ဒီဇင်ဘာလအတွင်း တနင်္သာရီတိုင်းတွင် တိုက်ပွဲ ၃၆ ကြိမ်ဖြစ်ပွားခဲ့
************************
သံလွင်ခက်
ဇန်နဝါရီလ ၁၁ ၊ ၂၀၂၄။
တနင်္သာရီတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ပြီးခဲ့သည့် ဒီဇင်ဘာတစ်လ တာအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ၂၆ ကြိမ် နှင့် မိုင်းဆွဲတိုက်ခိုက်မှု ၁၀ ကြိမ် ၊ စုစုပေါင်း ၃၆ ကြိမ်ဖြစ်ပွားခဲ့ သည်ဟု FE5 – Thanintharyi က ထုတ်ပြန်သည်။
ယခင်လများနှင့်နှိုင်းယဥ်ပါက ဒီဇင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားနှုန်းကျဆင်းခဲ့သော်လည်း စစ်ကောင်စီ၏စစ် ကြောင်းထိုးမှုများကြောင့် ပြည်သူများခက်ခဲကြပ်တည်းမှုများစွာနှင့် ရင်ဆိုင်ခဲ့ကြရသည်။
၂၀၂၃ ခုနှစ်ကုန်ပိုင်းမတိုင်ခင်အထိ တနင်္သာရီတိုင်း၌ တိုက်ပွဲဖြစ်ပွားမှုနှုန်းမှာ ၁ လလျှင် အကြိမ် ၄၀ ကျော်မှ ၅၀ ကျော်အထိရှိခဲ့သော်လည်း နှစ်ကုန်ပိုင်းတွင်မူ တိုက်ပွဲအရှိန်လျော့ကျလာခဲ့သည် ဟု ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
တနင်္သာရီတိုင်း၏မြို့နယ်များဖြစ်ကြသည့် လောင်းလုံးမြို့နယ်၊ ထားဝယ်မြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်များသည် တော်လှန်ရေးလှုပ်ရှားမှု အားအကောင်းဆုံးမြို့နယ်များဖြစ်သည့် အတွက် ယင်းမြို့နယ်များကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ပြည်သူအများအပြား နေရပ်စွန်ခွာထွက်ပြေးခဲ့ကြရသည်။
ယခုလတွင်လည်း လောင်းလုံးမြို့နယ် တောင်ပိုင်းကျေးရွာများကို စစ်ကောင်စီတပ်က တောက်လျှောက်စစ် ကြောင်းထိုးနေပြီး နေအိမ်များမီးရှို့ခြင်းနှင့် ဒေသခံများကိုဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်နေသည့်အပြင် ပြည်သူ ပိုင်ဆိုင်ကယ်များ သိမ်းယူဖျက်ဆီးခြင်း၊ နေအိမ်များဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများ ယူဆောင်ခြင်း စသည့် ရာဇဝတ်မှုများကိုလည်း ကျူးလွန်လျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် တနင်္သာရီတိုင်းအတွင်း နေအိမ် ၈၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး ဒီဇင်ဘာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူပေါင်း ၄,၅၀၀၀ ကျော်ရှိခဲ့သည်ဟု FE5 – Thanintharyi က ကောက်ယူထားသည့်စာရင်းများအရ သိရသည်။
ဓာတ်ပုံ – ဒေသခံ။
ပုံစာ- ဇန်နဝါရီလ ၈ ရက်တွင် စစ်ကောင်စီကမီးရှို့ဖျက်ဆီးခံခဲ့သည့် လောင်းလုံးမြို့နယ်၊ ညောပြင်ရွာမြင်ကွင်း။