
ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် အမျိုးသမီးငယ်တစ်ဦးအား သတ်ဖြတ် အလောင်းဖျောက်ဖျက်ရာတွင် ပါဝင်ခဲ့သူ အသက် ၁၈ နှစ်အရွယ် လူငယ်နှစ်ဦးကို ဖမ်းဆီးရမိသည်ဟု အာဏာသိမ်းစစ်ကော်မရှင်၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ အောက်တိုဘာလ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။
အဓိကကျူးလွန်သူသည် နိုင်ငံခြားမှ လူသတ်အလောင်းဖျောက်သည့် ရုပ်သံဇာတ်လမ်းတွဲများကို အတုခိုးကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၆ ရက်တွင် ပန်းဘဲတန်းမြို့နယ်၊ ၃၂ လမ်းရှိ Beauty Land Hotel ၏ အခန်းအမှတ် (၅၀၂) ပြတင်းပေါက်အပြင်ဘက်တွင် အမှိုက်အိတ်ဖြင့်ထည့်ထားသော အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိခဲ့သည်။
သေဆုံးသူမှာ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦဖြစ်သည်ဟု အတည်ပြုနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ခဲ့သည်ဟု ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးမှုများအရ ပြစ်မှုကျူးလွန်သူများမှာ သာကေတမြို့နယ်မှ အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်နှင့် ၎င်း၏ရည်းစားဖြစ်သူ ဗဟန်းမြို့နယ်မှ အသက် ၁၈ နှစ်အရွယ် အေမွန်အောင်တို့ဖြစ်သည်ဟု ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့နှစ်ဦးကို အောက်တိုဘာလ ၇ ရက်တွင် သက်ဆိုင်ရာနေအိမ်များ၌ ဖမ်းဆီးရမိခဲ့သည်။
အောင်ခန့်ကျော်ဇင်၏ ထွက်ဆိုချက်အရ ၎င်းသည် နိုင်ငံခြားဇာတ်လမ်းတွဲများကို အလွန်အကျွံကြည့်ရှုသူဖြစ်ပြီး၊ အောက်တိုဘာလ ၅ ရက်နေ့က Telegram မှတစ်ဆင့် သေဆုံးသူအမျိုးသမီးကို အခကြေးငွေဖြင့် ဟိုတယ်သို့ခေါ်ယူခဲ့သည်။
ထို့နောက် ၎င်းကြည့်ရှုခဲ့သည့် ဇာတ်လမ်းတွဲများအတိုင်း မစုမြတ်ဝင်းကို ဓားဖြင့်ထိုးသတ်ကာ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို လှီးဖြတ်ဖျောက်ဖျက်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
၎င်း၏ရည်းစားဖြစ်သူ အေမွန်အောင်ကို ဟိုတယ်သို့ခေါ်ဆောင်ကာ သွေးကွက်များ သန့်ရှင်းရေးလုပ်ခြင်းနှင့် အလောင်းကို ဖျောက်ဖျက်ရာတွင် အကူအညီပေးစေခဲ့သည်ဟုလည်း ထွက်ဆိုခဲ့သည်ဟု ဖော်ပြထားသည်။
#ပန်းဘဲတန်းဟိုတယ်လူသတ်မှု #ကျူးလွန်သူလူငယ်၂ဦး #ဖမ်းဆီးရမိ #ThanLwinKhetNews