ခင်သရဖီဦး
ရခိုင်ရိုးမနယ်စပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် ၊ ပဒါန်းတပ်နယ်တွင်ရှိသည့် နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းကုန်းရှိ ကာကင်း စခန်းအားလုံးနီးပါးကို အာရက္ခတပ်တော်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက သိမ်းပိုက်လိုက်သည့်အတွက် စစ်ကောင်စီက ယမန့်နေ အောက်တိုဘာလ ၁၄ ရက်နေ့ တွင် လက်လွတ်ထားခဲ့ရသည်ဟု အာရက္ခတပ်တော် AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရစ်မြစ်များထံမှ သိရသည်။
လက်ရှိတွင် စစ်ကောင်စီမှ နတ်ရေကန် ဗျူဟာကုန်းမကြီး မကျဆုံးစေရန် ဂျက်ဖိုက်တာ၊ ဒရုန်းအပြင် စစ်အင်းအား ၄၅၀၀ ခန့်ဖြင့် အင်းအားဖြည့်တင်ထားသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးဖြစ်သည့် အသက် (၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးကဆိုသည်။ ” နတ်ရေကန်ကုန်းမရှေ့က ကာကင်းစခန်းတွေကိုတော့ အကုန်လုံး သိမ်းထားပါပြီး။ ကာကင်းစခန်းအားလုံးကို သိမ်းထားတာပေါ့လေ။ထောက်ပို့တွေ အကုန်လုံးကိုလည်း ပိတ်ထားတာပေါ့။ သူတို့ ဆီကို စစ်ကူတွေရော ထောက်ပို့တွေရော လာလို့မရတဲ့အနေအထားပေါ့လေ ။ ” ဟု ဆိုသည်။
လက်ရှိတွင် နတ်ရေကန် စခန်းကုန်းမကြီး တစ်ခုသာ ကျန်ရှိနေပြီး ဘေးပတ်လည်တွင်ရှိသည့် ကားကင်းစခန်းအားလုံးကို တပ်တော်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ယမန့်နေ့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်အနေဖြင့် စခန်းကုန်းမကြီး မကျဆုံးစေရန် ဒရုန်းများဖြင့် စစ်ကူပေးမှုများ လုပ်ဆောင်နေကြောင်းလည်း ၎င်းကဆက်ပြောသည်။ ” သူတို့ဖက်ကတော့ ထောက်ပို့တွေလည်း မြေပြင်ကနေ လာလို့မရတော့ ဒရုန်းတွေ ရိက္ခာ၊ လက်နက်တွေ ချနေတာတွေ လုပ်နေတာလည်းရှိတယ်။ ဒါပေမဲ့ ပိတ်မိနေတဲ့ အနေအထာတော့ ဖြစ်နေပီးပေါ့။” ဟုဆို သည်။
အာရက္ခတပ်တော် AA နှင့် ပူပေါင်းတပ်များအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်မှစတင်ကာ ဂုတ်ကြီးကာကင်းစခန်း၊ ဖိုက်တာကုန်းကာကင်စခန်းနှင့် ရေဒါစခန်းကုန်းမကြီး အပါအဝင် ကားကင်းစခန်း စုစုပေါင်း ၈ ခုခန့်အား သိမ်းပိုက်ထားပြီးဖြစ်သည်။
အာရက္ခတပ်တော် နှင့် ပူးပေါင်းတပ်ဖွဲ့များမှာ နတ်ရေကန်စခန်းကုန်အား ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်၍ တိုက်ခိုက်နေခြင်းဖြစ်ပြီး ယင်းစခန်းကုန်းတိုက်ပွဲအတွင်းမှ လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀)ခန့်ထိရှိကြောင်းလည်း သံလွင်ခက်အနေဖြင့် စုံစမ်းသိရှိရသည်။