ချစ်အိလှိုင်
ဇန်နဝါရီ ၁၁ ၊ ၂၀၂၄။
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ စစ်တွေမြို့က လမ်းကြားတစ်ခုထဲမှာ အမျိုးသမီး ၂ ယောက် ဈေးဗန်းကိုယ်စီ ရွက်လို့ လမ်းလျှောက်လာနေပါတယ်။
ခြံဝင်းတစ်ခုထဲကို အဲဒီအမျိုးသမီး ၂ ယောက်ဝင်သွားပြီးနောက်မှာတော့ “အကုန်လုံး ပြန်ပါလာတယ်။ အရင်း ပြုတ်ပြန်ပြီ အမေရယ်” ဆိုတဲ့ အမျိုးသမီး ၁ ယောက်ရဲ့ ညည်းညူပြောဆိုသံကို ကြားရပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဓညဝတီရပ်ကွက်မှာနေထိုင်တဲ့ မမဲကျီ တို့ညီအစ်မ ၂ ယောက်ဟာသူတို့အပါအဝင် မိသားစုဝင် ၁၀ ယောက်ကို စစ်တွေမြို့ပေါ်မှာ အသုပ်စုံလည်ရောင်းပြီး ရှာဖွေကျွေးမွေးနေသူတွေပါ။
“ မရှိတဲ့လူတွေမှာ ထမင်းကို ဆီနဲ့ဆားနဲ့ နယ်စားနေကြရတဲ့အထဲမှာ ဆီကိုထားလိုက်တော့၊ဆားတောင်ဝယ် မစားနိုင်ကြတော့ဘူး။ စားဖို့ ဆန်လည်းမဝယ်နိုင်ခဲ့ဘူး။ မနက်ဖြန်ရောင်းဖို့ အရင်းလည်း မကျန်တော့ဘူး” လို့ မမဲကျီ က ထပ်မံ ညည်းညူပြောဆိုပါတယ်။
ရခိုင်မှာ အခုရက်ပိုင်းအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ စံချိန်တင်ထိုးတက်နေတဲ့အတွက်မမဲကျီ တို့ လို တစ်နေ့စာတစ်နေ့ ရှာဖွေစားသောက်နေရတဲ့ လက်လုပ်လက်စားအလုပ်သမားတွေအတွက် အစာရေစာငတ် ပြတ်မှုတွေနဲ့ပါ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ စစ်တွေမှာ ဆား ၁ ပိဿာကို ကျပ် ၇,၀၀၀ နီးပါးအထိ ပေးဝယ်နေရတယ် ဆိုတဲ့သတင်းတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာပါတယ်။ တချို့ဈေးဆိုင်တွေမှာ ရောင်းလက်စဆားတွေကို ထုတ်မရောင်းတော့ဘဲ ရက်ပိုင်းအတွင်းမှာ ၁ ပိဿာကို ၅၀၀ ကျပ်ကနေ ၂,၀၀၀ ကျပ်၊ အဲဒီကနေ ၄,၀၀၀ ကျပ်အထိ ဈေးတင်လိုက်ကြပါတော့တယ်။
ပုံ ၁ – လောင်စာဆီဝယ်ယူရန် တန်းစီနေကြရသော ရခိုင်ပြည်သူများ။ (ဓာတ်ပုံ – Twitter)
ဒေသထွက်ဆားကို ဒေသခံတွေငတ်ကြရတော့မလား *********************************************
ရခိုင်ပြည်မှာ အောက်တိုဘာလ ၁၃ ရက်က ရက္ခိုင့်တပ်တော် – AA နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေစဖြစ်ပြီး စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းနဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကိုပါ ကန့်သတ်ပိတ် ဆို့မှုတွေ လုပ်ခဲ့ပါတယ်။အဲဒါကြောင့် သွင်းကုန်တွေဖြစ်ကြတဲ့ စားသောက်ကုန်၊ ဆေးဝါး စတဲ့ အရေးပေါ်ပစ္စည်းတွေကို ရန်ကုန်ကတဆင့် စစ်တွေကို သယ်ယူနေကြရပါတယ်။ အဲဒီလို သယ်ယူတဲ့အခါ ပစ္စည်းသယ်ယူစရိတ်ချည်းပဲဆို လေယာဉ်တန်ဆာ ခအဖြစ် ၁ ကီလိုကို ငွေကျပ် ၁၅,၀၀၀ ဝန်းကျင်ပေးနေရပြီး ဥပမာ ၉၅ဝဝ ကျပ်ပေးရတဲ့ ဟင်းချိုမှုန့် ၁ ပိဿာထုပ်ကို တန်ဆာခ ၂၂,၅ဝဝ ကျပ် ထပ်ပေးနေကြရပါတယ်။
အဲဒီအခါ ပြည်မကတင်သွင်းတဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်မားလာတဲ့အပြင်ဒီဇင်ဘာလပထမအပတ်တုန်း ကလည်း ရခိုင်ဒေသထွက်ကုန်ဖြစ်တဲ့ ဆား ၁ ပိဿာကို ၅ဝဝ ကျပ်ကနေ ၇,၀၀၀ ကျပ်ပေးဝယ်ခဲ့ကြရပါတယ်။စစ်တွေမြို့မပေါ်က မိဇံရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီး ၁ ယောက်ကတော့ မြို့မဈေးကြီးအတွင်း ဆားကောက် ဝယ်နေသူတွေ ရှိနေတယ်လို့ကြားသိရတဲ့အတွက် ရပ်ကွက်တချို့မှာ ဆားကို အလုအယက်ဝယ်နေကြတယ်လို့ ပြောပါတယ်။
“ဆီဈေးတက်၊ ဆန်ဈေးတက်ပြီး ဆားဈေးပါလိုက်တက်နေတာပါ။ ဒီနေ့မနက်က ဈေးဆိုင်တွေမှာဆားရှာမရခဲ့ ဘူး” လို့ အဲဒီအမျိုးသမီးက ဒီဇင်ဘာလ ၁၂ ရက်က ပြောပါတယ်။ဒါပေမယ့် ဒီဇင်ဘာ ၁၅ ရက်နောက်ပိုင်းမှာတော့ စစ်တွေမြို့အပါအဝင်ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တချို့မှာ ဆား ၁ ပိဿာကို ၂,၀၀၀ ကျပ်၊ ပေါက်တောမြို့နယ်မှာ ၄,၀၀၀ ကျပ်ဈေးနဲ့ ရောင်းချနေကြတာ တွေ့ရပါတယ်။
ပုံ ၂ – စစ်ရှောင်နေကြရသည့် ရခိုင်ပြည်နယ်က ကလေးငယ်များ။ (ဓာတ်ပုံ – သံလွင်ခက်)
ဘယ်လိုပယောဂတွေကြောင့်လဲ ***************************
လွန်ခဲ့တဲ့ မေလအတွင်းက ရခိုင်ကိုဦးတည်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းပြီးနောက် ရခိုင်တစ်ပြည်နယ် လုံးမှာ စိုက်ပျိုးရေး၊ စားသောက်ကုန်၊ အိမ်ဆောက်ပစ္စည်းနဲ့ ဆေးဝါးပြတ်လပ်မှုတွေ ကြုံတွေ့ခဲ့ကြရပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးမှာ အိုးအိမ်ပျက်စီးမှု ၉၇ ရာခိုင်နှုန်းနီးပါးရှိခဲ့ပြီး မုန်တိုင်းသင့်ပြည် သူတွေ ပြန်လည်ထူထောင်ရေးအတွက် ကူညီပေးကြဖို့ကိုလည်းနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေကို ရက္ခိုင့်တပ်တော်/ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်( ULA/AA ) က တိုက်တွန်းပြောဆိုထားပါတယ်။
မိုခါမုန်တိုင်းပြီးနောက် ၅ လအတွင်း ရခိုင်မှာနောက်ထပ် တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အခါ ကုန်ဈေး နှုန်းက တဖန် ထပ်တက်လာခဲ့ပါတယ်။ ရခိုင်ပြည်မှာ ဒေသခံအများစုက စပါး ၊ငါး၊ ပုစွန်၊ ကဏန်း၊ ဆားလုပ်ငန်းစတာတွေနဲ့အသက်မွေးဝမ်းကျောင်း ပြုနေကြပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ စစ်ကောင်စီရဲ့လမ်းခရီးပိတ်ဆို့ထားမှုတွေကြောင့် အဓိကပို့ကုန်တွေ ဖြစ်တဲ့ ကဏန်း၊ ပုစွန်၊ ငါး၊ ငါးခြောက် တင်ပို့မှုတွေ ရပ်တန့်နေခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်တွင်း တစ်နေရာကနေ တစ်နေရာ၊ မြို့နယ်တစ်ခုနဲ့တစ်ခုသွားလာခွင့်တွေကိုစစ်ကောင်စီက ပိတ်ဆို့ထားပြီး AA ကလည်း စစ်ကောင်စီရဲ့ ကုန်သင်္ဘောတချို့ကို ပိတ်ဆို့ စစ်ဆေးမေးမြန်းတာတွေ ရှိတဲ့အတွက် ရေကြောင်းသွားလာရေးမှာ လုံးဝပိတ်ဆို့ခံထားရတယ်လို့ ဒေသခံကုန်သည်တွေက ဆိုပါတယ်။
ပြည်မဘက်က သွင်းကုန်ရရှိမှုမလုံလောက်တဲ့အပြင် ရခိုင်ဒေသတွင်းကထုတ်ကုန်တွေဖြစ်တဲ့ ဆားနဲ့ လယ်ယာ ထွက်ကုန်၊ ရေထွက်ကုန်လုပ်ငန်းတွေ ရပ်နားထားရတဲ့အတွက် အခက်အခဲကြုံတွေ့နေကြရတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။
ဆန်စက်ပိုင်ရှင် ၁ ဦးလည်းဖြစ်၊ ရခိုင်လူမှုရေးလှုပ်ရှားဆောင်ရွက်သူ လူငယ် ၁ ဦးလည်းဖြစ်သူကိုကျော်မင်းခိုင် က လည်း စက်သုံးဆီပြတ်လပ်မှုကြောင့် အခက်အခဲဖြစ်နေတဲ့အတွက် ဆန်စက်၊ ဆီစက်၊ ဆားစက်လုပ်ငန်း လုပ်ကိုင် နေသူတွေအနေနဲ့ အလုပ်ရပ်နားရတော့မယ့် အခြေအနေရှိနေတယ်လို့ ပြောပါတယ်။
“ဆီဈေးတက်လို့ ဆန်စက်၊ ဆားစက်တွေ အလုပ်မလုပ်ရတော့ အကုန်ဈေးပိုတက်လာတာပေါ့။ ဒီလောက် ကမ္ဘာ ပျက်နေတာကို စီးပွားရေးသမားတွေကိုလည်း ဈေးတင်မရောင်းနဲ့ မပြောဘူး။ ဒါပေမယ့် ပြည်မက မှာပြီး စရိတ် ကာမိတယ်ဆိုရင် အမြတ်အများကြီးမယူဘဲ သင့်တင့်တဲ့ဈေးနဲ့ ရောင်းချသင့်တယ်လို့ ထင်ထယ်” လို့ သူက ဆိုပါတယ်။
ပြည်သူကို အကြောက်တရားရအောင် လူတစ်စု၊ အုပ်စုတစ်စုက ရည်ရွယ်ချက်ရှိရှိလုပ်နေတာဖြစ်တဲ့အတွက် စီး ပွားရေးသမားတွေအနေနဲ့လည်း ဝယ်ယူသိမ်းဆည်းထားတာတွေ၊ အလုအယက်ဝယ်ယူတာတွေကို ဆင်ခြင်သင့် တယ်လို့သတိပေးပြောဆိုနေကြပါတယ်။ အမည်မဖော်လိုတဲ့ စစ်တွေမြို့ခံ ၁ ဦးကတော့
“ဈေးကစားတဲ့ စီးပွားရေးသမားလည်း ပါတယ်။ ထစ်ခနဲဆိုတာနဲ့ လိုင်းပေါ်တင်တဲ့ လူလည်းပါတယ်။ ဘာမှန်းမသိ အကြောက်တရားနဲ့ မိသားစုစားဖို့အတွက် ဆီ၊ ဆားတွေကို ၅ ပိဿာ၊ ၁၀ ပိဿာ ဝယ်တယ်။ အဲဒီလို သုံးခုပေါင်းသွားတော့ဒီဈေးက ချက်ချင်း မတရားတက်သွားတာ” လို့ ဝေဖန်ထောက်ပြပါတယ်။
ပုံ ၃ – စစ်ရှောင် ရခိုင်ပြည်သူများ။ (ဓာတ်ပုံ – သံလွင်ခက်)
ပိတ်မိနေတဲ့ဆားတွေ *******************
မိုခါမုန်တိုင်းနောက်ပိုင်း ဆားကို စစ်တွေမြို့နယ်၊ ပေါက်တောနဲ့ ကျောက်ဖြူမြို့နယ်တို့က အဓိကတင်ပို့ရောင်းချခဲ့ ကြပါတယ်။နိုဝင်ဘာလအတွင်းက စစ်တွေမြိုနဲ့ အနီးဆုံးဖြစ်တဲ့ ပေါက်တောမြို့သိမ်းတိုက်ပွဲကြောင့် ပေါက်တောမြို့တစ်ခုလုံး ဘေးလွတ်ရာကိုထွက်ပြေးနေကြတဲ့အတွက် စစ်တွေမြို့အဝင် ကုန်းလမ်း၊ ရေလမ်းတွေကို စစ်ကောင်စီက ပိတ် ထားလိုက်ပါတယ်။ အဲဒီလို စစ်ကောင်စီက ရခိုင်တစ်ပြည်နယ်လုံး ကုန်းလမ်း၊ ရေလမ်းပါမကျန် ပိတ်ဆို့ထားတဲ့အတွက် စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးမှာ ဆားယာယီပြတ်တောက်သွားခဲ့တာဖြစ်တယ်လို့ ဆားလုပ်ငန်း ရှင်တွေက ပြောပါတယ်။
ပေါက်တောမြို့နယ်က ဆားလုပ်ငန်းရှင် ၁ ဦးက “ ဆားတွေ ရှိပါတယ်။ ဈေးကွက်ထဲ မရောက်သေးတာ။ အဲဒါကို ရှားသွားမှာစိုးလို့ ဈေးတင်ရောင်းနေကြတာ။ ဆားက တကယ်ဆိုရင် ဈေးအဲလောက်ထိ ဈေးတက်စရာ၊ ပြတ်စရာ လည်း မရှိဘူး။ ဆားရော တခြားကုန်တွေရော ဈေးနှုန်းတွေရော လမ်းပိတ်ထားလို့ တက်နေတာ။ တစ်နေရာနဲ့ တစ်နေရာ သယ်လို့ မရဘူးလေ” လို့ ပြောပါတယ်။နောက်ပြီးကျောက်ဖြူမြို့နယ်မှာလည်း လမ်းခရီးအခက်အခဲကြောင့် ဆားအများအပြား မတင်ပို့နိုင်ဘဲပိတ်မိနေ တယ်လို့ ကျောက်ဖြူမြို့နယ်က ဆားလုပ်ငန်းရှင်တွေရဲ့ပြောဆိုချက်အရ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ဆားလုပ်ငန်းကို စစ်တွေ၊ ကျောက်ဖြူ၊ ပေါက်တော ၊ သံတွဲ၊ ဂွနဲ့ ရသေ့တောင်မြို့နယ်တွေမှာ အဓိက လုပ်ကိုင်ကြပါတယ်။ လွန်ခဲ့တဲ့ ၁၉၉၃ ခုနှစ်က ဆားတန်ချိန် ၁ သိန်းခွဲကို တစ်ဘက်ဘင်္ဂလားဒေရှ့်နိုင်ငံအထိတင်ပို့ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ဆားအရည်အသွေးမပြည့်မီလို့ဆိုပြီး ပြည်ပတင်ပို့မှု ရပ်နားခံလိုက်ရပါတယ်။ ၂ဝဝဝ ပြည့်နှစ်မတိုင်ခင်က ရခိုင်မှာ ဆားဧက ၁၀,၀၀၀ ကျော်အထိ လုပ်ကိုင်ခဲ့ကြတယ်လို့ ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းရဲ့ စာရင်းတွေ အရ သိရပါတယ်။
ဒါပေမယ့် ဆားကောင်း၊ ဆားသန့်ထုတ်လုပ်မှုကို လက်ရှိအချိန်အထိ လုပ်ကိုင်နိုင်သူနည်းပါးနေသေးတဲ့အတွက် ဆားတောင်သူတွေက နေလှန်းဆားကြမ်းတွေကို အဓိကလုပ်ကိုင်ကြတာဖြစ်ပါတယ်။ ရခိုင်မှာ ဆားလုပ်ကွက် ဧက ၇,၀၀၀လောက်လုပ်ကိုင်သူရှိခဲ့ပြီး ဘင်္ဂလားဒေရှ့်တင်ပို့မှုကို ရပ်နားလိုက်ပြီးနောက်ပိုင်း လက်ရှိမှာ ဧက ၁,၀၀၀ ကျော်လုပ်ကိုင်နေကြရတယ်လို့ ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းရဲ့ စာရင်းအရ သိရပါတယ်။
မြန်မာနိုင်ငံကတော့ ၂ဝဝဝ ခုနှစ်မတိုင်ခင်က ပဲခူး၊ တနင်္သာရီ၊ မွန်ပြည်နယ်စတဲ့ ဆားလုပ်ငန်းအများအပြား လုပ် ကိုင်ကြတဲ့နေရာတွေကနေ ဘင်္ဂလားဒေရှ့်နိုင်ငံကို နှစ်စဉ် တန်ချိန် ၁ သန်းကျော် တင်ပို့ခဲ့ပါတယ် ။ ရခိုင်ပြည်နယ်မှာ ဒေသထွက်ဆားကြမ်း ၁ ပိဿာကို ၇ဝ၊ ၈ဝ ကျပ်နဲ့ရောင်းချနေရပြီး ပြည်မကတင်သွင်းတဲ့ ဆားကောင်း ၁ ပိဿာကို ၅ဝဝ ကျပ်ဈေးနှုန်းနဲ့ ဝယ်ယူနေကြရတဲ့အတွက် ဆားဈေးကွက်ပြန်လည်ဦးမော့နိုင်ဖို့ ဆားကောင်းဆားသန့်နည်းပညာနဲ့ အရင်းအနှီးရရှိရေး ရခိုင်ကဆားလုပ်ငန်းရှင်အသင်းက တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၂ဝ၂၃ ခုနှစ် ဧပြီလ ၂၆ ရက်က ကျောက်ဖြူမြို့ရှိ ဆားတောင်သူတွေကို ရခိုင်ပြည်နယ် စစ်ကောင်စီက နိုင်ငံ့စီးပွားရေးမြှင့်တင်ငွေကနေ ကျပ်သိန်း ၁၀,၀၀၀ ထုတ်ချေးပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ဆားလုပ်ငန်းတာဝန်ရှိသူတွေက ဆားတောင်သူတွေကို ထုတ်ချေးထားတဲ့ ချေးငွေတချို့ကို ထုတ်မပေးတဲ့အတွက် ဆားလုပ်ငန်းရှင်တွေ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ အမည်မဖော် လိုတဲ့ ဆားလုပ်ငန်းရှင် ၁ ယောက်က ပြောပါတယ်။
“ကျောက်ဖြူက အဲဒီဆားတာဝန်ခံဆိုတဲ့လူက ဆားတောင်သူတွေရဲ့ ချေးငွေတွေကို ပရမ်းပတာ လုပ်သွားတယ်။ ဆားတောင်သူတွေဆီကိုမရောက်ဘဲ ချေးငွေတွေက သူတို့အိတ်ထဲကို ရောက်သွားတယ်။ သူတို့က ဆားတောင်သူ တွေဆီက ဆားကို ၃,၀၀၀၊ ၄,၀၀၀ နဲ့ ကောက်ဝယ်တယ်။ ပြီးတော့ ၇၀,၀၀၀၊ ၈၀,၀၀၀ နဲ့ ပြန်ရောင်းနေတယ်” လို့ သူက ပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်၊ ဆားလုပ်ငန်းဦးစီးဌာနတာဝန်ရှိသူတွေကို မေးမြန်းစုံစမ်းရာမှာတော့ တစုံတရ ပြောဆိုဖြေရှင်းတာ မတွေ့ရသေးတဲ့အတွက် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပုံ ၄ – စစ်ရှောင်နေကြရသည့် ရခိုင်ပြည်နယ်က ကလေးငယ်များ။ (ဓာတ်ပုံ – သံလွင်ခက်)
ကုန်ဈေးနှုန်းနွံနစ်နေကြရတဲ့ ရခိုင်ပြည်သူတွေ ***************************************
ရခိုင်မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းက အရင်ဈေးတွေထက် ၉ ဆနီးပါး စံချိန်တင်မြင့်တက်လာနေတယ်လို့ ရခိုင်အရေး စောင့်ကြည့်လေ့လာနေသူတွေက ဆိုကြပါတယ်။ ကုန်စည် ၁ ပိဿာဈေးနှုန်းတွေက ဆားကို ၅၀၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ကြက်သွန်နီကို ၄,၀၀၀ ကျပ်ကနေ ၃၀,၀၀၀ ကျပ်၊ ကြက်သွန်ဖြူကို ၇,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ်၊ ငရုတ်သီးခြောက်ကို ၂၀,၀၀၀ ကျပ်ကနေ ၇၀,၀၀၀ ကျပ်နဲ့ ဝယ်ယူစားသုံးနေကြရပါတယ်။ နောက်ပြီး စစ်တွေမြို့ပေါ်မှာ ပေါ်ဆန်းမွှေးဆန် ၁ အိတ်ကို ၁၂၀,၀၀၀ ကျပ်ကနေ ၂၀၀,၀၀၀ ကျပ်အထိ တက်နေတာလည်း ဖြစ်ပါတယ်။ စက်သုံးဆီဈေးကလည်း အောက်တိန်း ၁ လီတာကို ၃၅၀၀ ကျပ် ကနေ ၁၂၀၀၀ ကျပ်အထိ ပေးဝယ်နေကြရ တာလည်းဖြစ်တဲ့အတွက် စက်မှုလုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
လက်ရှိအချိန်မှာ လမ်းခရီးပိတ်ဆို့ခံထားရတဲ့အပြင် မိုခါကြောင့် ဆားကြိတ်စက်တွေနဲ့ ဆားကွင်းတွေ ပျက်စီးသွား ခဲ့ရပြီး လက်ကျန်ဆားကြမ်းတချို့ကလည်း စက်သုံးဆီဈေးမြင့်တက်နေတဲ့အတွက် မကြိတ်ရသေးဘဲ သောင်တင် နေကြရတယ်လို့ သိရပါတယ်။ဒါ့အပြင် စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားတဲ့အတွက် ဆားလုပ်ငန်းအများဆုံးလုပ်ကိုင်ကြတဲ့ ပေါက်တောနဲ့ ကျောက်ဖြူမြို့တို့မှာ ဆားတန်ချိန်အများအပြား ကုန်သွယ်ခွင့်မရဘဲ ပိတ်မိနေတယ်လို့ ဆားကုန်သည်တွေက ဆို ကြပါတယ်။
မိုခါဆိုင်ကလုန်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်ကို အဘက်ဘက်က အကူအညီပေးကြဖို့ တာဝန်ရှိသူ တွေကတောင်းဆိုခဲ့ကြပေမယ့် စစ်ကောင်စီအနေနဲ့ တိကျတဲ့လမ်းစဉ်နဲ့ တစုံတရာ ဦးစားပေးဆောင်ရွက်ပေးနေ တာ မတွေ့ရဘူးလို့ ရခိုင်အရေးလှုပ်ရှားဆောင်ရွက်နေသူတွေက ဆိုကြပါတယ်။ ဒီလိုအခြေအနေနဲ့ ပတ်သက်ပြီးနိုင်ငံရေးလှုပ်ရှားသူတွေက စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်သူတွေကို စားနပ်ရိက္ခာ၊ သတင်း၊ ငွေကြေးနဲ့ ဖုန်း၊ အင်တာနက်တွေနဲ့ လူထုကို အဆက်အသွယ်ဖြတ်တောက်တဲ့ “ ဖြတ်လေးဖြတ်” စနစ် ကျင့်သုံးနေတယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။
စစ်တွေမြို့နယ်က အမည်မဖော်လိုသူ လူမှုရေးလှုပ်ရှားဆောင်ရွက်နေသူ ၁ ဦးက “ဒီအချိန်မှာ လူထုက သဘော ပေါက်ထားရမှာက အချင်းချင်းအပြစ်တင်နေမယ့်အစား အဓိက လူထုကို ဒီလိုဖြစ်အောင်လုပ်နေတဲ့ အခြေအနေ ၁ ရပ်ကို နားလည်သဘောပေါက်အောင် ကြိုးစားသင့်တယ်။ သက်ဆိုင်ရာအာဏာပိုင်တွေကလည်း ထိန်းသိမ်းပေးဖို့ လိုအပ်တယ်” လို့ ဆိုပါတယ်။
ဒါကြောင့် ရခိုင်မှာ ကုန်ဈေးနှုန်းအဆမတန်မြင့်မားနေမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ကူညီဖြေရှင်းပေးကြဖို့ ရခိုင်ပြည်သူတွေက လိုလားနေကြပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ ရခိုင်ပြည်သူတွေပေါ် စားဝတ်နေရေးပြတ်လပ်အောင် လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး ဒေသခံတွေက ဝေဖန်ထောက်ပြကြပေမယ့် တစုံတရာ ကူညီလုပ်ဆောင်ပေး တာတော့ မတွေ့ရပါဘူး။
နောက်ပြီး ရက္ခိုင့်တပ်တော်က – AA ကလည်း မိုခါနောက်ပိုင်းမှာ ဈေးတင်ရောင်းချကြတဲ့ ကုန်သည်၊ ဈေး ဆိုင်ပိုင်ရှင်တချို့ကို ဖမ်းဆီးအရေးယူ၊ သတိပေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ” ၁ဝ၂၇ စစ်ဆင်ရေး” နောက်ပိုင်းမှာ တော့ ကုန်ဈေးနှုန်းနဲ့ပတ်သက်လို့ တစုံတရာ သတိပေးထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
တိုက်ပွဲဒဏ်၊ ကိုဗစ်ဒဏ်နဲ့ မိုခါမုန်တိုင်းဒဏ်ကနေ ရုန်းမထနိုင်သေးတဲ့ မမဲကျီတို့လို ပြည်သူတွေအတွက်ကတော့ ထမင်းကို ဆီ၊ ဆားနဲ့ နယ်စားဖို့တောင်မလွယ်ကူတော့တဲ့အတွက် မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းနွံထဲက အမြန်ဆုံး လွတ်မြောက်ဖို့ကိုသာ မျှော်လင့်နေကြရတာရပါတော့တယ်။