စစ်ရေးပဋိပက္ခအပြင် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသည့် ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီ အဖြစ် လေးနှစ်ကျော်အတွင်းတွင် ကျပ် ၆ ဒဿမ ၉ ဘီလီယံအား ပြည်သူအစိုးရရန်ပုံငွေမှ သုံးစွဲခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထား ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
ယင်းအပြင် စစ်တပ်ကြောင့် ကြုံတွေ့နေရသည့် ဘေးဒုက္ခများ လျော့နည်း စေရန်အတွက်လည်း ပြည်သူများအတွက် ကျပ် ၁၉ ဒဿမ ၈ ဘီလီယံ သုံးစွဲခဲ့သည်ဟု အဆိုပါဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါ ငွေကြေးအား စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲခြင်းမှ ကာကွယ်ရန် လေကြောင်းအန္တရာယ် စောင့်ကြည့်စနစ်များ၊ ကြိုတင်အသိပေးချက် ဖြန့်ဝေပေးသည့် အစီအစဉ်များ၊ မြေအောက်စာသင်ကျောင်းများ နှင့် ဆေးရုံ၊ ဆေးပေးခန်းများတည်ဆောက်ပေးခြင်း၊ ကတုတ်ကျင်းနှင့် ဗုံးခုကျင်းများ တူးဖော်ပေးသည့် လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
ထို့အပြင် လူသားချင်းစာနာထောက်ထား ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရသည့် အခါတွင် တုံ့ပြန်နိုင်စွမ်း မြင့်မားစေရန် လိုအပ်သည့် အသိပညာ၊ နည်းပညာပံ့ ပိုးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကိုလည်း လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
စစ်တပ်သည် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာ လကုန်အထိ လေးနှစ်ကျော်ကာလအတွင်းတွင် ပြည်သူ ၅ ဦးနှင့် အထက်အား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စုစုပေါင်း အကြိမ်ရေ ၅၄၂ ကြိမ်တိတိ ကျူးလွန်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထား ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
လေးနှစ်ကျော်ကာလအတွင်း စစ်တပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကြောင့် ပြည်သူ ၄၇၀၀ ကျော် သေဆုံးခဲ့ရသည်ဟု သိရသည်။
ထို့အပြင် စစ်တပ်မှ လေးနှစ်ကျော်အတွင်း လေကြောင်းမှ အကြိမ်ရေ စုစုပေါင်း ၇၁၀၀ ကျော်အထိ တိုက်ခိုက်ခဲ့ခြင်းကြောင့် သေဆုံးသူ ၄၁၀၀ ကျော် အထိ ရှိခဲ့သည်။ ယင်းအပြင် လေကြောင်းတိုက်ခိုက်ခံရခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၇၁၀၀ ကျော်ရှိခဲ့သည်ဟု သိရသည်။
#NUG #ပြည်သူများ #လေးနှစ်ကျော် #ThanLwinKhetNews