မုံရွာ-အမြင့် ကားလမ်းပိုင်းတနေရာတွင် သီးတင်းကျွတ်လပြည့်နေ့ ညပိုင်းတွင် ဆီမီးထွန်းပူဇော်သပိတ် ပြုလုပ်ခဲ့သည့် ပြည်သူတွေကို မုံရွာမြို့ အခြေစိုက်တပ်ရင်းမှ Paramotot နှစ်စီးဖြင့် ဗုံးများ ဆက်တိုက်ကြဲချခဲ့ခြင်းကြောင့် ပြည်သူ ၂၀ ကျော် သေဆုံးခဲ့သည်ဟုသည် သတင်းများထွက်ပေါ်နေသော်လည်း သေဆုံးသူ အရေအတွက် ပိုမိုများပြားနိုင်သည်ဟု ချောင်းဦးဒေသခံများမှ ပြောသည်။
“သေဆုံးသူ အရေအတွက် အတိအကျတော့ အခုအချိန်ထိ မပြောနိုင်သေးဘူး။ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့သူတွေကတော့ နာရေးအိမ်တွေမှာ စာရင်းတွေ လိုက်ကောက်နေတယ်။ အရေအတွက်ကတော့ တော်တော်များတယ် ပြောတယ်”ဟု ချောင်းဦးမြို့နယ် ပကဖအဖွဲ့ဝင် ရဲဘော်တစ်ဦးမှ ပြောသည်။
အောက်တိုဘာ ၆ ရက် သီးတင်းကျွတ်လပြည့်နေ့က ချောင်းဦးမြိုနယ် ဗုံတိုကျေးရွာတွင် ဆီမီးထွန်းသပိတ် ကျင်းပပြုလုပ်နေစဉ် ည ၇ နာရီ ၁၄ မိနစ်ခန့်တွင် တကြိမ်နှင့် ၇ နာရီ ၅၉ မိနစ်တွင် တကြိမ် စက်တပ်လေထီးဖြင့် ဗုံးကြဲချခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ထို့သို့ ဗုံးကြဲချခြင်းကြောင့် သေဆုံးသူ ၂၀ ဦးထက် များပြားနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၀ ဦးထက် များပြားနိုင်သည်ဟု ဗုံးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ချောင်းဦးမြို့နယ် ပကဖအဖွဲ့ဝင် ရဲဘော်တစ်ဦးမှ ပြောသည်။
အညာဒေသတွင်း လေကြောင်းအန္တရာယ်များအား တယ်လီဂရမ်ချန်နယ်များမှ သတိပေးချက်များ ရမြဲဖြစ်သော်လည်း ယခု တခေါက်တွင် သတင်းရပြီး ၇ မိနစ်ခန့်သာ အကြာတွင် ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စက်တပ်လေထီး ပစ်ချခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ၎င်းက “ပုံမှန် အနေအထားအရဆို ပါရာမော်တာလာတဲ့ အချိန်က အနည်းဆုံး ၁၅ မိနစ် ဝန်းကျင်လောက် အထိကို ရှိတယ်။ အဲနေ့ကတော့ ကျွန်တော်တို့ သတင်းရပြီး ခုနှစ်မိနစ်လောက်မှာဘဲ ရောက်လာတယ်။ အဲနေ့က ဖုန်းလိုင်းတွေလည်း ကြပ်နေတယ်။ ပါရာမော်တာက နားလိုက် ပျံလိုက်လုပ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ လူစုခွဲဖို့ ပြင်လိုက်တယ်။ အဲလို့ လူစုခွဲဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ချသွားတာဗျ။” ဟု ပြောသည်။
လက်ရှိ အချိန်ထိ ထိခိုက်ဒဏ်ရာရရှိသူများထဲမှ သေဆုံးသူများ ရှိနေဆဲဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသသပိတ်အင် အားစုမှ ရဲဘော် ချမ်းငြိမ်းအောင်နှင့် ရဲဘော် ညီညီဇော်တို့ ကျဆုံးခဲ့သည်ဟုလည်း စစ်ကိုင်းတိုင်းဒေသ သပိတ် အင်အားစုမှ ထုတ်ပြန်ထားသည်။
“ထိခိုက်ဒဏ်ရာရတဲ့ သူတွေထဲက ဆေးကုသနေရင်းနဲ့ မနေ့ညက တယောက်ဆုံးသွားတယ်လို့ သတင်းရပါတယ်။”ဟု ပကဖအဖွဲ့ဝင် ရဲဘော်မှ ပြောသည်။
ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် ဆီမီးထွန်းပူဇော်သပိတ်တွင် အာဏာသိမ်းစစ်ကောင်စီကို တော်လှန်၍ အလုပ်မဆင်းသည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် CDM ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူ ကလေးငယ်များနှင့် ဒေသခံများပါဝင်သည်ဟု သိရသည်။
ရုပ်သံ – GSCB
#ချောင်းဦးဗုံးကြဲတိုက်ခိုက်ခံရမှု #သေဆုံးသူအရေအတွက်တိုးနေ #ThanLwinKhetNews