ကောင်းချစ်အောင်
ဇန်နဝါရီ ၁၁ ၊ ၂၀၂၄။
ပြီးခဲ့သည့်နိုဝင်ဘာလအတွင်းပေါ်ပေါက်ခဲ့သည့် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဦးဆောင်သူများက ယခု ရက်ပိုင်းတွင်လည်း ဘာသာရေးလှုပ်ရှားမှုများ တဖန်ပြုလုပ်လာခဲ့ကြပြန်သည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA က ကိုးကန့်ဒေသကို အလုံးစုံထိန်းချုပ်နိုင်ပြီဟု ဇန်နဝါရီ ၅ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ယူနီဖောင်းဝတ်ဆင်ထားသည့် တပ်သား ၁ ဦးက တောင်ကုန်း ၁ ကုန်းပေါ်ရှိ စေတီ ၁ ဆူကို သံတူဖြင့် ထုနှက်ရိုက်ဖျက်နေသည့် ဗီဒီယိုဖိုင် ၁ ဖိုင် ဇန်နဝါရီ ၈ ရက်တွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာခဲ့သည်။
ထိုဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားသည့် စေတီတော်ကို တူဖြင့်ရိုက်ဖျက်နေခြင်းအား လက်သင့်မခံနိုင်ကြောင်း ရေသားပြောဆိုမှု များရှိလာခဲ့သည်ကို တွေ့ရသည်။
ဇန်နဝါရီ ၉ ရက်တွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း က နယ်မြေလုလာသည့်အပြင် ဘာသာရေး ကိုပါထိခိုက်လာသည့် လက်နက်ကိုင်အဖွဲ့များကို လက်တုံ့ပြန်သွားမည်ဟူသောပြောဆိုချက် ထွက်ပေါ်လာပြီး နောက်ပိုင်း မျိုးချစ်သံဃာတော်များဦးဆောင်သည့် ဘာသာရေးလှုပ်ရှားမှုတစ်ရပ် အဆိုပါနေ့ နေ့လယ်ပိုင်းတွင် စတင်ပေါ်ပေါက်လာခဲ့သည်။
ထိုလှုပ်ရှားမှုတွင် အင်အား ၇၀၀ ခန့်စုဝေးပါဝင်ခဲ့ကြပြီး ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ဆင်းတုတော်များကိုဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာသောင်းကျန်းသူများအား ဆန့်ကျင်ကြ” ၊ “မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများအားဖျက်ဆီးသူ အကြမ်း ဖက်သမားများအား ဆန့်ကျင်ကြ” ဟူသော ဗီနိုင်းများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယမန်နေ့(ဇန်နဝါရီ ၁၀ ရက်)ကလည်း မျိုးချစ်သံဃာတော်များအပါအဝင် လူပုဂ္ဂိုလ် စုစုပေါင်းအင်အား ၁၀၀၀ ကျော်သည် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ သမ္မတရုပ်ရှင်ရုံရှေ့မှ မဟာဗန္ဓုလပန်းခြံရှေ့သို့ နေ့လယ် ၁ နာရီခွဲ ကစတင်၍ ချီတက်ဆန္ဒပြခဲ့ကြသေးသည်။
ဇန်နဝါရီ ၁၂ ရက်တွင်လည်း စစ်ကောင်စီအကြီးပိုင်းတာဝန်ရှိသူများရုံးစိုက်ရာ နေပြည်တော်မြို့တွင် မြန်မာ့ အမျိုးသားရေးကွန်ရက်နှင့် မြန်မာနေရှင်နယ်ပို့စ်သတင်းဌာနတည်ထောင်သူ နောင်တော်လေး ဦးဆောင်ကာ ဘာသာရေးလှုပ်ရှားမှုပြုလုပ်မည်ဟူသော သတင်းများထွက်ပေါ်လာသည်။
နောင်တော်လေးနှင့် မျိုးချစ်သံဃာတော်များသမဂ္ဂ တို့သည့် နိုဝင်ဘာလအတွင်း တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှု များကို ဦးဆောင်ခဲ့သူများလည်း ဖြစ်ကြသည်။
နိုဝင်ဘာ ၁၆ ရက်က တရုတ်သံရုံးရှေ့တွင်ပြုလုပ်ခဲ့သည့်ဆန္ဒပြပွဲတွင် မျိုးချစ်ရဟန်းတော်များသမဂ္ဂက ဦးပညာဝံသ သည် တိုင်းရင်းသားအချင်းချင်းသတ်ဖြတ်ခိုင်းနေသည့် တရုတ်နိုင်ငံကို ကန့်ကွက်ကြောင်း ကြွေး ကြော်ခဲ့ဖူးသည်။
ထို့အတူ နိုဝင်ဘာ ၁၉ ရက် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုကိုဦးဆောင်ခဲ့သူ နောင်တော်လေး က “ဦးတရုတ်ကြီး အနေနဲ့ မြန်မာပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် မလုပ်ပါနဲ့” ဟုပြောဆိုခဲ့ဖူးသလို “၁၀၂၇ စစ်ဆင်ရေး” အတွင်း တရုတ်၏နောက်ကွက်ကပါဝင်နေမှုကို မေးခွန်းထုတ်ခဲ့ဖူးသည်။
အဆိုပါ တရုတ်အစိုးရဆန့်ကျင်ရေးဆန္ဒပြခဲ့သူများကို အရေးယူပေးရန်နှင့် နောက်ကွယ်ရှိ အဖွဲ့အစည်းများကို ဖော် ထုတ်ပေးရန် ရန်ကုန်ရှိတရုတ်သံရုံးက စစ်ကောင်စီထံတောင်းဆိုထားသည်ဟု Myanmar Now သတင်းဌာနက ဇန်နဝါရီ ၉ ရက်တွင် ထုတ်ဖော်ရေးသားခဲ့သည်။
စေတီကိုဖျက်ဆီးခြင်းသည် အဖွဲ့အစည်းကအမိန့်ပေးခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လုပ်ရပ်ဖြစ်သည်ဟု MNDAA က ထုတ်ပြန်ချက်ထုတ်ပြီးဖြေရှင်းထားသလို မြန်မာပြည်သူလူထုကိုလည်း MNDAA က တောင်းပန်ထားသည့် အပြင် လောက်ကိုင်မြို့၊ မြောက်ဘက် ပွိုင့် ၂၂၀၂ တောင်ကုန်းပေါ်ရှိ စေတီတော်ကို သံတူဖြင့်ထုကာ ဖျက်ဆီးခဲ့ သည့် တပ်သားကိုလည်း အမိန့်မနာခံမှုဖြင့် အရေးယူသွားမည်ဟု အသိပေးထားသည်။
ပွိုင့် ၂၂၀၂ တောင်ကုန်းသည် လောက်ကိုင်ဒေသတစ်ဝိုက်တွင် စစ်ကောင်စီအတွက် မဟာဗျူဟာအရ အရေးပါ သော စစ်စခန်းတစ်ခုဖြစ်ခဲ့ပြီး အဆိုပါစခန်းက စစ်ကောင်စီတပ်သား ၂၆၆ ဦးသည်လည်း ဇန်နဝါရီ ၅ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များထံ အပြီးသတ်လက်နက်ချအညံ့ခံခဲ့ကြသည်။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2930
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6921