တအာင်းပြည်၊ နမ့်ဆန်မြိုနယ် ဟိုမိန်းကျေးရွာနှင့် နမ္မတူမြို့တွင် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ထိုသို့ဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် ဒေသခံများ၏ နောက်ဆက်တွဲ အခြေအနေများအား သံလွင်ခက်မှ စုံစမ်းနေဆဲဖြစ်သည်။
နေပြည်တော်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည် ကျင်းပနေသည့် စစ်ကော်မရှင်တပ်သည် လက်တွေ့တွင် ဒေသခံပြည်သူများအား လေကြောင်းမှ ထိုသို့ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက် ညနေ ၆ နာရီကျော်ခန့်ကလည်း စစ်တပ်မှ မိုးမိတ်မြို့ တောင်ပိုင်းရပ်ကွက်အား ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး တစ်လုံးနှင့် ပေါင် ၂၅၀ အား ဗုံး တစ်လုံးကြဲချခဲ့သည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် နှစ်လုံးနှင့် ကား တစ်စီး ထိမှန်ပျက်စီးသွားခဲ့သည်ဟု TNLA မှ ထုတ်ပြန်ထားသည်။
ယမန်နေ့ နံနက် ၇ နာရီခွဲကလည်း TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့နယ်ထဲမှ ညောင်ကုန်း(ထက်) ကျေးရွာအား စစ်တပ်မှ
လေကြောင်းကနေ ပေါင် ၂၅၀ အား ဗုံး နှစ်လုံး ကြဲချခဲ့ခြင်းကြောင့် ဒေသခံများ၏ ကြက်မွေးမြူရေးခြံတစ်ခြံ ပျက်စီးသွားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်ကလည်း နမ့်ဆန်မြိုနယ်၊ အုမ်းစွမ်ကျေးရွာတွင် စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ၁၁ လုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ဒေသခံ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် နွား နှစ်ကောင် သေဆုံးကာ ဆိုင်ကယ် ခြောက်စီးနှင့် ကလေးမူကြိုကျောင်းအပါအဝင် နေအိမ် ရှစ်လုံး ပျက်စီးခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်ကလည်း မိုးမိတ်မြို့နယ် အောင်မြေရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ အား ဗုံး နှစ်လုံးနှင့် လက်နက်ကြီး ခြောက်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
စစ်တပ်ဦးစီးသည့် ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဟု ထုတ်ပြန်ကြေညာပြီးနောက်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့များအား စစ်တပ်မှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသည်။

ထို့ကြောင့် ဒေသခံများအနေဖြင့် ဗုံးကြဲတိုက်ခိုက်မှုများမှ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိ အမြဲရှိရန်နှင့် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာရန် TNLA မှ အသိပေးထားသည်။
ပုံစာ- မိုးမိတ်မြို့ဗုံးကြဲတိုက်ခိုက်ခံရ၍ ပျက်စီးသွားသည့် မြင်ကွင်း