ရခိုင်ပြည်ထိုးစစ်အတွင်း နောက်ထပ်မြို့ ၁ မြို့ကို AA သိမ်းပိုက်
***********************
သဇင်
ဇန်နဝါရီ ၂၅ ၊၂၀၂၄။
ရခိုင်ပြည်နယ် စစ်ဆင်ရေးတွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းတို့ဖြင့် အပြင်းအထန်ပစ်ကူပေး တိုက် ခိုက်နေသည့်ကြားက ပေါက်တောမြို့ကို AA က အလုံးစုံထိန်းချုပ်လိုက်နိုင်ပြီဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။
ရက္ခိုင့်တပ်တော် – AA သည် ရခိုင်ပြည်နယ်စစ်ဆင်ရေးကို ပြီးခဲ့သော နိုဝင်ဘာလ ၁၃ ရက်တွင် စတင်ခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းအတွက် စစ်ရေးအရအရေးပါသည့် ချင်းပြည်နယ်၊ ပလက်ဝဒေသကို ယခုလ ဒုတိယ အပတ်က ထိန်းချုပ်နိုင်ခဲ့သည်။
စစ်ဆင်ရေးကာလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များတွင် ပြင်းထန်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပေါက် တောမြို့ကို အလုံးစုံထိန်းချုပ်လိုက်နိုင်ပြီးဟု ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က အသိပေးထုတ်ပြန်လာခြင်းဖြစ်သည် ။
ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေသည်။
ရခိုင်ပြည်နယ်တိုက်ပွဲများတွင် စစ်ကောင်စီက အရပ်သားပစ်မှတ်များကို ပိုမိုတိုက်ခိုက်နေပြီး ဒေသခံပြည်သူ ထိခိုက်သေဆုံးမှုများ နေ့စဥ်နီးပါးဖြစ်ပွားနေသည်။
ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်၊ ညနေ ၆ နာရီဝန်းကျင်တွင် မင်းပြားမြို့နယ်၊ သဲတန်းကျေးရွာအား စစ်ကောင်စီသင်္ဘောက ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးခဲ့ရပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ကျေးရွာတွင်းရှိ နေအိမ် ၃ လုံး လုံးဝပြိုကျပျက်စီးခဲ့ရသည်။
ထို့ပြင် ရခိုင်ပြည်၊ ရမ်းဗြဲမြို့ပေါ်ရပ်ကွက်နှင့် အနီးတဝိုက်နေရာများကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ၊ ရဟတ် ယာဉ်များဖြင့် ၃၃ ကြိမ်ထက်မနည်း တရစပ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုအရေအတွက်သည် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု အများဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်၊ အဆောက်အအုံ နှင့် ချောင်းကူးတံတားအချို့ ထိမှန်ပျက်စီးခဲ့ပြီး ရမ်းဗြဲမြို့မရဲစခန်းနောက်ဘက်ရှိ ရမ္မာဝတီစျေးဆိုင်တန်းက ဆိုင်ခန်း ၆ ခန်း လည်း မီးလောင်ပျက်စီးခဲ့သည်။
ဇန်နဝါရီလ ၂၃ ရက်တွင်လည်း ရခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ “စကခ (၁၅)” က အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဘူးသီး တောင်မြို့နယ်၊ မောင်နှမပုလဲတောင်ရွာကြီးက အရွယ်မရောက်သေးသော မူဆလင်ညီအစ်ကို ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ကလေးငယ် ၂ ဦး အပါအဝင် ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ – AA Info Desk