စစ်ကော်မရှင်တပ် ပြည်သူ့စစ်မှုထမ်းတပ်သား ၇ ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉ ထံသို့ အောက်တိုဘာလ ၁၅ ရက်က လာရောက်ခိုလှုံခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ သတင်းထုတ်ပြန်သည်။
ခြေလျင်တပ်ရင်း (ခလရ-၇၅) မှ ကျော်ဇေယျ (၂၂ နှစ်)၊ သီဟနိုင် (၂၇ နှစ်)၊ အောင်မျိုးဦး (၃၆ နှစ်)၊ စည်သူဟိန်း (၂၀ နှစ်)၊ မောင်မှောက် (၂၆ နှစ်)၊ သန်းနိုင်ဦး (၃၃ နှစ်) နှင့် ရာဇာထက် (၂၄ နှစ်) တို့ အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါတပ်သားများသည် KNU ၏ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်တွင် လာရောက်ပူးပေါင်းခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့သည် အာဏာသိမ်းစစ်တပ်မှ ဖွင့်လှစ်သော ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၇၊ ၁၀ နှင့် ၁၃ တို့မှ သင်တန်းဆင်းများဖြစ်သည်ဟုလည်း သိရသည်။ ခိုလှုံလာသူများထဲမှ သန်းနိုင်ဦးနှင့် ရာဇာထက်တို့ နှစ်ဦးမှာ အရောင်းစားခံရပြီး စစ်မှုထမ်းရန် ရောက်ရှိလာသူများဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အခက်အခဲအမျိုးမျိုးကြောင့် တပ်မှထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး လက်နက်များယူဆောင်လာနိုင်ခြင်းမရှိသော်လည်း လယ်ဒိုမြို့နယ်ရှိ တာဝန်ရှိသူများက ၎င်းတို့အတွက် နေရာထိုင်ခင်း၊ အစားအသောက်နှင့် အဝတ်အထည်များ ထောက်ပံ့ပေးကာ လုံခြုံစွာစောင့်ရှောက်ထားသည်ဟု သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်းစေခိုင်းခံနေရသည့် အာဏာသိမ်းစစ်ကော်မရှင်တပ်အတွင်းမှ တပ်သားများအား နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ နည်းလမ်းမျိုးစုံဖြင့် လက်နက်ချခိုလှုံကြရန် တိုက်တွန်းနှိုးဆော်ထားသည်။