ကော်သူးလေအိပ်မက်နှင့် ကရင်နှစ်သစ်ကူးနေ့
******************************
နန်းဆုပန်ခန့်
ဇန်နဝါရီ ၁၁၊ ၂၀၂၄။
မြူဆိုင်းနေတဲ့မနက်ခင်းတစ်ခုရဲ့ ကွင်းပြင်ကြီးဘေးလမ်းမပေါ် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ထပ်ထားတဲ့ ပလတ်စတစ်ခြင်းတောင်းတွေကို ခေါင်းပေါ်ရွက်လာနေတာကို တွေ့ရပါတယ်။ ချမ်းအေးပြီးမြူတွေဆိုင်း နေတဲ့ မနက်ခင်းကို အဲဒီအမျိုးသားကမမှုဘဲ မနက်ခင်းနဲ့အပြိုင်အလုပ်လုပ်နေလေရဲ့။
ဟိုပြေး ဒီပြေးလုပ်ထားတဲ့ သူ့ခန္ဓာကိုယ်မှာလည်း ချွေးတရွှဲရွှဲစီးကျနေတဲ့အတွက် သူ့ကိုကြည့်ရတာချမ်းအေးပုံလည်းမပေါ်ပါဘူး။ ခေါင်းပေါ်ထပ်တင်ထားတဲ့ ပလတ်စတစ်ခြင်းတောင်းတစ်ဘက်နဲ့သူကကျွန်မကို ”အခမ်းအနားတက်မယ့်ကလေးတွေကို သွားနိုးပြီးပြန်လာတာ”လို့လှမ်းအော်ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ဟာ ”၂၇၆၃ ခုနှစ်ပြည့်” ကရင်နှစ်သစ်ကူးနေ့ဖြစ်တဲ့အတွက်ကရင်လူမျိုးဖြစ်တဲ့ သူသည်လည်းပဲ အခြားလူတွေနဲ့အတူ ပြင်ဆင်စရာရှိတာတွေပြင်ဆင်နေပုံပေါ်ပါတယ်။
လူအများသုံးစွဲနေကြတဲ့ ခရစ်သက္ကရာဇ်အပြင် နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ သူတို့နဲ့သက်ဆိုင်တဲ့သီးခြားခုနှစ်၊ သက္က ရာဇ်တွေရှိနေကြပြီး နှစ်သစ်ကူးနေ့သတ်မှတ်ရာမှာလည်း သူတို့နဲ့သက်ဆိုင်တဲ့ခုနှစ်၊ သက္ကရာဇ်ကိုသာ သတ်မှတ် သုံးစွဲလေ့ရှိကြပါတယ်။
ကရင်လူမျိုးတွေ ဆင်းသက်ပြန့်ပွားလာပုံနဲ့ပတ်သက်ပြီး ကျွန်မလက်လှမ်းမီသလောက်မေးမြန်းလေ့လာကြည့်ခဲ့ ရာမှာတော့ ကရင်အမျိုးသားတွေရဲ့ခေါင်းဆောင်တစ်ယောက်ကအခုလိုပဲပြောပါတယ်။”ကရင်လူမျိုးတို့က မွန်ဂိုလီးယားကနေ တရုတ်နိုင်ငံ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေမှ လမ်းကြောင်း ၃ကြောင်းဖြစ်တဲ့ သံလွင်မြစ်၊ ဧရာဝတီမြစ်နဲ့ မဲခေါင်မြစ်တွေကိုဖြတ်ပြီး တချို့တွေကထိုင်းနိုင်ငံမှာ ကျန်ခဲ့ကြသလို တရုတ်ပြည်နဲ့ နီးစပ်ရာလမ်းကြောင်းတလျှောက်တွေမှာကျန်ခဲ့တာတွေလည်းရှိတယ်”
ကရင်အမျိုးသားတွေက “သလေ”လ (သို့မဟုတ်) ”ထိုက်ခေါက်ဖိုး”လ ကို ကရင်လူမျိုးတွေရဲ့အဦးအစ ပထမလအဖြစ်သတ်မှတ်ပြီး လဆန်း ၁ ရက်ကို နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ကရင်လူမျိုးတွေရဲ့ အဦးအစပထမလကို စကောကရင်တွေက “သလေ”လလို့ခေါ်ဆိုပြီးပိုးကရင်တွေကတော့ ”ထိုက်ခေါက်ဖိုး”လ လို့ ခေါ်ဆိုလေ့ရှိကြပါတယ်။ မြန်မာသက္ကရာဇ်နဲ့တွက်ကြည့်ရင်“ပြာသိုလ” ဖြစ်တဲ့အတွက် အများနားလည် အောင်ပြောရမယ်ဆိုရင်တော့ ပြာသိုလဆန်း ၁ ရက်က“ကရင်နှစ်သစ်ကူးနေ့ပါပဲ။
ကရင်နှစ်သစ်ကူးဖြစ်ပေါ်လာပုံ
******************************
ကရင်အမျိုးသားခေါင်းဆောင်ကြီးတွေဖြစ်ကြတဲ့ ဒေါက်တာ တီသံပြာ၊ ဦးလူနီ၊ ဒေါက်တာမြတ်စံ၊ ဦးစံလုံးနဲ့ အခြား ကရင်အမျိုးသားခေါင်းဆောင်ကြီးတွေက “ဒေါကလူ” လို့ခေါ်တဲ့ကရင်အမျိုးသားအသင်းကြီး – Karen National Association ( KNA ) အသင်းကြီးကို ၁၈၈၁ ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။ အဲဒီအချိန်ကာလတွေတုန်းကဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအဖွဲ့အစည်းဆိုလို့ဘယ်လိုအဖွဲ့အစည်းမျိုးမျှ မရှိသေးချိန်ပါ။
ဒေါကလူအသင်းကြီးကပဲ “ကရင်နှစ်သစ်ကူးနေ့” ကိုကျင်းပနိုင်ရင်ပိုပြီးကောင်းမယ်လို့ဆုံးဖြတ်ခဲ့ပြီးနောက် အနယ်နယ်အရပ်ရပ်က ကရင်အမျိုးသားခေါင်းဆောင်တွေနဲ့အောက်လွှတ်တော်အမတ်တွေကိုတွေ့ဆုံစေပြီး ကရင်နှစ်သစ်ကူးနေ့ကျင်းပနိုင်မယ့်သင့်တော်တဲ့ရှေးအထောက်အထားတွေ၊ အကြောင်းအရာတွေကိုစုံစမ်းပြီး “ဒေါကလူ” အသင်းကြီးကိုပြန်ပြီးအစီရင်ခံစေခဲ့ပါတယ်။
ဒါကြောင့်လည်း ကရင်လူမျိုးတွေနေထိုင်ရာ အနယ်နယ်အရပ်ရပ်ကနေ အစီရင်ခံစာတွေရောက်ရှိလာယုံတင်မ ကဘဲ ဖာပွန်မှာ ကျောင်းဆရာအဖြစ် နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့တဲ့မြောင်းမြခရိုင်- တကူးဆိပ်ရွာသား “ဆရာ ယာနီ” ဆိုသူကိုယ်တိုင်လာရောက်ပြီး တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပါတယ်။
တောင်ပေါ်ကရင်ဒေသမှာရှိတဲ့ ကရင်အမျိုးသားတွေအသုံးပြုတဲ့ ပျဉ်ပြားပြက္ခဒိန်ကို ဆရာယာနီကသူနဲ့အတူယူ ဆောင်လာခဲ့ပါတယ်။ သူယူဆောင်လာခဲ့တဲ့ပျဉ်ပြားပြက္ခဒိန်မှာ တစ်နှစ်အတွက် လပေါင်း၁၂ လ ပါရှိကြောင်း ဖော် ပြထားတဲ့အပြင် ပထမဆုံးလက ပြာသိုလဖြစ်ကြောင်းသက်သေအထောက်အထားနဲ့ တင်ပြခဲ့တယ်လို့ ကရင့် သမိုင်းမှတ်တမ်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။
“ဒေါကလူ”အသင်းကြီးရဲ့ အထွေထွေအတွင်းရေးမှူး မန်းဘခင် ကလည်း နှစ်ပေါင်း ၇၀ ကျော်ကစတင်ထုတ်ဝေခဲ့ တဲ့ ပိုးကရင်သင်ပုန်းကြီးနဲ့ ဖတ်စာအုပ်ကို တင်ပြခဲ့ပါတယ်။ အဲ့ဒီဖတ်စာအုပ်မှာလည်းတစ်နှစ်မှာ ၁၂ လ ပါရှိပြီး ပြာသိုလ က ပထမဆုံးလဖြစ်ကြောင်းနဲ့ ဘိုးဘွားတွေလက်ထက်ကစပြီးဒီကနေ့တိုင်အောင် ကရင်နှစ်သစ်ကူးနေ့ ကို ပြာသိုလဆန်း ၁ ရက်မှာကျင်းပလေ့ရှိကြောင်းတင်ပြသွားခဲ့ပါတယ်။
ဒါကြောင့် သမိုင်းဝင်နေ့တစ်နေ့ဖြစ်တဲ့ ကရင်နှစ်သစ်ကူးနေ့သတ်မှတ်ရေး အဆိုတင်သွင်းရာမှာအောက်လွှတ်တော် က စတင်တင်သွင်းရမှာဖြစ်တာကြောင့် ကရင်အမတ် ၁၅ ဦးရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့စောဂျွန်ဆင်ဒီဖိုးမင်း က နေ့ရက်သတ်မှတ်ရေးအတွက် တောင်ငူမြို့မှာရှိတဲ့ကရင်သက်ကြီးဝါရင့်သူတချို့နဲ့ ဆွေးနွေးခဲ့ပြီး သရာမိုးလို (ကရင်အမျိုးသားအလံတော်ပုံစံတင်သွင်းရာတွင် ဒုတိယဆုရရှိသူ)ကို ဆက်လက် တာဝန်လွှဲအပ်ခဲ့ကြတယ်။ သရာ မိုးလို ကကရင်အမျိုးသားတွေရဲ့ ခုနှစ်၊ သက္ကရာဇ် နှစ်ပေါင်းမည်မျှရှိကြောင်းနဲ့ ကရင်အမျိုးသားတွေရဲ့နှစ်သစ်ကူးနေ့က မည်သည့်နေ့၊ လ မှာ ဖြစ်ကြောင်း အချက် ၂ ချက်ပေါ်မူတည်ပြီးရှာဖွေသုတေသနလုပ်ခဲ့ကာ ပြန်လည်တင်ပြခဲ့ပါတယ်။
သရာမိုးလို က ကရင်သက္ကရာဇ်ကို ကရင်လူမျိုးတွေ မြန်မာနိုင်ငံကိုစတင်ဝင်ရောက်လာခဲ့တဲ့နှစ်ကအစပြုပြီး ရေ တွက်ဖို့အဆိုပြုခဲ့ပါတယ်။ ကရင်လူမျိုးတွေ မြန်မာနိုင်ငံကိုစတင်ဝင်ရောက်လာခဲ့ကြတဲ့ ဘီစီ ၇၃၉ ခုနှစ်ကနေ ရေတွက်မယ်ဆိုရင် အဆိုပြုချက်တင်သွင်းခဲ့တဲ့၁၉၃၆ ခုနှစ်မှာ နှစ်ပေါင်း ၂၆၇၅ နှစ် ရှိခဲ့ပြီဖြစ်ပြီး တောင်ငူမြို့ကသက်ကြီးဝါကြီးတွေကသဘောတူညီသတ်မှတ်လိုက်တဲ့ သလေ လ ၁ ရက်ကို စောဂျွန်ဆင်ဒီဖိုးမင်း လက်မှတ်ထိုးပြီးအောက်လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။
အဲဒီနောက် အထက်လွှတ်တော်က ဆရာစံဘော် ဆက်လက်ဦးဆောင်ပြီး ဝန်ကြီး စောဖေသာ နဲ့ညှိနှိုင်းကာဒေါက်တာ ဘမော်အစိုးရအဖွဲ့ကိုတင်ပြခဲ့ပြီးနောက် အစိုးရသဘောတူညီချက်အရ (Cabinet ExecutivePower) နဲ့ ဘုရင်ခံဆီတင်ပြပြီး ဘုရင်ခံရဲ့သဘောတူညီချက်နဲ့ အစိုးရရုံးကိုလွှဲပြောင်းနိုင်ခဲ့ပါတယ်။
စာချုပ်စာတမ်း အက်ဥပဒေ (Negotiable Instrument act.)အရ ကရင်နှစ်သစ်ကူးနေ့ကိုအစိုးရအသိအမှတ်ပြု ရုံး ပိတ်ရက်အဖြစ်သတ်မှတ်ခဲ့ပြီး ပထမဆုံး အသိအမှတ်ပြုရုံးပိတ်ရက်ဖြစ်တဲ့၁၉၃၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှာ ဝတ်လုံတော်ရ ဆစ်ဒနီလူနီ က အသံလွှင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
သရာမိုလို ရှာဖွေချမှတ်ပေးခဲ့တဲ့ မြန်မာနိုင်ငံကိုကရင်လူမျိုးတွေရောက်ရှိလာတဲ့ နောက်ဆုံးကာလနဲ့ခရစ်နှစ်ကို ပေါင်းရာကနေ ကရင်သက္ကရာဇ်ရရှိလာပြီးနောက် “သလေ”လဆန်း ၁ ရက်နေ့လို့အတည်ပြုထားတဲ့ ပြာသိုလဆန်း ၁ ရက် ဒါမှမဟုတ် “ထိုင်ခေါက်ဖိုး”လဆန်း ၁ ရက် ကိုသာကရင်နှစ်သစ်ကူးနေ့အဖြစ် ကရင်အမျိုးသားထုတစ်ရပ် လုံးက ဆက်လက်အတည်ပြုလက်ခံလာခဲ့ပြီး၂၀၂၄ ခုနှစ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ကရင်နှစ်သစ်ကူးနေ့ ကျင်းပလာခဲ့တာ ၈၆ နှစ်ရှိခဲ့ပြီပဲဖြစ်ပါတယ်။
(ဓာတ်ပုံ – သံလွင်ခက်)
ကရင်လူမျိုးပျံ့နှံ့ပုံ
**************************
ကရင်လူမျိုးတွေဟာ ဘီစီ ၂၂၃၄ ခုနှစ်မှာ မြစ်နှစ်မွှာဖြစ်တဲ့ မက်ဆိုပိုတေးမီးယားဒေသနဲ့ ရှိနာလွင်ပြင်ဒေသတွေ ကနေထွက်ခွာလာပြီး ဘီစီ ၂၀၉၇ ခုနှစ်မှာ မွန်ဂိုလီးယားနဲ့ ၊ ဘီစီ၂၀၁၇ – ၁၈၆၆ ခုနှစ်မှာ အရှေ့တောင်အာရှ ၊ ဘီစီ ၁၈၆၄ မှာ တိဘက်၊ ဘီစီ ၁၃၈၈ – ၁၁၂၈ မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာနေထိုင်ခဲ့ပါတယ်။ ဘီစီ ၁၁၂၅ မှာတော့ မြန်မာနိုင်ငံကို ပထမအသုတ်အဖြစ်ရောက်ရှိလာခဲ့ပြီး ဘီစီ ၇၁၂ ခုနှစ်မှာတော့ ကျန်ခဲ့တဲ့ ကရင်လူမျိုးတွေက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကထွက်ပြီး ဘီစီ ၇၃၉ ခုနှစ်မှာ ဒုတိယအသုတ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါ တယ်။
မြန်မာနိုင်ငံမှာဆိုရင်တော့ ကရင်လူမျိုးတွေအနေနဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး ၊ ပဲခူး တိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာ အများဆုံးနေထိုင်ကြပါတယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာရှိတဲ့ ကရင်လူမျိုးတွေအနေဲ့ စစ်ဘေးဒဏ်ကြောင့် ထိုင်း – မြန်မာ နယ်စပ်မှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကနေတဆင့် တတိယနိုင်ငံဖြစ်တဲ့ အင်္ဂလန်၊ ဂျာမနီ၊ ဆွဇ်ဇာလန်၊ အမေရိကန်၊ ကနေဒါ နဲ့ ဩစတေးလျနိုင်ငံတွေဆီ ကုလသမဂ္ဂအစီအစဉ်ဖြနဲ့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြပါတယ်။
ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကျင်းပနေပုံမြင်ကွင်း။ (ဓာတ်ပုံ – သံလွင်ခက်)
နှစ်သစ်ကူးကျင်းပပုံ
******************************
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က ၂၇၆၃ ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်လို့ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ကရင်တိုင်းရင်းသားတွေနေထိုင်တဲ့ဒေသတွေ အပါအဝင် ထိုင်းနိုင်ငံရဲ့ရွှေ့ပြောင်း ကျောင်းတွေမှာလည်း ဦးဆောင်ကျင်းပတာတွေရှိနေပါတယ်။
ထိုင်း-မြန်မာ ရွေ့ပြောင်းကျောင်းဖြစ်တဲ့ ဦးမန်းဗလစိန်ဦးဆောင်တည်ဆောက်ခဲ့တဲ့ Kwe Ka Baung School (ခွဲကဘောင်ကျောင်း) မှာတော့ ဇန်နဝါရီလ ၁ ရက်ကစပြီး အခမ်းအနားအမျိုးမျိုးကျင်းပခဲ့ပါတယ်။
“ ဇန်နဝါရီ ၁၁ ရက်မှာကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့မှာတော့ မနက်အစောပိုင်းအချိန်မှာ ကရင်အလံတော် တင်ခြင်း၊ ဖိတ်ကြားထားတဲ့ဧည့်သည်တွေ တက်ရောက်စကားပြောခြင်း အခမ်းအနားတွေရှိမှာဖြစ်တယ်” လို့ ခွဲကဘောင်ကျောင်းအုပ် မန်းကျော်ခလိန်းယှူး က ပြောပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးမှာတော့ ကောက်သစ်စားပွဲနဲ့ ပတ်သက်တဲ့ ကောက်ပဲသီးနှံ တွေစုပုံပြီး သီးနှံအထွက်နှုန်းကောင်းဖို့ စောင့်ရှောက်တော်မူတဲ့ ဖိဖုယော် ခေါ် ပုန်းမကြည်ရှင်မကိုပူဇော်အပြင် သီဆိုကခုန်တာတွေလည်း ပါဝင်ပါတယ်။
ကရင်နှစ်သစ်ကူးပွဲတော်လာရောက်တဲ့ သက်ကြီးအဖိုးအို ၁ ဦးကတော့ “ ဖိဖုယော်ကိုပူဇော်တဲ့အချိန် ပါတဲ့ စပါးပုံ တွေမှာတော့ အဖိုးတို့အရင်ကဆိုရင် အဲ့ဒီစပါးကိုနည်းနည်းယူပြီး ကိုယ်ပြန်စိုက်တဲ့စပါးစေ့နဲ့ ရောပြီးစိုက်တယ်။ လူ ကြီးတွေက စပါးအသီးအနှံအထွက်ကောင်းတယ်လို့ယူဆလို့လေ” လို့ ကျွန်မကိုရှင်းပြပါတယ်။
ဖိဖုယော်ပူဇော်ရာမှာ ကောက်ညှင်း၊ အုန်းသီး၊ စပါး၊ ရိုးရာခေါင်ရည်၊ ရိုးရာအင်္ကျီ၊ အုန်းသီး၊ ထမင်းနဲ့ ကြက်သားတို့ပါဝင်ကြပါတယ်။
ရွှေ့ပြောင်းကျောင်းတစ်ကျောင်းဖြစ်တဲ့ ဆာသူးလေကျောင်းကတော့ ခွဲကဘောင်ကျောင်းလို ကရင်နှစ်သစ်ကူး ပွဲတော်ကို ဦးဆောင်ကျင်းပနိုင်တာမရှိပေမယ့် ကရင်တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့အတွက် ပွဲတော်ကျင်းပပေးတဲ့ ရွေ့ပြောင်းကျောင်းတွေကိုတော့ တက်ရောက်ချီးမြှင့်ပေးတာတွေရှိတယ်လို့ ဆာသူးလေဖောင်ဒေးရှင်းဒါရိုက်တာနဲ့ ဆာသူးလေကျောင်းတည်ထောင်သူ ဒါရိုက်တာကပြောပါတယ်။
ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကျင်းပနေပုံမြင်ကွင်း။ (ဓာတ်ပုံ – သံလွင်ခက်)
“ KNU အဖွဲ့အစည်းကပဲဖြစ်ဖြစ်၊ KYO အဖွဲ့အစည်းကပဲဖြစ်ဖြစ်၊ KWO အဖွဲ့အစည်းကပဲဖြစ်ဖြစ်၊ သူတို့ရဲ့ဒီ နှစ်သစ်ကူးပွဲတော်ကျင်းပရေးမှာ သူတို့ရဲ့အစီအစဉ်လုပ်ဆောင်တဲ့အတိုင်း ဆရာမတို့က အဲ့ဒါတွေနဲ့ပဲ ဆရာမတို့ ကျင်းပတယ်လေနော်၊ အဓိပ္ပာယ်ကတော့ ဆရာမတို့ကျောင်းမှာ ဦးဆောင်ပြီးတော့ကရင်နှစ်သစ်ကူးပွဲတော်ကို မပြုလုပ်ဘူး၊ ဒီအဖွဲ့အစည်းကနေဦးဆောင်တဲ့ပွဲဆိုလည်း ဆရာမတို့က တက်ရောက်ချီးမြင့်ပေးတာတွေရှိတယ် ” လို့ ဆိုပါတယ်။
ကရင်လူမျိုးတွေက မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတွေမှာ အများဆုံးနေထိုင်ခဲ့ကြပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရရဲ့ တရားဝင်အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲမှာ ကရင်လူမျိုးလည်းပါဝင် ပြီး အစိုးရက ကရင်လူမျိုး ၁၁ မျိုးရှိတယ်လို့လည်း သတ်မှတ်ထားပါတယ်။
မြန်မာနိုင်ငံရဲ့၂၀၁၉ ခုနှစ်စာရင်းအရ ကရင်လူမျိုး ၃,၆၀၄,၀၀၀ ယောက်၊ ထိုင်းနိုင်ငံမှာ ၂၀၂၁ ခုနှစ်စာရင်းအရ ၁,၀၀၀,၀၀၀ ယောက်၊ အမေရိကန်မှာ ၂၀၁၈ ခုနှစ်စာရင်းအရ ၂၁၅,၀၀၀ ယောက်၊ ဩစတေးလျမှာ ၂၀၂၁ ခုနှစ် စာရင်းအရ ကရင်လူမျိုး ၁၁,၀၀၀ ယောက်၊ ကနေဒါမှာ ၂၀၁၇ ခုနှစ်စာရင်းအရ ၄,၅၁၅ ယောက်အပြင် အခြားနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဆွီဒင်နဲ့ အခြားနိုင်ငံတွေမှာလည်းပျံ့နှံ့နေထိုင်ကြပါတယ်။
ကရင်နှစ်သစ်ကူးကို ကရင်လူမျိုးရှိတဲ့နေရာဒေသတိုင်းမှာ လူနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကျင်းပခဲ့ပါတယ်။ သို့ပေမယ့် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ကာလ ၃ နှစ်နီးပါးကာလအတွင်း အရင် အာဏာမသိမ်းခင်အချိန်ကာလတွေတုန်းကလို စည်စည်ကားကားကျင်းပနိုင်ခြင်းမရှိတော့ပါဘူး။
ကရင်နှစ်သစ်ကူးသာမက ဘယ်ပွဲမျိုးမဆို အာဏာမသိမ်းခင်ကာလလို စည်ကားသိုက်မြိုက်မှုမရှိတော့ဘူးလို့လည်း ကရင်အမျိုးသာားခေါင်းဆောင် ၁ ယောက်က ပြောပါတယ်။
သူကက “ လက်ရှိ စစ်အာဏာသိမ်းကာလမှာတော့ နှစ်သစ်ကူးကျင်းပတာမပြောနဲ့ပေါ့။ တခြားသော ဘယ်ပွဲလမ်း သဘင်ပဲဖြစ်ဖြစ်၊ ထင်းခွေ၊ ရေခပ်၊ ရေမိုးချိုးတာကအစပေါ့နော်။ အကုန်လုံးက အကန့်အသတ် နည်းနည်းရှိတဲ့အခါ ကျတော့ ဒီလိုမျိုးအခက်အခဲတော့ရှိနေမှာပဲ “ လို့ပြောပါတယ်။
၂၇၆၃ ခုနှစ် ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူး ဝင်း က ကရင်လူမျိုးတွေအနေနဲ့ စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ်မှု၊ စိတ်ဓာတ်ခိုင်မာမှု၊ ရဲရင့်ပြတ်သားမှုကို ယူဆောင်ပေးလာဖို့ နဲ့ မိမိတို့ ကရင်လူမျိုးရဲ့ဂုဏ်သိက္ခာကို ထိပါးစေတဲ့အရာအားလုံးကို စည်းလုံးညီညွတ်မှုနဲ့ တွန်းလှန်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။
ကရင်နှစ်သစ်ကူးနေ့ကို စစ်မှန်ပျော်ရွှင်မှုနဲ့ ကျင်းပနိုင်ဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တစ်ရပ် မြန်မာနိုင်ငံမှာ တည်ဆောက်နိုင်ပြီး အစစ်အမှန်သာယာဝပြောတဲ့ ကရင်ပြည်ကိုသာ ကရင်လူမျိုးအများစုက လိုလား တောင့်တမျှော်လင့်နေကြပါတယ်။