ်းကိုကောင်းပါတယ်။ ထိုင်းနဲ့လည်း ကောင်းတယ်။ တရုတ်နဲ့လည်းကောင်းပါတယ်။ ကျွန်တော်တို့ တာချီလိတ်အနေနဲ့တော့ ထိုင်းကိုအများဆုံး ပို့တာပါ။ ပြီးရင်တော့ တရုတ်ပေါ့။ လာအိုကတော့ ပို့တာမရှိသ လောက်ပါပဲ။ ထိုင်းနဲ့ တရုတ်ပဲ အဓိကပို့ရတာပေါ့” ဟု ပြောသည်။
တရုတ်နှစ်သစ်ကူးကာလနီးကပ်လာပြီဖြစ်သော ယခုလိုအချိန်များတွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံကသစ်သီးဝလံ ဝယ်လိုအားများ ပြန်လည်မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလနှောင်းပိုင်းနှင့် ဇန်နဝါရီလအစပိုင်းကာလ များတွင် ဖရဲ၊ သခွား(သခွားမွှေး) ငှက်ပျောနှင့် အခြားသစ်သီးဝလံများကို ကျိုင်းတုံ၊ လွယ်ဂျယ်နှင့် ကန်ပိုက်တီ နယ်စပ်တို့ကတဆင့် တရုတ်နိုင်ငံသို့ တန်ချိန် ၃၅,၀၀၀ ဝန်းကျင်တင်ပို့နိုင်ခဲ့ပြီး တာချီလိတ်၊ မောင်တောနယ်စပ်တို့ကတဆင့် ထိုင်းနိုင်ငံသို့ လိမ္မော်သီး၊ ထောပတ်သီး၊ ငှက်ပျောသီးများတင်ပို့ခဲ့၍ တစ်ပတ်အတွင်း သစ်သီးဝလံတင်ပို့မှု တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်အထိရှိခဲ့သည်ဟု စစ်ကောင်စီ၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မန္တလေး၊ စစ်ကိုင်း၊ လှည်းကူး၊ မိတ္ထီလာ စသည့်ဒေသများကလည်း ဖရဲသီးများထွက်ရှိနေပြီဖြစ်သောကြောင့် မိုင်းလား၊ လွယ်ဂျယ်နယ်စပ်ဂိတ်များကတင်ပို့နေသော်လည်း လမ်းကြောင်းဝေးသည့်အပြင် ကုန်ကျစရိတ်များ လည်း ၃၊ ၄ ဆခန့်မြင့်တက်သွားသည်ဟု သိရသည်။
“ဖရဲတွေဘာတွေကတော့ မိုင်းလားဘက်ကပို့တာပဲများတယ်။ လွယ်ဂျယ်ဘက်ကလည်း ပို့တယ်။ ကုန်စိမ်းတွေကျတော့ အောက်ပြည်ကနေ အဲ့အထိကို အပြီး အစီးကို သိန်း ၁၃၀ လောက်သွားတယ်။ ကားခရော ဘာရော ကာစတန်ကြေးတွေကော အခွန်ခတွေကော။ အသွားအပြန် မဟုတ်ဘူး။ ဒီကတင်ပေးတဲ့ တစ်ကြောင်းပေါ့။ ပြီးတော့မှ ကားသမားက ခါလီပြန်ဆင်းလာရင် ပြန်ဆင်းလာတာပေါ့။ အရင်ကဆိုရင် ကားခက အများဆုံးမှ ၃၀၊ ၄၀ ပေါ့။ အများဆုံးမှ အဲ့လောက်ပဲပေါက်တာ။ အခုက ဂျူတီကြေးတွေကော ဘာတွေကောဆိုတော့ ၁၀၀ ကျော်လောက်ဟသွားတာပေါ့”ဟု ပဲခူးအရှေ့ခြမ်းက အသက် ၄၀ အရွယ် ဖရဲသီးကုန်သည် ၁ ဦးကပြောသည်။
မြန်မာနိုင်ငံအလယ်ပိုင်းကကုန်စည်များ ရှမ်းပြည်နယ်တောင်ပိုင်းကိုဖြတ်၍ ရှမ်းအရှေ့ကတဆင့် တရုတ်သို့တင်ပို့ရာတွင် ယခင်ကထက် ငွေကုန်ကြေးကျများလာသလို အချိန်ကုန်ဆုံးမှုလည်း ပို၍များလာပါသည်။
သို့သော် အရင်းအနှီးကြီးကြီးမားမားအကုန်အကျခံပြီး စိုက်ပျိုးထားရသော ရာသီပေါ်သီးနှံများ ငွေပြန်ပေါ်ရန် ကလည်း စိုက်ပျိုးရေးလုပ်ငန်းရှင်များအတွက် အရေးကြီးသလို ကုန်သည်များအတွက်လည်း အရေးကြီးပါသည်။ လက်ရှိမှာတော့ မူဆယ် ၁၀၅ မိုင်ဂိတ် ပြန်လည်လမ်းပွင့်နိုင်ဖို့ မမျှော်လင့်နိုင်သေးကြောင်း အဆိုပါ ဖရဲသီးကုန်သည်ကပြောသည်။
“လောလောဆယ်တော့ မူဆယ် ၁၀၅ မိုင်က ဖွင့်ဖြစ်မှာတော့မဟုတ်သေးဘူးဗျ။ အရင်ကတော့ မူဆယ် ၁၀၅ မိုင်ကနေပစ္စည်းတွေရောင်းတော့ တက်တာတော့များတာပေါ့။ အခုကတော့ မူဆယ်ကတော့ ဖွင့်ဖြစ်ဖို့က မကျိန်း သေသေးဘူးပေါ့။ ဘယ်လိုအခက်အခဲဖြစ်လဲဆိုတော့ ကိုယ်စိုက်တဲ့ဟာ ကိုယ်မစားရဖြစ်သွားတာပေါ့။ တချို့ဆို ရင် ဒီကုန်စိမ်းတွေက အလကားနီးနီးကို ပို့သလိုဖြစ်နေတယ်။ တစ်ခါတစ်ခါကျရင် ကားခတောင်မကျန်ဘူး။ ကိုယ်က စိုက်ရတာတွေရှိတယ်။ လမ်းခရီးလည်း ကြန့်ကြာတာတွေရှိတယ်။ အရင်ကတော့ မူဆယ်ထိဆိုရင် ၃၊ ၄ ရက်ပေါ့။ အခုဟာက ဟိုအထိရောက်ဖို့ကို ၆ ရက် ၇ ရက်လောက်ကြာတယ်” ဟုပြောသည်။
ပြည်တွင်းကုန်ဈေးနှုန်းများမြင့်တက်နေသည့်အပြင် နယ်စပ်ကုန်သွယ်ရေးများလည်းပြတ်တောက်နေသည့် အတွက် ကုန်သည်များအနေဖြင့်လည်း မီးစင်ကြည့် က,နေရသည်ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံရှိ နယ်စပ်ကုန်သွယ်ရေးများ၏ သွင်းကုန်၊ ပို့ကုန်စာရင်းများနှင့် ငွေစာရင်းများကို စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Website တွင်ဖော်ပြထားသော်လည်း မိုင်းလားနယ်စပ် ကုန်သွယ် ရေးဆိုင်ရာအချက်အလက်များကိုတော့ မဖော်ပြထားသဖြင့် အသေးစိတ်မသိရသေးပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA က မိုင်းလားကိုဝင်ရောက်၍ ခေတ္တတပ်စွဲခဲ့သဖြင့် ကျိုင်းတုံ – မိုင်းလားလမ်းကြောင်းကို မြန်မာစစ်တပ်က ပိတ်ဆို့ထားခဲ့ပြီး အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြန် လည်ဖွင့်လှစ်ပေးခဲ့သည်။