ပလက်ဝစစ်ဘေးရှောင်များအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် – ULA ထောက်ပံ့ကူညီ
***************
သဇင်
ဇန်နဝါရီ ၂၅ ၊၂၀၂၄။
ချင်းပြည်နယ်၊ ပလက်ဝဒေသရှိ မြိတ်ဝကျေးရွာအုပ်စု၊ မြိတ်ဝကျေးရွာက စစ်ဘေးရှောင်ပြည်သူများအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် – ULA က ဆန်နှင့် ငွေသားအချို့ ထောက်ပံ့ကူညီ ပေးခဲ့တယ်လို့ AA Info Desk တွင် ထုတ်ပြန်ထားသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က အိမ်ထောင်စု ၁ စုလျှင် မြန်မာငွေ ၂၀၆,၅၀၀ ကျပ် နှင့် ဆန် ၇၃ ဗူးနှုန်းဖြင့် အိမ်ထောင်စု စုစုပေါင်း ၁၂၁ စုအတွက် ထောက်ပံ့ကူညီပေးခဲ့ခြင်းဖြစ်သည်။
ပလက်ဝဒေသ ၊ မြိတ်ဝကျေးရွာရှိ အိမ်ထောင်စု စုစုပေါင်း ၁၃၆ စုသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကတည်းက အိန္ဒိယ နှင့် ရခိုင်ပြည်တို့တွင် စစ်ဘေးရှောင်နေခဲ့ကြပြီး လက်ရှိတွင် နေရပ်ပြန်လာနေထိုင်သော အိမ်ထောင်စုက ၁၂၁ စု သာရှိသေးသည်။
ကျန်ရှိနေသည့် အိမ်ထောင်စုများမှာ အိန္ဒိယနိုင်ငံဘက်ခြမ်း နှင့် ရခိုင်ပြည်၊ ကျောက်တော်၊ မြောက်ဦးတို့တွင် စစ်ဘေးရှောင်များအဖြစ် ဆက်လက်နေထိုင်နေကြဆဲဖြစ်သည်။
ထို့အတူ ဇန်နဝါရီလ ၁၈ ရက်ကလည်း ဇေယျမင်္ဂလာကျောင်းတိုက်ကို ULA က ဆန်၊ ဆီ နှင့် ရေသန့်တို့ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဇန်နဝါရီလ ၂၃ ရက်တွင် ပန်ဆိုင်းခရစ်ယာန်ကျောင်းကိုလည်း ဆန်အချို့ လှူဒါန်းခဲ့သည်ဟု သိရသည်။
ယခုလ ဇန်နဝါရီ ၁၆ ရက်တွင် ရှမ်းမြောက်ဒေသ ၁၀၅ မိုင်အနီးတဝိုက်ရှိ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၊ ဘကဘုန်းတော်ကြီးကျောင်း၊ မေတ္တာစံအိမ် ပရဟိတကျောင်း နှင့် ကမ္ဘောဇသင်္ဂီပညာသင်ကျောင်း (သီလရှင်ကျောင်း) တို့အား ဆန်၊ ဆီ အပါအဝင် စားနပ်ရိက္ခာတချို့ကို ရက္ခိုင့်တပ်တော်က လှူဒါန်းခဲ့သည်။
စစ်ဘေးရှောင်များသည် စစ်တွင်းကာလဆင်းရဲဒုက္ခများကို အတူရင်ဆိုင်ခဲ့ကြသလို စစ်ပွဲမရှိတော့သည့် အချိန်တွင်လည်း ပြန်လည်ထူထောင်ရေးအတွက် ပြည်သူ့အကြပ်အတည်းများကို အတတ်နိုင်ဆုံး ထောက်ပံ့ကူညီပေးသွားမည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ – AA Info Desk
ပုံစာ – ပလက်ဝဒေသ မြိတ်ဝကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် – ULA က ဆန်နှင့် ငွေသား ထောက်ပံ့ကူညီနေမှု။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3132
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7243