
ကရင်အမျိုးသားအစည်းအရုံး – ကေအဲန်ယူထိန်းချုပ်ရာ တပ်မဟာ ၁ နယ်မြေ ဘီးလင်းမြို့နယ်၊ ပျဥ်းမပင်ဆိပ် အနောက်ဘက်ခြမ်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် သေဆုံးဒဏ်ရာရမှုများ ရှိသည်ဟု သိရသည်။
ယမန်နေ့ အောက်တိုဘာ ၉ ရက် ည ၈နာရီ ၁၃ မိနစ်တွင် လေယာဥ်ဖြင့် တိုက်ခိုက်သောကြောင့် ကလေးငယ်အပါအဝင် ဒေသခံ လေးဦး သေဆုံးခဲ့ရပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။


၎င်းက “ကလေးက ယောကျ်ားလေး၊ အသက်အတိအကျတော့ မသိဘူး။ သေချာတာက ၁၈ နှစ် မပြည့်သေးဘူး။ ထိတာက မိသားစုလိုက် ထိတာ။ တစ်မိသားစုလုံး ဆုံးသွားတာ။ ကလေးအပါအဝင် လေးယောက် သေသွားတာပေါ့” ဟု ပြောသည်။
လတ်တလောအချိန်တွင် ပြည်သူများအနေဖြင့် လေကြောင်းရန်အထူးသတိပြု နေထိုင်ကြရန်လည်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်တွင်လည်း တပ်မဟာ ၁ နယ်မြေ၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောကျေးနယ်၊ ချမ်းမြေ့စုဘုန်းကြီးကျောင်းသို့ စစ်ကောင်စီတပ်ဘက်မှ လေယာဥ်ကြဲချခဲ့သောကြောင့် ဘုန်းကြီး ခုနစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပုံစာ – ယမန်နေ့ လေယာဥ်ဗုံးကြဲမှုပြီးနောက် မြင်ကွင်း
#တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ #လေကြောင်းတိုက်ခိုက်မှု #ThanLwinKhetNews