မွန်ပြည်နယ် ရေးမြို့နယ် အနီးတွင် ဖြစ်ပွားသည့် ၃ ရက်ကြာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့သည်ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF)မှ သတင်းထုတ်ပြန်သည်။
မွန်ပြည်နယ် ရေးမြို့နယ် ကနင်ကမော့ရွာ အနီး စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းအား မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာန လက်အောက်ခံတပ်များဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များမှ အောက်တိုဘာလ ၁၀ရက် မနက် ၇ နာရီတွင် ပျောက်ကြားစစ်ဆင်ရေး ဖော်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး တစ်ဦးနှင့် တပ်သား တစ်ဦး စုစုပေါင်း ၂ ဦးကျဆုံးခဲ့သည်ဟု သိရသည်။
အောက်တိုဘာ ၁၀ ရက် ညနေ လေးနာရီခန့်တွင်ပင် အောင်သာယာရွာ နှင့် လိမ္မော်ခြံရွာ ကားလမ်းအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်တပ်တို့ကြား တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ တစ်ဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ထိုနောက် အောက်တိုဘာ ၁၁ ရက် နေ့လယ် ၁၂ နာရီတွင် အောင်သပြေ ဘုန်းကြီးကျောင်းအနီးတွင် စခန်းချထားသည့် စစ်တပ်စခန်းအား ဒရုန်းဖြင့် ဗုံး နှစ်လုံး ကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်တပ်ဘက်မှ တပ်သားတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် အောက်တိုဘာ ၁၂ ရက် မွန်းတည် ၁၁ နာရီကျော်ခန့်တွင်လည်း ဘေလမိုင်းကျေးရွာ မှ အေးကမ္ဘာ ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ် စစ်ကြောင်း နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား ထိတွေ့တိုက်ပွဲ မိနစ် ၃၀ ကြာ ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲတွင်လည်း စစ်တပ်ဘက်မှ ဗိုလ်ကြီး(၁)ဦး အပါအဝင် တပ်သား ရှစ်ဦး သေဆုံးပြီး ငါးဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ရေးမြို့နယ်တိုက်ပွဲ #စစ်တပ်တပ်သား၁၄ဦး #ThanLwinKhetNews