တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်ရှိ အုမ်းစွမ်းရွာကို စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယနေ့ အောက်တိုဘာ ၁၄ရက် မနက် ၇နာရီ ၁၅မိနစ်အချိန်တွင် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အုမ်းစွမ်းရွာကို ဗုံး ၄ လုံးဖြင့်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများမှဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲကမှ တဦးမှာ ဒဏ်ရာ ပြင်းထန်သောကြောင့် ဆေးဝါးကုသနေရင်း သေဆုံးသွားခဲ့သည်ဒေသခံအမျိုးသမီးတဦးမှပြောသည်။
” ဗုံးကရွာထဲကိုကျတာ။ အမျိုးသမီး ၂ယောက်ထိတယ်။ အဲ့အထဲမှာ တယောက်ကတော့ဆေးကုနေရင်းနဲ့ပဲ ဆုံးသွားတယ်။ နွားလည်း၂ကောင်သေသွားတယ်။ နောက်ပြီးနေအိမ်နဲ့ ဆိုင်ကယ်တွေလည်းပျက်စီးသွားတယ်” ဟု သံလွင်ခက်သို့ပြောသည်။

စစ်ကော်မရှင်တပ်သည် ယမန်နေ့ အောက်တိုဘာ ၁၃ရက်နေ့လည် ၁နာရီအချိန်ခန့်တွင်လည်း နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာရှိ စာသင်ကျောင်းကိုလည်း ပေါင် ၂၅၀ ဗုံးဖြင့် တိုက်ခိုက်ခဲ့သေးသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်သည် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့အားထိုးစစ်ဆင်တိုက်ခိုက်နေပြီး သီပေါမြို့အနီး ဘော်ကြိုရွာနားတွင် တိုက်ပွဲများပြင်းထန်နေသည်ဟုလည်းသိရသည်။
TNLAထိန်းချုပ်ထားသည့် နမ့်ဆန်၊ နမ္မတူ၊ ကျောက်မဲ၊ မိုးကုတ် ၊ မိုးမိတ်နှင့် မိုင်းငေါ့မြို့တို့တွက် ၂ ပတ်နီးပါးအတွင်း စစ်ကော်မရှင်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ကလေး (၄) ဦး အပါအဝင် ပြည်သူ (၃၁) ဦး သေဆုံးခဲ့ပြီး ကလေး (၉) ဦး အပါအဝင် (၂၈) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ဓာတ်ပုံ- CJ
