အေကေ။
ဇူလိုင် ၂၈၊ ၂၀၂၃။
“ စစချင်း လာပြောခံရတော့ ရှက်သလို ကြောက်သလိုဖြစ်တယ်။ ဘာြဖစ်လို့ ငါ့ကိုမှ အဲဒီလို လာလုပ်လဲဆိုပြီး အံ့ဩတယ် ”
တစ်သက်မှာ မထင်မှတ် မကြုံတွေ့ခဲ့ဖူးသော အွန်လိုင်းမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ စတင် တိုက်ခိုက်ခံခဲ့ရချိန်တွင် ဖြစ်ပေါ်ခဲ့သည် စိတ်ကသိကအောက်ခံစားချက်ကို အသက် ၂၆ နှစ်အရွယ် အမျိုးသမီးက ပြန်ပြောပြနေခြင်းဖြစ်သည်။
ထိုကဲ့သို့သော ကိစ္စရပ်များကို အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့နေကြရသည်။
စိတ်အပန်းဖြေရန်၊ မိတ်ဆွေ သူငယ်ချင်းများအကြား ဆက်သွယ်ပြောဆိုနိုင်ရန် အဓိကထား အသုံးပြုကြသည့် အွန်လိုင်းပလက်ဖောင်းများသည် အာဏာသိမ်းပြီးနောက်ပိုင်း ဒစ်ဂျစ်တယ် စစ်မြေပြင်အဖြစ် တဖြည်းဖြည်း ကူးပြောင်းလာခဲ့သည်။
စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တိုင်းပြည်၏ အာဏာကို သိမ်းယူခဲ့ခြင်းသာမက ဒစ်ဂျစ်တယ်ရပ်ဝန်းဖြစ်သော အွန်လိုင်းပလက်ဖောင်းများထက်၌လည်း အာဏာသိမ်းမှုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ခဲ့သည်ဟု ပြည်သူအများက မြင်ကြသည်။
စစ်ကောင်စီသည် ဒစ်ဂျစ်တယ်ပလက်ဖောင်းများပေါ်မှတဆင့် အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား ခြိမ်းခြောက်မှုများ လုပ်ဆောင်နေသကဲ့သို့ ၎င်းတို့ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အမျိုးသမီးများကိုလည်း စကားလုံးများဖြင့် ဖိနှိပ်ခွဲခြားမှုများ လုပ်ဆောင်လျက်ရှိသည်။
၎င်းတို့ကို ဆန့်ကျင်နေသည့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ပြောဆိုမှုများဖြင့် နွေဦးတော်လှန်ရေးကို ပုံဖျက်ရန် ကြိုးပမ်းနေသည်ဟု ကိုယ်တွေ့ ကြုံရသူများက ဆိုကြသည်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်မှုကို ဟန့်တားခြိမ်းခြောက်ရန် လူမှုကွန်ယက် စာမျက်နှာများကို လက်နက်သဖွယ် အသုံးချကာ အကြမ်းဖက်မှုများ ပိုမို လုပ်ဆောင်လာနေသည်ဟုလည်း မြန်မာ့အမျိုးသမီးသမဂ္ဂမှ တွဲဖက်အတွင်းရေးမှူး ၁ မဇူးပဒုမ္မာက ပြောသည်။
၎င်းက “အထူးသဖြင့် အကြမ်းဖက် စစ်တပ်အနေနဲ့ ပစ်မှတ်ထားပြီး အကောင့်တုတွေနဲ့ လုပ်တဲ့ဟာကျတော့ နိုင်ငံရေးမှာ ပါဝင်တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးတွေကို စိတ်ပိုင်ဆိုင်ရာ အကြမ်းဖက်တဲ့ ပုံစံမျိုး၊ Online ကနေ ဓာတ်ပုံတွေ Photoshop တွေ လုပ်တာမျိုး၊ ပြီးရင် မဟုတ်မမှန် သတင်းတွေ ဖြန့်တာမျိုး စသဖြင့် ပိုပြီး လုပ်လာတာတွေရှိတယ်” ဟုဆိုသည်။
အာဏာသိမ်းပြီးနောက် နိုင်ငံရေးအရ လှုံ့ဆော်သော မြန်မာအမျိုးသမီးများကို အနိုင်ကျင့်မှုများ တွေ့ရလေ့ရှိသည့် တယ်လီဂရမ်ပေါ်ရှိ ပို့စ်ပေါင်း ၁.၆ သန်းကို အရေအတွက်အရ အကဲဖြတ်စစ်ဆေးရာတွင် ၂ဝ၂၂ ခုနှစ်ဆုံးပိုင်းရှိ အကြမ်းဖက်အလွဲသုံးစားပြုမှုများမှာ အာဏာသိမ်းပြီးနောက် ရက်သတ္တပတ်များနှင့် နှိုင်းယှဉ်ပါက အနည်းဆုံး ငါးဆ ပိုမိုများပြားခဲ့ကြောင်း တွေ့ရှိရသည်ဟု Myanmar Witness က ၂၀၂၃၊ ဇန်နဝါရီ ၂၅ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ အလွဲသုံးစားပြုမှုပို့စ် အများစုကို စစ်တပ်မှ အာဏာသိမ်းမှုကို ထောက်ခံသော အမျိုးသားအကောင့်များမှ ရေးသားခဲ့ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သော အမျိုးသမီးများကို ပစ်မှတ်ထားခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးချင်းနောက်ပိုင်း ၎င်းတို့ကို ဆန့်ကျင်သူများအချင်းချင်းကြား အဆက်အသွယ်ပြတ်တောက်ရန်နှင့် သတင်းအချက်အလက် ဆုံးရှုံးစေရန် နိုင်ငံတစ်ဝန်းမှ တိုင်း၊ ပြည်နယ် တချို့ကို အွန်လိုင်းပလက်ဖောင်းများ အသုံးပြု၍ မရအောင် အင်တာနက် ဖြတ်တောက်ခြင်းများ စတင် လုပ်ဆောင်ခဲ့သည်။
ထို့မှတစ်ဆင့် ၎င်းတို့ကို မထောက်ခံသည့် အရေးအသားများ၊ တော်လှန်ရေးအင်အားစုများကို ထောက်ခံသည့် အရေးအသားများ ရေးသားနေသူများကို ဖေ့စ်ဘွတ်၊ တယ်လီဂရမ်၊ Viber နှင့် Tik Tok စသည့် ဒီဂျစ်တယ် ပလက်ဖောင်းများမှတစ်ဆင့် ခြိမ်းခြောက် ဖမ်းဆီးရန် လှုံ့ဆော်ရေးခဲ့သည်။ ထို့ပြင် အဆိုပါ ပလက်ဖောင်းများပေါ်တွင် စကားလုံး၊ ဓာတ်ပုံများဖြင့် အမျိုးသမီးအများစုသည် နေ့စဉ် အကြမ်းဖက်မှု ခံနေကြရခြင်း ဖြစ်သည်။ အထူးသဖြင့် တယ်လီဂရမ်ချန်နယ်များတွင် အမျိုးသမီးများနှင့် ပတ်သက်ပြီး အမုန်းစကား ပြောဆိုရာ၌ အကြမ်းအားဖြင့် နှစ်မျိုး တွေ့ရှိရသည်ဟု လူမှုကွန်ရက်လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။
၎င်းက “ပထမတစ်မျိုးကတော့ အမျိုးသမီး တစ်ဦးတစ်ယောက်ကို တိုက်ရိုက် ပစ်မှတ်ထားပြီး အမုန်းစကား ပြောကြားတာဖြစ်ပြီးတော့ ဒုတိယ တစ်မျိုးကတော့ အမျိုးသမီး မဟုတ်တဲ့ လူပုဂ္ဂိုလ် တစ်ဦးဦးကို ပစ်မှတ်ထားပြီး တိုက်ခိုက်ပေမယ့်လည်း အမျိုးသမီးဖြစ်တည်မှုကိုပါ ထိခိုက်စေတဲ့ အမုန်းစကား ပြောဆိုမှု ဖြစ်ပါတယ်။ ဥပမာပြောရရင် နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားတဲ့ စကားလုံးတွေကို အသုံးပြုပြီး တိုက်ခိုက်ကြသလို၊ အမျိုးသားတွေကို စော်ကားပြောဆိုတဲ့နေရာမှာ အမျိုးသမီးအဝတ်အစား ဝတ်ပေးထားတဲ့ ရုပ်ပုံတွေနဲ့ ရေးသားပြီး အမုန်းစကားပြောဆိုတာမျိုးကိုလည်း တွေ့ရှိရပါတယ်” ဟုဆိုသည်။
အမျိုးသမီးများအပေါ် စကားလုံး၊ ဓာတ်ပုံများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ရာတွင် ဖေ့စ်ဘွတ်လူမှုကွန်ရက်၌ အနည်းအကျဉ်းသာ တွေ့ရခြင်းနှင့် ပတ်သက်ပြီး ဖေ့စ်ဘွတ်သည် ယခင် သတ်မှတ်ထားသည့် လူမှုစံချိန်စံနှုန်းများကို မြှင့်တင်ခြင်း၊ ပြည်တွင်း၌ ရှိသော ယုံကြည်ရသည့် လေ့လာစောင့်ကြည့်နေသော အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်၍ အမုန်းစကားများနှင့် ပတ်သက်သည့် Key Word (အဓိက စကားလုံးများ) ကို ၎င်း၏ AI အတွင်း ထည့်သွင်းစောင့်ကြည့် ပို့စ်ဖျက်ချခြင်း၊ AI အတွင်း မပါရှိသည့် Key Word (အဓိက စကားလုံးများ) ကိုလည်း လေ့လာစောင့်ကြည့်နေသည့် အဖွဲ့များက Report (အစီရင်ခံစာ) တင်သည့် အခါမျိုး၌ ပိုစ့်ဖျက်ချခြင်း၊ Reached (ရောက်ရှိမှုနှုန်း) များကို လျှော့ချခြင်းစသည့် အချက်များကြောင့်ဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။
၂၀၂၁ အာဏာသိမ်းပြီး တစ်ပတ်အကြာတွင် ဖေ့စ်ဘွတ်လူမှုကွန်ယက်ပေါ်မှ စစ်ကောင်စီ ရုံးစာမျက်နှာများ၊ စစ်ခေါင်းဆောင်များ၏ အကောင့်များနှင့် ဝါဒဖြန့်ပေ့ချ်စာမျက်နှာများကို စတင်ပိတ်သိမ်းခံခဲ့ရသည်။ ထို့နောက် စစ်ကောင်စီသည် စံချိန်စံနှုန်း တားဆီးပိတ်ပင်မှုများ တင်းကြပ်ထားသည့် ဖေ့စ်ဘွတ်ကနေ အသုံးပြုမှု များပြားသည့် တယ်လီဂရမ်သို့ ကူးပြောင်းကာ အမုန်းစကား၊ ဝါဒဖြန့်ဝေမှုများ ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက် တဖြည်းဖြည်း ရွေ့လျားလာခဲ့သည်။
ထိုသို့ ပြောင်းရွှေ့ချိန်တွင် တယ်လီဂရမ်ပေါ်၌ အမုန်းစကား၊ ဝါဒဖြန့်ဝေမှုများ လုပ်ဆောင်နေခဲ့သည့် အကောင့် ဆယ်ဂဏန်းမျှသာ ရှိခဲ့သည်။ လက်ရှိအချိန်တွင်တော့ ဟန်ငြိမ်းဦး၊ Ka Ka Han၊ ကျော်စွာ၊ မြန်မာ့ခရီးသည်၊ Pan၊ DGF 21 New၊ Banyunt၊ Hla Shwe၊ Lin Nay၊ မှိုင်းဝေ ၊ KO Chit ၊ ရွှေဘ၊ Ko Thet၊ MRTV၊ NP New Myanmar၊ Ko Khant၊ Min Myanmar၊ People Media၊ Myanmar Hard Talk စသည်များအပါအဝင် ချန်နယ် ၁၅၀ ကျော်အထိ တဖြည်းဖြည်း တိုးပွားခဲ့သည်။
လက်ရှိတွင် Telegram, Youtube, Tiktok စသည့် ပလက်ဖောင်းများတွင် အမျိုးသမီးများသည် စကားလုံး၊ ဓာတ်ပုံများဖြင့် ပိုမို ပစ်မှတ်ထား တိုက်ခိုက်ခံနေရခြင်းဖြစ်သည်။ အမုန်းစကားများ၏ ပစ်မှတ်များသည် အရပ်သားပြည်သူများ၊ တက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို အများဆုံးပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု လေ့လာစောင့်ကြည်သူများထံမှ သိရသည်။ အမုန်းစကားများဖြင့် ပစ်မှတ်ထား တိုက်ခိုက်မှုများထဲတွင် အမျိုးသမီးများနှင့် လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ပြောဆိုမှုများ ပိုမို ပါဝင်နေသည်ကို တွေ့ရသည်။
ဖိုဝါဒကြီးစိုးရေး (သို့မဟုတ်) အမျိုးသမီးများအပေါ် ဖိနှိပ်နေသည့် အသိုင်းအဝိုင်းသည် စစ်ကောင်စီသာမက တော်လှန်ရေးအင်အားစုဘက်မှလည်း လုပ်လေ့ရှိပြီး လူမှုအသိုင်းဝိုင်းနှစ်ခုလုံးတွင် ရှိနေခြင်း ဖြစ်သည်ဟု အမျိုးသမီးအရေးလှုပ်ရှားသူ မနန်းမေ့က ပြောသည်။ ၎င်းက
” ဖိုဝါဒကြီးစိုးရေး အစုဖွဲ့က သူတွေကို နှစ်စု ခွဲထားတာ တစ်ခြမ်းက တော်လှန်ရေးအင်အားစုမှာ ရှိတယ်။ တစ်ခြမ်းက စစ်ကောင်စီအင်အားစုမှာ ရှိတယ်။ အတူတူပဲ။ ဒါပေမယ့် တစ်ခု မတူတာက ခံယူချက်တွေ၊ ယုံကြည်ချက်တွေ ဒီအမြင်ပေါ်မှာ သိမြင်တဲ့ အတတ်ပညာရှိတဲ့သူတွေက တော်လှန်ရေး အင်အားစုမှာ များသောအားဖြင့် ရှိလာတယ်။ အဲဒီဥစ္စာက ကွာတယ်။ အဲဒါကြောင့်မို့ ဒါနဲ့ပတ်သက်ပြီးတော့မှ ကျယ်ကျယ်လောင်လောင် ပြောနေကြတာ၊ ကျွန်မတို့ တော်လှန်ရေး အင်အားစုလို့ ပြောတဲ့သူတွေကိုလည်း ဒါကို ပြန်မေးရမယ်” ဟုဆိုသည်။
ထိုထဲမှ ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေတွင် စစ်အာဏာရှင်ကို လက်နက်ကိုင် တွန်းလှန်တိုက်ခိုက်နေသည့် အသက် ၁၈ နှစ်အရွယ် စစ်မေ မွန်မွန် (အမည်လွှဲ) သည်လည်း အွန်လိုင်းက တစ်ဆင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ပြောဆိုမှုခံခဲ့ရသည်။
သူတာဝန်ထမ်းဆောင်နေသည့် တပ်ခွဲမှ အကြီးအကဲဖြစ်သူက အွန်လိုင်းမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ပြောဆိုခံခဲ့ရမှုကို ယခုကဲ့သို့ ပြန်လည် ပြောပြသည်။
“ပထမဆုံး သူက ဖုန်းခေါ်ပြီး အရင် ပြောတယ်။ ပြောပြီးတော့မှ လက်မခံတော့မှ messenger ကနေ လာပြောတာ။ နင့်ကို ချစ်တယ်၊ ငါ့မှာ မိန်းမ မရှိရင် နင့်ကို ယူမှာ၊ မင်းနဲ့ အချစ်ကမ္ဘာလေး သွားချင်တယ်ကွာ အဲဒီလို ယုတ်မာတဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်ခံရတာ”
ထိုသို့ လာရောက်ပြောဆိုပြီး ညပိုင်းအချိန်များတွင် တစ်လထဲ သုံးကြိမ်တိတိ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ပြောဆိုခံခဲ့ရသည်ဟု ၎င်းက ဆိုသည်။ အထက်အကြီးကဲဖြစ်သူ၏ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ပြောဆိုခံခဲ့ရသည့်အချိန်တွင် ခံစားနေရသည့် ၎င်း၏ စိတ်ခံစားမှုအခြေအနေမှာ “အဲဒီအချိန် အရမ်းလည်း ကြောက်တယ်။ ပြီးတော့ မိန်းကလေးလည်း ဖြစ်နေ၊ ဒီတောထဲ ဝင်လာတယ်ဆိုတာက အားကိုး မရှိဘူးလေ။ ဘယ်သူ့ အဖေ ခေါ်လို့ ခေါ်ရမှန်း မသိဘူး။ အဲဒီအချိန်မှာ တိုက်ခိုက်ခံရတာ” ဟု ဆိုသည်။
သူ အွန်လိုင်းတိုက်ခိုက်မှု ခံရသည့် အချိန်မှာ သူ့ဖခင် ကွယ်လွန်သည့် ရက်ပိုင်းအခြေအနေဖြစ်သည့်အပြင် ပတ်ဝန်းကျင်၏ စွပ်စွဲပြောဆိုမှုများကြောင့် ရေသန့်ဆေးပြားသောက်ကာ သတ်သေရန်အထိ မွန်မွန် ကြံရွယ်ခဲ့သည်။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ပြောဆိုခဲ့သည့် အကြီးအကဲတွင် မိန်းမနှင့် ကလေးရှိသည့်အတွက် မွန်မွန်အနေဖြင့် တန်ပြန်တုံ့ပြန်မှုများ မလုပ်ဆောင်ခဲ့ပေ။
“သူ့မိန်းမကိုလည်း မိန်းကလေးချင်း ကိုယ်ချင်းစာတယ်။ သူ့သမီးလေးကိုလည်း ကြီးလာရင် နင့်အဖေက ဒီလို ဒီလို ပြောခံရမှာ စိုးလို့ ဘာမှ မတုံ့ပြန်ခဲ့တာ။ ဒီလိုတွေ ထပ်မလုပ်ဖို့ အကုန်လုံးက တော်လှန်ရေးလုပ်ဖို့ လာတာပဲလေ။ သူတို့ အဲဒီလို ပြောလိုက်တော့ ဘယ်လို ခံစားရမလဲ သူတို့စဉ်းစားကြည့်စေချင်တယ်။ ကာကွယ်ပေးရမယ်။ နှမချင်း ကိုယ်ချင်းစာရမယ်။ ကိုယ့်ညီမလေးတစ်ယောက်လို ကာကွယ်မပေးဘဲနဲ့ ဒီလိုတွေ လုပ်တယ်ဆိုတော့ ဒါက မဖြစ်သင့်ဘူးလေ။ တော်လှန်ရေးမှာ အမဲစက် ထင်သွားမယ်” ဟု ၎င်းက ဆိုသည်။
ထို့အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏ ထောက်ပို့ စစ်မေတစ်ဦးသည်လည်း လူမှုကွန်ယက်မှ စကားလုံးများဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ တော်လှန်ရေးနှင့် ပတ်သက်သည့် အရေးသားပိုစ့်များ တင်သည့်အခါမျိုးတွင် မသင့်တော်သော စကားလုံးများဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု သူက ပြောသည်။၎င်းက
“ဖေ့ဘွတ်မှာ ပိုစ့်တွေ တင်တဲ့အခါမှာ သူတို့အနေနဲ့ ဝေဖန်တာတွေ၊ ဝင်ဖောင်းထုတာမျိုး၊ အဲဒီလို ဝင်ပြောတာမျိုး ရှိတယ်။ ပြီးတော့ တချို့က မက်ဆင်ဂျာအထိ လာပြောတာ ရှိတယ်” ဟုဆိုသည်။
အမျိုးသမီးတစ်ယောက်အတွက် ကာအိန္ဒြေပျက်ပြားစေလောက်သည့် လိင်ပိုင်းဆိုင်ရာ စကားလုံးများဖြစ်သော ဖာပဒက် ၊ ဖာသယ်မ စသည့် ရုတ်ရင်းကြမ်းတမ်းသည့် စကားလုံးများဖြင့်ပါ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
ထိုသို့ တိုက်ခိုက်ခံရသည့်အချိန်တွင် မက်ဆင်ဂျာသို့ လာရောက်ပြောဆိုသူများ၏ လူမူကွန်ယက် အကောင့်များကို ဘလော့ခြင်း( သူငယ်ချင်းအဖြစ်မှ ရပ်စဲခြင်း) တို့ကိုသာ ပြုလုပ်ခဲ့ပြီး ပြန်တုံ့ပြန်ပြောဆိုတာမျိုး ပြုလုပ်လျှင် မိမိကိုယ်သာလျှင် စိတ်ဆင်းရဲရသည့်အတွက် တုံ့ပြန်မှုများ မပြုလုပ်ခဲ့ပေ။ မိမိ လုပ်ရမည့် ကိစ္စရပ်ကိုသာလျှင် အာရုံစိုက် လုပ်ဆောင်နေလိုက်သည် ၎င်းက ဆက်ပြောသည်။
ယခုကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု အနေအထားများကို ဖြေရှင်းရာတွင် အခက်အခဲ အကန့်သတ်များရှိသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂမှ တွဲဖက်အတွင်းရေးမှူး ၁ မဇူးပဒုမ္မာက ပြောသည်။
“အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် သိသာမြင်သာပေမယ့် ဒီစိတ်ပိုင်းဆိုင်ရာ ကိစ္စနဲ့ ပတ်သက်ရင် ဒါက မသိဘူး၊ ဖြေရှင်းရခက်တယ်။ ခံရတဲ့ ကာယကံရှင် ကိုယ်တိုင်ကလည်း သူအကြမ်းဖက်ခံနေရမှန်း မသိဘူး။ နောက်တစ်ခုက စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာနဲ့ပတ်သက်ပြီး တိုင်ကြားဖို့ကလည်း ယန္တရားတွေ မရှိဘူး။ ဒီဟာတွေကို အလေးပေးလုပ်ဆောင်တဲ့ ပုံစံမျိုးလည်း မရှိဘူး။ ရုပ်ပိုင်းဆိုင်ရာဆိုရင် သိသာတယ်။ ဒါကြောင့်မို့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရတဲ့ အနေထားမျိုးတွေဆိုရင်တော့ ဖြေရှင်းပေးဖို့ အရမ်း အကန့်အသတ်ဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် ဒစ်ဂျစ်တယ် စစ်မြေပြင်တွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စကားလုံးပြောဆိုမှုများဖြင့် နွေဦးတော်လှန်ရေးကို ပုံဖျက်ရန် ကြိုးပမ်းနေသည့်အပြင် နောက်ဆက်တွဲ ဖမ်းဆီးမှုများကိုပါ လုပ်ဆောင်လျက်ရှိသည်ဟု အမျိုးသမီးအများစုက သုံးသပ်ကြသည်။ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အဖြစ် တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများက ပန်းသပိတ်တွင် နှိုးဆော်ခဲ့သည်။
ထို့သို့နှိုးဆော်ပြီးနောက် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပန်းသပိတ်တွင် ပါဝင်သော ပြည်သူများ (သို့မဟုတ်) ပါဝင်သည်ဟု ယူဆရသော ပြည်သူများ၏ ဓာတ်ပုံ၊ နေရပ်လိပ်စာ၊ ကိုယ်ရေးအချက်လက်အပြည့်အစုံများကို တယ်လီဂရမ်ချန်နယ်များတွင် တင်ပြီး ဖမ်းဆီးရန် လှုံ့ဆော်သည့် ပိုစ့်များ တင်ခဲ့ကြသည်။
တယ်လီဂရမ်ချန်နယ်များ၌ ပန်းသပိတ်နှင့် ပတ်သက်၍ သတင်းပေးခံရမှုနှင့် ပြောဆိုခံရမှု အခြေအနေများတွင် အမျိုးသမီးများ ပိုမိုပါဝင်သည်ဟု စောင့်ကြည့်နေသည့် အဖွဲ့ တစ်ခုက ပြောသည်။ ပန်းသပိတ်နှင့် ပတ်သက်၍ တယ်လီဂရမ်ချန်နယ်တွင် လူပေါင်း ၃၃ ဦး သတင်းပေး ခြိမ်းခြောက်ခံရလျှင် ယင်း ၃၃ ဦးထဲ၌ အမျိုးသမီး ၂၃ ဦးအထိ ပါဝင်သည်ဟု လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။ ထို့နောက် ပန်းသပိတ် လှုပ်ရှားမှုများကြောင့် ဧရာဝတီ၊ ရန်ကုန်နှင့် စစ်ကိုင်းက အရပ်သား ၁၃၀ နီးပါးကို စစ်ကောင်စီတပ်ဘက်က စွပ်စွဲဖမ်းဆီးခဲ့ပြီး ထိုထဲတွင် အမျိုးသမီးအများစု ဖမ်းဆီးခံခဲ့ရသည်။ ထိုဖြစ်စဉ်များထဲမှ တစ်ခုဖြစ်သည့် ဇွန်လ ၁၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ သမာဓိရွှေဆိုင် နှစ်ဆိုင်မှ အမျိုးသမီး ၁၃ ဦးကို ပန်းသပိတ်ပြုလုပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
ထိုကဲ့သို့ တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် ခြိမ်းခြောက်ပြောဆိုခံနေရသည့် အခြေအနေများ၏ သားကောင်မဖြစ်အောင် ပြည်သူတစ်ဦးချင်းအနေဖြင့် ဒီဂျစ်တယ်ပိုင်းဆိုင်ရာ လုံခြုံရေးကို အလေးပေး လုပ်ဆောင်သင့်သည်ဟု လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။ ၎င်းက
“အမုန်းစကားနဲ့ပတ်သက်ပြီး အများပြည်သူတွေကို အသိပညာမြှင့်တင်မှုလည်း လိုအပ်သလို ခြိမ်းခြောက်ပြောဆိုမှုတွေ မခံရအောင် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ လုံခြုံရေးကိုလည်း အသိမြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ တခြား ဆိုရှယ်မီဒီယာပလက်ဖောင်းတွေအနေနဲ့ ဖေ့စ်ဘွတ်လို မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လက်တွဲ အလုပ်လုပ်လာတဲ့၊ မြန်မာနိုင်ငံရဲ့ လူမှုဝန်းကျင်ကို မထိခိုက်စေတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ ဖြစ်လာအောင် နိုင်ငံတကာ အဖွဲ့အစည်းတွေပါ ပါဝင်ပြီး လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဧပြီအထိ ၄ လအတွင်း တယ်လီဂရမ်ချယ်နယ်များတွင် အမျိုးသား ၃၁၂ ဦး၊ အမျိုးသမီး ၃၅၄ ဦး၊ လိင်စိတ်ခံယူမှုကွဲပြားသူ ခြောက်ဦး စုစုပေါင်း ၆၇၂ ဦးကို ဖမ်းဆီးရန် ခြိမ်းခြောက်ခံခဲ့ရသည်ဟု အမုန်းစကား၊ ဝါဒဖြန့်မှုများနှင့် ပတ်သက်ပြီး လေ့လာစောင့်ကြည့်နေသည့် အဖွဲ့များ၏ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။ ဖမ်းဆီးရန် ခြိမ်းခြောက်ခံခဲ့ရသည့် ၆၇၂ ဦးထဲမှ အမျိုးသား ၂၈၃ ဦး ၊ အမျိုးသမီး ၁၂၀ ဦး၊ လိင်စိတ်ခံယူမှုကွဲပြားသူ တစ်ဦး စုစုပေါင်း ၄၀၄ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။
ထို့ပြင် ယခုနှစ် မေလအတွင်း ဖမ်းဆီးထိန်းသိမ်းခံရသည့် အမျိုးသမီး အရေအတွက် တိုးလာသကဲ့သို့ ပြစ်ဒဏ်ချခံရသူနှင့် သေဆုံးသူ အမျိုးသမီး အရေအတွက်လည်း တိုးလာသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂက ကောက်ယူထားသည့် စာရင်းများအရ သိရသည်။ စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စ၍ ၂၀၂၃ ခုနှစ် မေလ ၂၉ ရက်အထိ မတရား ဖမ်းဆီးထိန်းသိမ်းခံရသည့် အမျိုးသမီး စုစုပေါင်း ၃၅၁၇ ဦးအထိ ရှိခဲ့ပြီး ထိုထဲမှ အမျိုးသမီး ၈၅၉ ဦးသည် ပြစ်ဒဏ်ချမှတ်ခြင်း ခံနေရသည်ဟု မြန်မာအမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားသည်။
ထိုသို့ စစ်ကောင်စီ၏ ပြောဆိုဖိနှိပ်မှုများ၊ ဖမ်းဆီးထိန်းသိမ်းမှုများကြားမှပင် အမျိုးသမီးများသည် ထိုအရာများကို အားအင်အဖြစ် ပြောင်းလဲအသုံးချကာ ယုံကြည်ရာ တိုက်ပွဲဆင်နွှဲနိုင်ရန် ရရာနေရာမှ ဆက်လက် တိုက်ပွဲဝင်နေကြဆဲဖြစ်သည်။