PRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူ အသတ်ခံရသည့် ကိစ္စနှင့်ပတ်သတ်ပြီး မိသားစုဝင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်
***************************
သဇင်
ဇန်နဝါရီ ၂၅ ၊၂၀၂၄။
ပုလောဒေသကာကွယ်ရေးအဖွဲ့ PRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူ ကို မိကျောင်းစစ်ကြောင်းက ဇန်နဝါရီ ၈ ရက်တွင် ဖမ်းဆီးခေါ်ဆောင်ပြီး သတ် ဖြတ်ခံခဲ့ရသည်ဟု မိသားစုဝင်များထံက သိရသည်။
ကိုပင်လယ်လူ အသတ်ခံရသည့်ကိစ္စအား စစ်ဆေးဆောင်ရွက်နိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ပြီဟု ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး လက်ရှိတွင် စုံစမ်းစစ်ဆေးမှု စတင်ဆောင်ရွက်နေပြီဖြစ်သည်။
PRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူ အသတ်ခံရသည့်ကိစ္စနှင့်ပတ်သတ်ပြီး ကိုပင်လယ်လူ၏ မိသားစုဝင် ၁ ဦးကို သံလွင်ခက်က ဆက်သွယ်မေးမြန်းထားသည်။
****************************
သံလွင်ခက် – အရင်ဆုံး ကိုပင်လယ်လူကို လာရောက်ဖမ်းဆီးခဲ့တဲ့အခြေအနေလေး ပြောပြပေးပါဦးရှင့်။
မိသားစုဝင် – အစ်ကိုက သူ့မိန်းမကလေးမွေးလို့ဆိုပြီးတော့ ခွင့် ၁ လယူပြီး ပြန်လာတယ်။ ပြန်လာတဲ့အချိန်မှာ သူ့မိန်းမက ကျန်းမာရေးမကောင်းတာနဲ့ နောက်ထပ်ခွင့်ပေးဖို့ သူ့အဖွဲ့ကို ပြန်အကြောင်းကြားတယ်။ ၁ လ လောက်ခွင့်ထပ်ယူမယ်ဆိုတာမျိုးပေါ့နော်။ အဲ့ဒီနောက် ၈ ရက်နေ့ ည ၈နာရီခွဲလောက် အိမ်ကို လူ ၈ ယောက်လာတယ်။ လူ ၈ ယောက်ရောက်လာတဲ့အချိန်မှာ အစ်ကိုက အဝေးကနေမြင်တော့ လက်နက်တွေလည်း ပါလာတယ်ဆိုတော့ အစ်ကိုက သူ့အိမ်ဘေးကတောင်ပေါ်ကိုရှောင်နေလိုက်တယ်။ အဲ့ဒီမှာ ရောက်လာတဲ့အထဲက သူ့အဖွဲ့ဝင် ဝိုင်လု ဆိုတဲ့တစ်ယောက်က ကိုပင်လယ်လူ ကို ခေါ်တယ် ရှာတယ်ပေါ့။ အစ်ကိုက ရှောင်နေတာဆို တော့ မကြားလိုက်ဘူး။ အိမ်ကိုလာဝိုင်းတော့ အိမ်ကတွေလူက မေးတာပေါ့။ ဝိုင်လု ….ဘာဖြစ်တာလဲ ဘာလို့ဒီလိုမျိုးလုပ်တာလဲ။ လာမယ်ဆို အကြောင်းကြားပေါ့ အဲ့လိုပြောတယ်။ ဝိုင်လု ဆိုတာကလည်း အိမ်မှာ စား ဖူးသောက်ဖူးတဲ့သူဖြစ်တယ်။ အိမ်ကလူတွေက သူ့ကိုသိနေတယ်။ ကျန်တဲ့သူတွေက မျက်နှာပိတ်ထားတဲ့အတွက် ဘယ်သူတွေလဲဆိုတာ မသိရဘူး။ အိမ်ကလူတွေက ကိုယ့်အဖွဲ့သားအချင်းချင်း ဒီလိုလုပ်စရာလားပြောတဲ့ခါ ကျတော့ PRDF က ကိုသားကြီးတိုင်ထားလို့ ကိုသားကြီးဖမ်းခိုင်းလို့ လာဖမ်းတယ်ဆိုပြီးပြောတယ်။
ညီမတို့ကလည်း အဲ့ဒီလို လာခေါ်တာဆိုလည်း စောစောစီးစီးလာပေါ့။ ဘာလို့ဒီချိန်မှလာလည်း ပြောတယ်။ သူတို့ က ဖုန်းထိုးမရလို့တဲ့ ။ ကိုပင်လယ်လူ ဖုန်းက ဖုန်းလိုင်းမမိလို့ ဖုန်းကဒ်လဲထားလို့ သူ့တို့ကို အဲ့လိုမျိုးတော့ ပြော လိုက်တယ်။ အစ်ကိုက အဲ့ဒီချိန်မှာ ဝိုင်လု ဆိုတဲ့ အသံကြားတော့ သူအဖွဲ့ထဲကပဲဆိုပြီးတော့ သူကထွက်လာတယ်။ ဒီလိုမျိုးဖမ်းပြီး သတ်မယ်ဆိုတာမှမသိတာကိုး။ ဒီမတိုင်ခင်လည်း သူ့အဖွဲ့ဝင်တွေနဲ့က ဘာပြဿနာမှ မရှိခဲ့ဘူးလေ။
အဲ့ဒီချိန်မှာ ကိုပင်လယ်လူ က သူ့အဖွဲ့ခေါင်းဆောင် ဗိုလ်မုတ်ဆိတ်ဆီ ဖုန်းထိုးတယ်။ အဖွဲ့ခေါင်းဆောင်ဆီဖုန်း ထိုးတော့ ဒီလိုမျိုးဘာကြောင့် လာခေါ်ခိုင်းတာလဲ မေးတယ်လေ။ ခေါင်းဆောင်ပြောတယ် ဘာမှမဖြစ်ဘူး။ ကိစ္စရှိ လို့ မေးစရာရှိလို့ ဘာမှမဖြစ်ဘူး၊ အေးရာအေးကြောင်းပဲ၊ မင်းခနလိုက်လာပေါ့၊ ဘာမှမဖြစ်ဘူး၊ သူတာဝန်ယူတယ် အဲ့လိုမျိုးပြောတယ်။ အဲ့ဒီချိန် အစ်ကိုဖုန်းပြောတဲ့နားမှာ အဖေက နံဘေးမှာ ရှိတယ်။ အဖေကပြောတယ်၊ ဒီလိုမျိုး မှန်းသိရင် ငါက ဘာလို့ထည့်မှာလဲတဲ့၊ ထည့်စရာလား ကိုယ့်အဖွဲ့သားအချင်းချင်း ဒီလိုမျိုးသတ်မယ်ဆိုရင် သူနဲ့လည်း ပြဿနာတစ်စုံတစ်ရာရှိဖူးရင် ထည့်စရာလည်းအကြောင်းမရှိဘူးပေါ့။
အစ်ကိုက သူ့အဖွဲ့ဝင် နာမည်ကြားကတည်းက ပုန်းနေရာကနေထွက်လာပြီး ဟေ့ကောင် မင်းငါ့ကိုမှမပြောတာ ငါက မင်းတို့မှန်းမသိဘဲ ခွေးတွေ လာတယ်ထင်လို့ ငါရှောင်တာပေါ့၊ အဲ့ဒီလိုမျိုး အစ်ကိုက ပြောပြီး ထွက်လာတာလေ။
သံလွင်ခက် – သူတို့ ၈ယောက်က ရွာထဲကို ဘယ်လိုပုံစံမျိုးနဲ့ရောက်လာတာလဲ။
မိသားစုဝင်- သူတို့ကို သွားကြိုလာတဲ့ထဲမှာလည်း ရွာသားတွေပါတယ်။ ရွာကူးဖို့ကျတော့ ဟိုဘက်ဒီဘက် သွားကြိုရတယ်။ ပြီးတော့ လှေဟိုဘက်ကမ်းမှာလည်း လက်နက်ကိုင် ၅ ယောက်လောက်တွေကျန်ခဲ့သေးတယ်လို့ ရွာသားတွေပြောတယ်။ တကယ်တမ်းကျတော့ အစ်ကိုတို့အဖွဲ့မှာ တပ်ဖွဲ့ဝင် ၅ ယောက်လောက်ပဲရှိတာ။ ဒီလူတွေ က ဘယ်ကထွက်လာလဲဆိုတာကို မသိဘူး။ အစ်ကိုကမနက်ဖြန်မှ လာခဲ့မယ်ဆိုတာကို မရဘူးတဲ့၊ အခုလိုက်ခဲ့မှရမယ်တဲ့၊ အဲ့လိုပြောပြီး လက်ပြန်ကြိုးတုပ်ပြီးခေါ်သွားတယ်။
သံလွင်ခက် – PRDF က ကိုသားကြီးဆိုသူနဲ့ကရော ဘယ်လိုကိစ္စတွေ ရှိထားဖူးလဲ။
မိသားစုဝင် – အစ်ကိုက PRDF ကထွက်လာတဲ့ တပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်။ သားကြီးဆိုတာကလည်း PRDF ထဲကပဲ။ သူက ငွေကြေးပိုင်း အရှုပ်ထုပ်တွေရှိတယ် ။ ရှိတယ်ဆိုတာ သူတို့လုပ်တဲ့ အရှုပ်ထုပ်ကို အစ်ကိုကသိ တယ်၊ အစ်ကိုက အဲ့ဒီအဖွဲ့ဝင်ထဲက ထွက်လာတော့ သူ့ကိုယ်ပိုင်သေနတ် ၁ လက်ရှိတယ် ။ အဲ့ဒါကို ဒီသေနတ် ပြန်အပ်ရမယ်၊ သူတို့ငွေပြန်အမ်းမယ်ဆိုပြီး လက်နက်ပြန်အပ်လိုက်တယ်။
ငွေပြန်လျော်မယ်ဆိုပြီး ခုချိန်ထိပြန်မလျော်ပေးဘူး။ စိန်ခေါ်တယ်လေ။ လိုချင်ရင် တပ်ရင်းကိုလာ မင်းကိုငါသတ် မယ်ဆိုတာမျိုးပေါ့။ ပြောရမယ်ဆိုရင် အဖွဲ့ထဲကထွက်ရင် လက်နက်ပြန်အပ်ရတယ်။ လက်နက်ဖိုးကို သူတို့က ငွေပြန်အမ်းမယ်။ သူတို့ကငွေကြေးပမာဏလည်း ဆုံးဖြတ်ပြီးသွားပြီ၊ ၁၇သိန်း ပြန်အမ်းပေးမယ်ဆိုပြီးတော့။ သူတို့ဆီက ပြန်အမ်းတာတော့ ခုထိမရသေးဘူး။ အဲ့ဒီသေနတ်ဖိုးက PRDF က ခေါင်းဆောင်တွေ ပိုက်ဆံပြန်လျော် ပေးထားပြီးတော့ ကိုသားကြီးကပဲ ယူထားပြီး မပေးတာလားဆိုတာကိုတော့ သူတို့အဖွဲ့နဲ့ တိုက်ရိုက်မေးမှပဲ ရတော့မယ်။
သံလွင်ခက် – ကိုပင်လယ်လူ ကိုဖမ်းပြီးသွားတဲ့နောက်ရော အသတ်ခံရတယ်ဆိုတာ ဘယ်လိုပြန်သိခဲ့ရလဲ။
မိသားစုဝင် – သိရတာကတော့ ၉ ရက်နေ့ ညကတည်းက အတွင်းစကားကနေ ပေါက်လာတာတွေရှိတယ်။ အစ်ကို က အသတ်ခံလိုက်ရပြီဆိုတာ။ မိကျောင်းစစ်ကြောင်းကို ဖုန်းဆက်မေးတဲ့ခါကျတော့လည်း နောက်တန်းမှာ အချုပ်ထဲထည့်ထားတယ်လို့ပြောတယ်။ ကျွန်မတို့က အဲ့ဒါဆို အစ်ကိုနဲ့စကားပေးပြော၊ အစ်ကိုကို ဖုန်းကိုထိုး တယ်၊ ဝင်တယ်၊ ဖုန်းလုံးဝမကိုင်ဘူး ။ အချုပ်ထဲမှာဆိုရင် အစ်ကိုကဖုန်းကိုင်မှာပဲ၊ လက်လွှတ်စပယ်တော့ မလုပ် လောက်ဘူး၊ မိသားစုကို အကြောင်းပြန်ကြားမှာပဲ။
သူ့ဇနီးက ကလေးမွေးထားတာလည်း ၂ လလောက်ပဲရှိသေးတာလေ။ အဲ့လိုဆိုတော့ အချုပ်ထဲမှာဆိုရင်တောင် အကြောင်းတစ်ခုခုတော့ ပြန်ကြားမှာပဲ။ အဲ့ဒါနဲ့ သူတို့ဆီက တိတိကျကျသိချင်လို့ ထပ်မေးတယ်။ အဲ့ဒီနောက် သူတို့က မသိဘူးတဲ့။ ကိုပင်လယ်လူ က လက်နက်ယူပြီး ရွာမှာ သောင်းကျန်းနေလို့ သတ်မိန့်ပေးထားတယ်တဲ့၊ တွေ့တဲ့နေရာမှာ သတ်ခွင့်ရှိတယ်ဆိုပြီးပြောတယ်။
ကိုသားကြီးကိုလည်းဖုန်းဆက်တယ်၊ နင်လာခေါ်ခိုင်းလို့၊ လာခေါ်သွားတာ နင့်မှာ တာဝန်ရှိတယ် နင်ဖြေရှင်းပေးရ မယ်ဆိုပြီးပြောတော့ ကိုသားကြီးက ကျွန်တော်နဲ့မဆိုင်ဘူးတဲ့။ ကိုပင်လယ်လူ ကလက်နက်ကိုင်ပြီး ရွာမှာ ဓားပြ လုပ်စားနေလို့ သတ်ခွင့်ပေးထားတယ်။ တွေ့တဲ့နေရာသတ်မှာပဲတဲ့။ ကျွန်တော်ဆိုလည်း တွေ့တဲ့နေရာ သတ်မှာပဲ တဲ့။ သူက အဲ့လိုပြောလိုက်တယ်။
သူကပြောတယ်။ သူ့ဆရာမုတ်ဆိတ်ဖမ်းခိုင်းတာတဲ့။ မုတ်ဆိတ်ကိုမေးပေါ့၊ အဲ့လိုပြောတယ်။ အဲ့တော့ မုတ်ဆိတ် ဆီ ဆက်သွယ်တယ်။ ဆက်သွယ်တော့ မုတ်ဆိတ်က မအားဘူးတဲ့၊ ဖုန်းချသွားတယ်။ နောက်တစ်ခါပြန်ထိုးတယ်၊ မအားသေးဘူးတဲ့၊ ဖုန်းပြန်ချသွားတယ်။ ၃ ခါမြောက်မှာ သူဖုန်းကိုင်တယ်၊ ကိုပင်လယ်လူကိစ္စပြောချင်လို့ဆိုတော့ ချက်ချင်းဖုန်းချသွားတယ်။ အဲ့ဒီအချိန်ကနေ လုံးဝအစအနပျောက်သွားတယ်။ ကိုပင်လယ်လူ အသတ်ခံရတယ်ဆို တာ တခြားသူတွေကိုလည်း စုံစမ်းခိုင်းထားတာတော့ ကိုပင်လယ်လူအသတ်ခံလိုက်ရပြီလို့ ပြောကြတယ်။ ဒီနေ့ ဒီချိန်ထိ သူတို့ဘက်က ကိုပင်လယ်လူ ကို သတ်လိုက်ပြီဆိုတဲ့ တိတိကျကျစကားမထွက်လာသေးဘူး။
အဲ့ဒီချိန်မှာ သူတို့ဆီကထွက်လာတယ်။ ကိုပင်လယ်လူ ဟာ ထွက်ပြေးလို့ မုတ်ဆိတ်ကသတ်လိုက်ပြီတဲ့ ။အဲ့ဒါဆို မုတ်ဆိတ်နဲ့ စကားပေးပြော ၊ ဘာကြောင့်ဖမ်းတာလဲ၊ ဘာကြောင့်သတ်ရတာလဲဆိုတာ အများပြည်သူရှေ့မှာ ချပြ၊ ကိုပင်လယ်လူ ဟာ ဘာအပြစ်ကျူးလွန်လို့ သတ်ရတယ်ဆိုတဲ့အကြောင်း ချပြစေချင်တယ်။ အဲ့ဒီနေ့ပြီးတဲ့နောက် မုတ်ဆိတ်ကို KNU က ဖမ်းလိုက်တယ်ပြောတယ်။ မုတ်ဆိတ်က ကိုပင်လယ်လူ ကို သတ်တယ်လို့ဝန်ခံလို့ ဖမ်း တယ် ပြောတယ်။ နောက်တစ်နေ့ မုတ်ဆိတ် ကလည်း ပျောက်သွားပြန်ရော၊ မုတ်ဆိတ်ကသေသွားပြီတဲ့၊ အသတ်ခံလိုက်ရပြန်ပြီတဲ့။ တကယ်လို့ မုတ်ဆိတ်က ကိုပင် လယ်လူကို သတ်လို့ အခုလို ပြန်သတ်လိုက်တာဆိုရင် ကိုပင်လယ်လူကို သတ်တဲ့အကြောင်း သူဝန်ခံနေပြီလေ။ ဒါဆိုရင် အစ်ကိုက ဘာအပြစ်လုပ်လို့ သူသတ်တယ် ဆိုတဲ့အကြောင်း အများပြည်သူရှေ့မှာချပြလေ၊ ဘာဖြစ်လို့ သူ့ ငါသတ် ငါ့ကို သူသတ် လုပ်နေတာလဲ။
သံလွင်ခက် – ကိုပင်လယ်လူ အသတ်ခံရတယ်လို့သိပြီးနောက်ရော ရုပ်အလောင်းကို ဘယ်လိုလုပ်ဆောင်ပေးထားတယ်လို့သိရလဲ။
မိသားစုဝင်- သတ်လိုက်တယ်ဆိုလည်း အလောင်းတော့ ပြန်ပေးဖို့တောင်းတယ်။ သူတို့က အစကတော့ပြော တယ်။ ကိုပင်လယ်လူ ဟာ တောလမ်းတစ်နေရာမှာ ထွက်ပြေးလို့ပစ်လိုက်တာ၊ ချောက်ထဲကျသွားပြီတဲ့ အလောင်းယူဖို့ အဆင်မပြေလောက်ဘူးတဲ့။ နောက်တစ်နေ့ကျတော့ ရုပ်အလောင်းမပေးနိုင်ဘူးဆိုလဲ ဓာတ်ပုံ လေးတော့ ပေးလာပေါ့၊ အဲ့လိုပြောတယ်။ သူတို့ဆီက ဓာတ်ပုံလေးတော့ပို့လာတယ်။ သူ့ခန္ဓာကိုယ်မှာ သေနတ် ချက်တွေအများကြီးပဲ၊ နားထင်ပစ်ထားတာတို့၊ ကြိုးတုပ်ထားတဲ့အနေအထားလည်းရှိတယ်။ ပြီးတော့ လက် ကောက်ဝတ်မှာ ကြိုးချည်ထားတဲ့ ကြိုးအစင်းရာတွေလည်းရှိတယ်။ ရုပ်အလောင်းကိုတော့ သူတို့ သင်္ဂြိုဟ်ပေး ထားတယ်ပြောတယ်။
သံလွင်ခက်- ကိုပင်လယ်လူကိစ္စနဲ့ပတ်သတ်ပြီးတော့ မိသားစုဝင်တွေအနေနဲ့ ဘယ်လိုဖြစ်လာဖို့မျှော်လင့်ထားလဲ။
မိသားစုဝင် – ကျွန်မတို့ကတော့ ဒီကိစ္စကို အများပြည်သူကိုအမှန်အတိုင်း သိစေချင်တယ် ။ ပြည်သူတစ်ယောက် က မှားတယ်ဆိုရင်တောင်မှ အပြစ်ဒဏ်မခံရဘဲနဲ့ သူတို့သတ်တိုင်းသေပေးရဖို့လား။ ဒီတော်လှန်ရေးကို ပါဝင်လှုပ် ရှားနေတဲ့ ပြည်သူတွေကရော သူတို့ကို ကြောက်ရမှာလား။ စစ်ကောင်စီကိုကြောက်ရမှာလား။ အဖွဲ့အစည်းပေါင်း စုံကနေ အမှန်တရားကို ဖော်ထုတ်စေချင်တယ်။ အသက်တစ်ချောင်းသေလို့ အသက်တစ်ချောင်း ပြန်အစား လိုချင်တာမျိုး မဟုတ်ဘူး။ အပြစ်ရှိသူက အပြစ်ဒဏ်ခံပါစေ။ ငါက လက်နက်ကိုင်ထားလို့၊ ငါကနေရာတစ်ခုရနေ လို့၊ ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့ အာဏာရှင် စနစ်ကိုင်ထားတဲ့ လူတစ်စုကိုဖော်ထုတ်ပြီး သူတို့နဲ့ထိုက်တန်တဲ့ အပြစ်ဒဏ်ခံစေချင်တယ်။
ပုံစာ – PRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူ။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3136
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7261