
ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်အတွင်းရှိ အရပ်သားကျေးရွာများကို အာဏာသိမ်းစစ်ကော်မရှင်က လေကြောင်းမှ ဆက်တိုက်ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ထီးခီးကျေးရွာကို Y-12 လေယာဉ်ဖြင့် ဗုံးအလုံး ၄၀ ကျော် ကြဲချခဲ့သဖြင့် နေအိမ်နှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။
ယနေ့ အောက်တိုဘာလ ၈ ရက်၊ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ထီးမိုပွာနယ်မြေ၊ မယ်သမီခီး (ထီးခီး) ကျေးရွာအတွင်းသို့ စစ်ကော်မရှင်၏ Y-12 လေယာဉ်က အကြိမ်ရေ ၁၀ ကြိမ် ပျံသန်းကာ ၁၂၀ မမ ဗုံးသီး ၄၀ ကျော်ကို ကြဲချခဲ့ခြင်းဖြစ်သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက် ညနေပိုင်းတွင်လည်း ကစယ်ဒိုမြို့နယ်၊ ထီးမဲ့ဘော (သဲချောင်းကြီး) ကျေးရွာကို စစ်ကောင်စီဂျက်တိုက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၉၁ နှစ်အရွယ် အဘွားအိုတစ်ဦးနှင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာ အသက် (၉၁) နှစ်အရွယ် ဒေါ်ကျင်အေး၊ အသက် (၅၀) နှစ်အရွယ် ဒေါ်မာမာ၊ အသက် (၁၀) နှစ်အရွယ် မသီရိနိုင်နှင့် အသက် (၅၈) နှစ်အရွယ် ဦးစိုး တို့ဖြစ်ကြောင်း KNU ကအတည်ပြုထားသည်။
#ထီးခီးရွာ #y-12 #ဗုံး၄၀ကျော်ကြဲချ #ThanLwinKhetNews


