မုံရွာ-အမြင့် ကားလမ်းပိုင်းတနေရာတွင် သီတင်းကျွတ်လပြည့်နေ့ ညပိုင်းတွင် ဆီမီးထွန်းပူဇော်သပိတ် ပြုလုပ်ခဲ့သည့် ပြည်သူတွေကို မုံရွာမြို့ အခြေစိုက်တပ်ရင်းမှ Paramotot နှစ်စီးဖြင့် ဗုံးများ ဆက်တိုက်ကြဲချခဲ့ခြင်းကြောင့် ငါးဦး ထပ်မံ သေဆုံးခဲ့သောကြောင့် သေဆုံးသူ ၂၈ ဦးအထိ ရှိသည်ဟု ဒေသခများထံမှ သိရသည်။
“ဒဏ်ရာပြင်းထန်တဲ့ ရဲဘော်တစ်ဦးထပ်ကျသွားတယ်။ ဆီးခုံ မှန်ပြီးတော့ ဒဏ်ရာပြင်းတယ်။ ကြိုးစားပြီးတော့ ကုတာပဲ ဒါပေမဲ့ သွေးကတောက်လျှောက်သွားနေရတယ်။ ကုသရင်း သတိရလိုက် မရလိုက်နဲ့ ကျသွားတာဗျ။ လည်ပင်းကို မှန်တဲ့ ၁၂ နှစ် အရွယ် ကလေးတယောက်လည်း ဆုံးသွားတယ်။ ”ဟု ချောင်းဦးမြို့နယ် ပကဖ အဖွဲ့ဝင် ရဲဘော်တစ်ဦးမှ ပြောသည်။
အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့က ချောင်းဦးမြိုနယ် ဗုံတိုကျေးရွာတွင် ဆီမီးထွန်းသပိတ် ကျင်းပပြုလုပ်နေစဉ် စက်တပ်လေထီးဖြင့် ဗုံးကြဲချခဲ့သောကြောင့် ဒေသခံ ၂၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရရှိသူ ၅၀ ကျော်ရှိခဲ့သည်။
ယမန်နေ့ ညပိုင်းတွင် ကလေးငယ်နှင့် ရဲဘော် တစ်ဦး အပါအဝင် သေဆုံးသူ ၅ ဦး ထပ်မံတိုးလာခြင်းကြောင့် အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် သေဆုံးသူ စုစုပေါင်း ၂၈ ဦးအထိ ရှိပြီဖြစ်သည်ဟု အသက် ၃၀ အရွယ် ချောင်းဦးဒေသခံ အမျိုးသားတစ်ဦးမှ အတည်ပြုသည်။
“အခက်အခဲက ဒဏ်ရာတော်တော်ပြင်းတဲ့ အခြေအနေ ဆိုးတဲ့သူတွေပါတယ်။ အဲတာကြောင့် ကျတာများတယ်။ ဆေးရုံဆေးခန်းတွေက ဆေးဝါးမလုံလောက်တာလည်း ပါတာပေါ့ဗျာ။ သူတို့ရဲ့ ဒဏ်ရာပြင်းထန်တဲ့ အပိုင်းတွေ ပါတာပေါ့ ထပ်တိုး သေဆုံးသူများလာတာ။”ဟု ၎င်းက ဆိုသည်။
ဗုံးကြဲခံရပြီး အချိန်တွင် သေဆုံးသူများထဲတွင် စစ်ကိုင်းတိုင်းဒေသသပိတ်အင် အားစုမှ ရဲဘော် ချမ်းငြိမ်းအောင်နှင့် ရဲဘော် ညီညီဇော်တို့ ကျဆုံးခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီကို တော်လှန်၍ အလုပ်မဆင်းသည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် CDM ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူ ကလေးငယ်များနှင့် ဒေသခံများလည်း သေဆုံးခဲ့ရသည်။
လက်ရှိ အချိန်ထိ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိထားသူများရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ကိုယ်လက် အင်္ဂါစွန့်လိုက်သူများလည်း ရှိနေသည့်ဟု သိရသည်။
“ပြင်းထန်တဲ့ အခြေအနေက အတိအကျတောင် ပြောဖို့ခက်ပါတယ်။ ဒဏ်ရာရလူနာတွေက ဆေးရုံဆေးခန်းတွေမှာ ဖြန့်ကျက်ကုသနေရတာ။စဖြစ်တဲ့ ညကနေ ခြေထောက်ပြတ်တဲ့သူ လက်ပြတ်တဲ့သူ ဗိုက်ပေါက်တဲ့သူ အသားစတွေ လွင့်စင်သွားတဲ့သူနဲ့ ဆေးရုံဆေးခန်းရောက်တော့လည်း ဒဏ်ရာက ပြင်းထန်တော့ လူနာက များတဲ့အခြေအနေမှာ ငိုယိုနေတာတွေ ကြုံခဲ့ရတယ်။ ” ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် စစ်တပ်၏ ဗုံးကြဲချခြင်းခံခဲ့ရသည့် ဗုံတိုရွာနှင့် အနီးအနားရွာများတွင် လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေရသူများ ရှိသကဲ့သို့ သေဆုံးသူများ အတွက် သဂြိုလ်ခြင်းများ ရှိနေဆဲဖြစ်သည်ဟု သိရသည်။
ပုံစာ – ဆီမီးထွန်းပွဲတွင် ဗုံးကြဲခံရခြင်းကြောင့် သေဆုံးသွားသူအား သဂြိုလ်နေစဉ်
#ချောင်းဦး #သေဆုံးသူ၂၈ဦးထိရှိလာ #ThanLwinKhetNews