မြန်မာနိုင်ငံမှ ရဲစခန်းများနှင့် တရားရုံးများသည် လူငယ်များအတွက် ဘေးကင်းလုံခြုံရေးနှင့် တရားမျှတမှု အကာအကွယ် ပေးသော နေရာမများမဖြစ်နေဘဲ ကြောက်ရွံ့မှုနှင့် အမြတ်ထုတ်ခံရသည့် အရင်းအမြစ်များသာဖြစ်နေသည်ဟု UNDP Myanmar မှ အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
လူငယ် ၈၀ ရာခိုင်နှုန်းခန့်သည် အာဏာပိုင်များအား ယုံကြည်မှုကင်းမဲ့နေခြင်းကြောင့် ၎င်းတို့ ကြုံတွေ့ရသည့် မတရားမှုများ အတွက် တိုင်ကြားခြင်းမရှိတော့သောကြောင့် မြန်မာနိုင်ငံ၏ တရားစီရင်းရေးစနစ်အပေါ် ယုံကြည်မှု လုံးဝပြိုလဲသွားပြီဟု အဆိုပါ ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။
သို့သော် ရာဇဝတ်မှုများ မြင့်တက်လာခြင်းနှင့် ရင်ဆိုင်နေရသည့် လူငယ်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာ မလုံမခြုံမှုများအားလည်း ရင်ဆိုင်ကြုံတွေရေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
လက်ရှိတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် တရားဥပဒေစိုးမိုးမှုများ ယိုယွင်းပျက်စီးခြင်း၊ ရာဇဝတ်မှုများ မြင့်တက်လာခြင်းနှင့် တရားရေစနစ်ဆိုးရွားမှုများ နိုင်ငံအဝန်းတွင် ဖြစ်ပွားနေသည်ဟု ရေးသားထားသည်။
နောက်ဆုံးထုတ်ပြန်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှု အညွှန်းကိန်း (Global Organized Crime Index) အရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ရာဇဝတ်မှု အများဆုံး ကြုံတွေ့နေရသည့် နိုင်ငံအဖြစ် သတ်မှတ် ခြင်းခံထားရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘိန်းနှင့် မူးယစ်ဆေးဝါးများ ထုတ်လုပ်သည့် နိုင်ငံဖြစ်လာပြီး စီးပွားရေးနှင့် လူမှုရေးတို့တွင်လည်း ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်မှုများ ရှိနေသည်ဟု ဆိုသည်။
ထိုကြောင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးမှုများနှင့် ရာဇဝတ်မှု များ မြင့်တက်နေပြီး ဒေသတွင်း နေထိုင်သူများမှာ ဘေးကင်းလုံခြုံရေးနှင့် မိသားစု ဝင်များ၏ ဘေးကင်းရေးတို့အတွက်ပါ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု ဖော်ပြထားသည်။
ယခုကဲ့သို့ အခြေအနေများသည် ၂၀၂၄ ခုနှစ်တွင် စစ်မှုထမ်းဥပဒေကို ပြဌာန်းလိုက်ပြီးနောက် စစ်မှုထမ်းခေါ်ယူခြင်းများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ စစ်မှုထမ်းခေါ်ယူရန် ကြိုးပမ်းမှုများကြောင့် ဖြစ်သည်ဟု ထောက်ပြထားသည်။
လက်ရှိ မြန်မာနိုင်ငံမှ လူငယ် ငါးသန်းခန့်သည် စိုးရိမ်ပူပန်မှုများဖြင့် ရင်ဆိုင်နေရပြီး ပဋိပက္ခဒေသတွင်းတွင် နေထိုင်သည့် လူငယ် ၃၄ ရာခိုင်နှုန်းနှင့် မသန်စွမ်း လူငယ် ၄၇ ရာခိုင်နှုန်းအထိ အလုပ်လက်မဲ့နှုန်းထားများလည်း သိသိသာသာ မြင့်တက်လာသည်ဟု ဖော်ပြထားသည်။
အထူးသဖြင့် အထက်ပါ အခြေအနေများအား ပဋိပက္ခအခြေအနေများ မြင့်မားနေသည့် ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် သိသိသာသာ မြင့်တက်နေသည်ဟု ဆိုသည်။