ဒီနိုင်း
ဇန်နဝါရီ ၂၅၊ ၂၀၂၄။
အကျဥ်းထောင်ထဲက အကျဥ်းသားတွေအတွက်တော့ သံဃာ ၁ ပါးကို မျက်ဝါးထင်ထင်အနီးကပ်ဖူးမြော်ခွင့်ရဖို့ဆိုတာ တကယ်မလွယ်တဲ့ကိစ္စပါ။
ဒါပေမယ့် ကျွန်တော်တို့မော်လမြိုင်ထောင်ထဲမှာရှိတုန်းက အကျဥ်းသားတွေရဲ့တောင်းဆိုမှုကြောင့် ထောင်အာဏာပိုင်တွေက အကျဥ်းထောင်ထဲကို သံဃာ ၁ ပါးပင့်ပြီးအမေနေ့တရားပွဲကျင်းပပေးတာကြုံခဲ့ရဖူးပါတယ်။ တကယ့်ရှားပါးတဲ့ အကျဉ်းထောင်တွင်း အမေနေ့အထိမ်းအမှတ်တရားပွဲပါပဲ။
အချိန်ကတော့ ၂၀၀၅ ခုနှစ်။
မတရားဖမ်းဆီးထောင်ချခံခဲ့ကြရတဲ့ ကျွန်တော်တို့ကျောင်းသားလူငယ်တွေကိုမိသားစုနဲ့အဆက်အသွယ်မရအောင် တိုက်ရိုက်ရော၊ သွယ်ဝိုက်ပါလူ့အသိုင်းအဝိုင်းနဲ့ဖြတ်တောက်ထားခံခဲ့ရတဲ့ အ,ကာလတွေပါ။
အမေ သေသလား၊ ရှင်သလားဆိုတာ မသိနိုင်အောင် အမေနဲ့အဆက်အသွယ်မရခဲ့ဘူး။ ကိုယ်မသေလို့ပြန်လွတ်ရင်တောင် အမေ့ကိုမြင်တွေ့ခွင့်ရနိုင်ပါဦးမလား၊ အမေ့ရင်ခွင်နွေးနွေးကိုပြန်ခိုလှုံခွင့်ရနိုင်ပါဦးတော့မလားဆိုတဲ့ စိုး ထိတ်သောကစိတ်တွေနဲ့ အကျဥ်းထောင်တွေထဲမှာကြိုးစားရှင်သန်ခဲ့ကြရပါတယ်။
အကျဉ်းသားတွေအတွက်တော့ ထောင်ထဲမှာ သံဃာ ၁ ပါးကိုဖူးမြှော်ခွင့်၊ တရားနာခွင့်ရလိုက်တာ မဟာကုသိုလ်ပါပဲ။
အမေနေ့တရားပွဲကို အိမ်ဝင်းဆောင်ထဲက အိပ်ဆောင် ၂ အပေါ်ထပ်မှာကျင်းပခဲ့တယ်။
ကြိုးတိုက်ထဲက သေဒဏ်ကျအကျဥ်းသားအချို့၊ သီးခြားတိုက်က နိုင်ငံရေးအကျဥ်းသားအချို့၊ထောင်ဒဏ်အနှစ် ၂၀ နဲ့အထက် ချမှတ်ခံထားရတဲ့ နှစ်ကြီးဆောင်က အကျဥ်းသားအချို့၊အချုပ်ဆောင်နဲ့ဆေးရုံလူနာဆောင်က စသဖြင့် ဧည့်အကျဥ်းသားတွေလည်း အမေနေ့တရားပွဲကိုလာရောက်ခွင့်ရခဲ့ကြပါတယ်။
အဲဒီမှာ မှတ်မိသလောက်ဆိုရင် သီးခြားတိုက်ဘက်ကဧည့်သည်တော်နိုင်ငံရေးအကျဥ်းသားကြီးတွေထဲမှာ ဦးနိုင်ငွေသိမ်း(မွန်ပြည်သစ်)၊ ဒေါက်တာမင်းကြည်ဝင်း၊ ဒေါက်တာ မင်းစိုးလင်း၊ ကိုစိုးလွင်(ထားဝယ်)၊ သူပုန် ကြီး(ဇော်မင်းမင်းလတ်) ၊ရှေ့နေကြီး… တို့ ပါတာကိုတော့ မှတ်မိပါသေးတယ်။ ကိုစိုးလွင် (ရန်ကုန်) နဲ့ ကိုငြိမ်းသစ်(ကဗျာဆရာ၊ စာရေးဆရာ၊ ဒါရိုက်တာ)တို့ လွတ်ပြီးမှထင်ရဲ့။ နှစ်ပေါင်း ၂၀ လောက်ကြာပြီမို့ အသေးစိတ်အတိအကျမှတ်မိဖို့ မလွယ်တော့။
ထောင်အာဏာပိုင်တွေက သီးခြားဆောင်ကလာတဲ့သူတွေကို အိပ်ဝင်းဆောင်ကသူတွေနဲ့စကားပြောခွင့်တော့ မပေးပါဘူး။ သူတို့ကို တရားပွဲရှေ့နား သတ်မှတ်ထားတဲ့နေရာမှာပဲတရားနာယူခွင့်ပေးပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ လူချင်းတွေ့ကြတဲ့ခဏမှာ အမိအရနှုတ်ဆက်ကြ၊ သတင်းဖလှယ်ကြရတာပါပဲ။မေ့လို့မရတဲ့ကျေးဇူးတရားလို့ပဲပြောပြော၊ ဘဝတူချင်းမျှဝေခံစားကူညီမှုလို့ပဲဆိုဆိုအဲဒီလိုတွေ့တဲ့ခဏလေးမှာ သူတို့က ကျွန်တော်တို့အတွက် ရိက္ခာလေးတွေယူလာပေးခဲ့ဖူးတယ်။ငရုတ်သီးအကျက်မှုန့်၊ အချို့မှုန့်၊ ကော်ဖီမစ် ထုပ် စသဖြင့်ပေါ့။ အကျဥ်းသားချင်းလျှို့ဝှက်ထောင်ဝင်စာပါပဲ။
ထောင်ဝင်စာလာတဲ့အကျဉ်းသားတွေအနေနဲ့ကတော့ ထောင်၀င်စာရ,ထားတဲ့ရှိစုမဲ့စုရိက္ခာလေးတွေထဲက ကော်ဖီမစ်၊ မုန့်ခြောက်၊ မျက်နှာသုတ်ပုဝါ စသဖြင့် တတ်နိုင်သမျှလှူဖွယ်၀တ္ထုလေးတွေကို ဆက်ကပ်လှူဒါန်းပြီး ကုသိုလ်ထူးကိုရယူခဲ့ကြပါတယ်။
ပြောရဦးမယ်။ ကလေးမြို့သားကို မော်လမြိုင်ထောင်ထဲပို့ထားတော့ ကျွန်တော့်မှာ ထောင်ဝင်စာဆိုတာမူးလို့တောင်ရှူစရာတောင်မရှိဘူးလေ။
ဒါကြောင့် သံဃာတော်ကို ဘာလှူဖွယ်၀တ္ထုမှ မလှူနိုင်ပေမယ့် သံဃာ့ဝေယျာ၀စ္စ၊တရားပွဲဝေယျာ၀စ္စတွေကို အမေ့ရင်သွေးနဲ့ ဖွဲ့စည်းထားတဲ့ စိတ်ခန္ဓာ ၂ ပါးရဲ့လုပ်အားနဲ့ကုသိုလ်ကောင်းမှုပြုနိုင်ခဲ့ပါတယ်။
ဗုဒ္ဓဘုရားရှင်ကိုယ်စား သံဃာတော်အရှင်သူမြတ်ရှေ့မှောက်မှာ ၉ ပါးသီလခံယူ၊တရားတ်ေမြတ်နာယူပြီးဥပုသ် သီလတော်မြတ်ကို မကျိုး၊ မပေါက်၊ မပြောက်၊ မကျားအောင် ဆောက်တည်စောင့်ထိန်းပြီးတော့ အမေ့ကျေးဇူးကိုအကျဥ်းထောင်ထဲကနေ လှမ်းဆပ်ခဲ့ရတာပါ။
အကျဥ်းထောင်နံရံတွေထဲမှာပဲ ဆရာကြီးဦးသုခရဲ့ ”အမေနေ့ ”စာအုပ်ပါးပါးလေးအမြတ်တနိုးဖတ်ခဲ့ကြရ၊ ဆရာကြီးဦးသုခရဲ့ ကြိုးစားအားထုတ်မှုကြောင့် မြန်မာနိုင်ငံမှာပြာသိုလပြည့်နေ့ကို ” အမေနေ့”ရယ်လို့ သတ်မှတ်နိုင်ခဲ့ကြတဲ့ ”အမေနေ့”ဖြစ်ပေါ်လာပုံကိုလည်း
ကြည်နူးဂုဏ်ယူကြရတယ်မဟုတ်လား။
အဲဒီအမေနေ့မှာ အမေ့ကို ရင်ထဲကလှိုက်လှိုက်လှဲလှဲအောက်မေ့တမ်းတမိလွန်းလို့ “အမေနေ့… အမေသို့”ဆိုတဲ့ စာတစ်စောင်ကို ထောင်အာဏာပိုင်တွေမသိအောင် ခိုးရေးထားခဲ့ဖူးပါတယ်။
အမေဆီကိုပို့ခွင့်မရခဲ့တဲ့ အကျဉ်းထောင်ထဲက သားတစ်ယောက်ရဲ့ အမေနေ့အမှတ်တရ စာတစ်စောင်ပါ။ ကြာခဲ့ပါပြီလေ။အဲဒီစာလေးထဲက မှတ်မှတ်ရရအကြောင်းအရာလေးတွေကို မျှဝေခြင်းသာပါ….။
ကျွန်တော်တို့ ထေရဝါဒဗုဒ္ဓဘာသာမှာ မိဘကျေးဇူးကိုကျေပွန်အောင်အမွန်မြတ်ဆုံးပေးဆပ်နိုင်တဲ့နည်းလမ်းက တစ်ခုတည်းသာရှိပါတယ်။
အဲဒါကတော့ “တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးခြင်းဖြင့် နိဗ္ဗာန်သို့လမ်းညွှန်ပို့ဆောင်ပေးနိုင်ခြင်း”ပါပဲ။
ဗုဒ္ဓဘုရားရှင်ကိုယ်တိုင် မြွက်ကြားခဲ့တဲ့စကားပါတဲ့။ ပါဠိလိုတွေမကျွမ်းကျင်တော့အနက်ကိုပဲစွဲနေအောင်မှတ် ထားပြီး နားလည်သလိုပြန်ပြောလိုက်တာပါ။
မိခင်ကျေးဇူးဆပ်ခြင်းနဲ့ပတ်သက်ပြီး အသိအမှတ်မှားနေခဲ့ကြတဲ့ အကြောင်းအရာတစ်ခုကိုလည်းပြောပါရစေ။ ဒါနဲ့ပတ်သက်လို့ တကယ် စိတ် မကောင်းဖြစ်နေခဲ့ဖူးတယ်။ ဟုတ်ပါ့မလားလို့လည်းသံသယ၀င်ခဲ့မိပေမယ့် တကယ့် ဆရာ့ဆရာကြီးတွေကိုယ်တိုင်က
အဆင့်ဆင့်လက်ဆင့်ကမ်းပြောလာခဲ့ကြလို့ အမှန်လို့ယူဆနေကြတော့ ကိုယ့်ရဲ့သံသယကိုစောဒကမတက်ဝံ့ခဲ့ပါဘူး။
အဲဒါ ဘာလဲဆိုတော့ “မြတ်စွာဘုရားတောင် မယ်တော့်ကျေးဇူးကို နို့တစ်လုံးဖိုးပဲကျေအောင်ကျေးဇူးဆပ်နိုင်ခဲ့တယ်”ဆိုတာပါ။
သုံးလောကထွတ်ထား အတုမရှိသဗ္ဗေညုမြတ်စွာဘုရားရှင်တောင်မှ မယ်တော့်ကျေးဇူးကိုနို့တစ်လုံးဖိုးသာကျေ အောင်ဆပ်နိုင်ခဲ့တယ်ဆိုရင် ကျွန်တော်တို့လိုသာမာန်ပုထုဇဉ်လူသားတစ်ယောက်အနေနဲ့ဆို အမေ့နို့ရည်တစ်စက်ရဲ့ သန်းတစ်ထောင်ပုံတစ်ပုံတောင်ကျေနိုင်မယ်မထင်တော့ဘူး။
မိခင်ကျေးဇူးကို အတိဿရမြောက်လွန်းအောင် ရေးဖွဲ့သီကျူးခဲ့ကြတဲ့ ဇာတ်ဆရာတွေနဲ့စာရေးသူတချို့ရဲ့ မှားယွင်းတဲ့စေတနာထက်သန်မှုကြောင့် လူထုကြားမှာ အသိမှားအဖြစ်စိမ့်၀င်နေခဲ့ရတာပါပဲ။
တကယ်တော့ မြတ်စွာဘုရားရှင်ဟာ မယ်တော်နှစ်ပါးရဲ့ကျေးဇူးတွေကို နို့နှစ်လုံးဖိုးစလုံးကျေအောင်ဆပ်နိုင်ခဲ့ပါသတဲ့။
မိထွေးတော်ဂေါတမီနတ်ရွာစံခါနီးမှာ သားဘုရားရှင်ကိုလျှောက်ကြားခဲ့တဲ့စကားတွေကိုထောက်ပြီးအဖြေမှန်ကို သိနိုင်ခဲ့ပါတယ်တဲ့။
ထေရီ အပဒါနပါဠိတော်၊ စာမျက်နှာ – ၂၀၉၊ ဂါထာ ၁၃၃ မှာ “ဗန္ဓနာရက္ခနေ မယှံ၊ အနဏော တွံ့မဟာမုနေ”လို့ ပါရှိကြောင်း ဖတ်ဖူး၊ မှတ်ဖူးခဲ့ရပါတယ်။
အဓိပ္ပါယ်ကတော့ “မဟာမုနေ- မြတ်စွာဘုရား၊ တွံ – အရှင်ဘုရားသည်၊ မယှံ-တပည့်တော်အား၊ဗန္ဓနာရက္ခနေ -ကိလေသာအနှောင်အဖွဲ့က လွတ်မြောက်အောင်စောင့်ရှောက်ခြင်းကြောင့်၊ မယှံ-တပည့်တော်၏အပေါ်၌၊ အနဏော – နို့ဖိုးကြွေးကင်းသူ၊ ဝါ – နို့နှစ်လုံးဖိုးစလုံးကျေအောင်မိခင်ကျေးဇူးဆပ်ပြီးသူ၊ အသိ-ဖြစ်တော်မူပါပေ၏” တဲ့။
ဒီတော့ ၇ ရက်သားအရွယ်ကစပြီး နို့တိုက်ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့ရတဲ့မိထွေးတော်ဂေါတမီအပေါ်မှာ တောင် နို့နှစ်လုံးဖိုးစလုံးကျေအောင်ပေးဆပ်နိုင်ပြီဖြစ်လို့ ၇ ရက်သာနို့စို့ခဲ့ရတဲ့ မိခင်ရင်း မယ်တော်မာယာမဟာ ဒေဝီအပေါ်လည်း နို့ဖိုးကြွေးကင်းပါသတဲ့။
မြတ်စွာဘုရားရှင်ဟာ ဘုရားအဖြစ်ရောက်တော်မူပြီးနောက် တာ၀တိံသာနတ်ပြည်မှာသန္တုဿိတနတ်သားအဖြစ် စံစားနေတဲ့ ဘဝဟောင်းကမယ်တော်ကိုအဘိဓမ္မာတရားဟောကြားပေးခြင်းဖြင့်လည်း မိခင်ကျေးဇူး၊ မိခင်နို့ဖိုးကို ဆပ်နိုင်ခဲ့ပါတယ်။
ဆာလောင်မွတ်သိပ်မှုကို တခဏတာပြေပျောက်စေနိုင်တဲ့ လောကနို့ရည်ရဲ့ကျေးဇူးတွေကိုဆာလောင်မွတ်သိပ်မှု (တဏှာ)ကို ထာဝရပြေပျောက်စေနိုင်တဲ့ ဓမ္မနို့ရည်နဲ့ကျေပွန်အောင်ပေးဆပ်နိုင်ခဲ့ကြောင်းကို အမေနေ့မှာ အသိမှန်အဖြစ် မျှဝေလိုက်ပါတယ်။
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ပြာသိုလပြည့်နေ့ (25.1.2024) ကတော့ မြန်မာနိုင်ငံရဲ့ ၂၉ ကြိမ်မြောက်အမေနေ့ဖြစ်တဲ့အတွက် ဘ၀အဆက်ဆက်က အမေအားလုံး၊ လောကမှာရှိတဲ့ အမေအားလုံး၊သဗ္ဗေသတ္တာတို့ရဲ့ အမေအားလုံးကို ရိုသေလေးမြတ်စွာ ဦးညွတ်ဂါရပြုလျက်….။
ကျွန်တော့်အမေလား …။
လာမယ့် ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၅ ရက်ဆို အမေဆုံးတာ ၈ နှစ်ပြည့် နှစ်လည်နေ့ပါ။