ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ သီးချင်းသံတွေ ပြန့်လွင့်နေတဲ့ မနက်ခင်း
******************************
သံလွင်ခက်
ဇန်ဝါရီ ၉ ၊ ၂၀၂၄ ။
” မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ အောင်ခြင်းနဲ့အောင်ခြင်း ပထမပါ.. ”
တရားပွဲ၊ အလှူပွဲတွေ၊ ဓမ္မာရုံတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အိမ်တွေမှာ မနက်ခင်း အချိန်ခါတွေမှာ ဆယ်စုနှစ်များစွာ ကြားရလေ့ရှိနေတဲ့ “အောင်ခြင်းရှစ်ပါး “သီချင်းရဲ့ မူရင်း အဆိုတော်ရှင်ကြီး ဒေါ်မာမာအေးဟာ ယနေ့နံနက်အစောပိုင်းမှာ ကွယ်လွန်သွားခဲ့ပါပြီ ။
အမေရိကန်နိုင်ငံမှာနေထိုင်နေတဲ့ ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေးဟာ ဇန်နဝါရီ ၈ ရက် အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆:၂၈ နာရီ၊ မြန်မာစံတော်ချိန် ဒီကနေ့ ဇန်နဝါရီ ၉ ရက် မနက် ၅:၅၈ နာရီမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၈၂ ရှိပြီးဖြစ်တဲ့ ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ သီချင်းတွေဟာလည်း ဆယ်စုနှစ်များစွာ ယနေ့တိုင်ထိ တေးချစ်သူတွေကြားမှာ နေရာယူဆဲဖြစ်ပါတယ် ။
ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး ကွယ်လွန်သွားခဲ့တာကို နီးစပ်တဲ့မိတ်ဆွေတွေ၊ ဂီတအသိုင်းအဝိုင်းက သူတွေ ၊ ဂီတကိုချစ်မြတ်နိုးတဲ့သူတွေနဲ့ ပရိတ်သတ်များစွာက ဝမ်းနည်းကြောင်း ဖော်ပြထားကြသလို ဒေါ်မာမာအေးရဲ့ ကျော်ကြားခဲ့တဲ့ သီချင်းတွေကိုလည်း အမှတ်တရအနေနဲ့ ပြန်လည်ဖော်ပြနေကြပါတယ်။
ဒီကနေ့မနက်ပိုင်းမှာ လူမှုကွန်ရက်စာမျက်နှာ တွေမှာ ပြန့်လွင့်လာတဲ့ ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ သီချင်းတွေထဲမှာ ” အချိန်ရမှ နားထောင်ပါ ” သီချင်းဟာလည်း ပြန်ဆိုတေးများစွာအနေနဲ့ အောင်မြင်ခဲ့ပါတယ် ။
” သံစဥ်တေးလေးတွေ ရင်ထဲရှိသမျှ ဖွင့်ဆိုမယ် ၊ တနယ်ဆီဝေး ကမ္ဘာကြီးခြားသလို တို့နှစ်ယောက်မှာ ပြန်တွေ့လို့ ဆုံစည်းစရာ မျှော်လင့်ကြည့်ရင် ချစ်ကံကြမ္မာအကျိုးအလွန်နည်းတာ ပန်းရွှေဝါပိတောက်တွေ အတူတူနေတဲ့ရက်ကို သတိရပြန်ပေါ်လာ အခုတော့တို့တစ်ယောက်ထဲပါ လွမ်းရင်းငေးကျန်ခဲ့တာ အောက့်မေ့သတိရ ချစ်တေးလက်ဆောင် မောင့်ဆီရောက်အောင်ပို့ချင်တာ အချိန်ရမှ နားထောင်ပါ….”စတဲ့ မေတ္တာဖွဲ့သံစဥ်သားတွေနဲ့ တေးရေးဆရာ ကေတုဝင်းထွဋ်ရေးစပ်ခဲ့တဲ့ ” အချိန်ရမှ နားထောင်ပါ” သီချင်းဟာ ယနေ့ခေတ် ဆယ်ကျော်သက်လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ ရင်းနှီးနေအောင် မရိုးပဲရှိနေခဲ့တာပါ။
အောင်မြင်ကျော်ကြားခဲ့တဲ့ ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ သီချင်းပေါင်းများစွာကို ပြန်ဆိုတေးတွေ များနေခဲ့မယ့် ဒီကနေ့မနက်ပိုင်းမှာတော့ မူရင်းအဆိုတော်ကြီး ဒေါ်မာမာအေး ကိုယ်တိုင်သီဆိုထားတဲ့ သီချင်းသံတွေက တဖန်ပြန့်ပြီး ပြန့်လွင့်လို့ထွက် ပေါ်လာနေပါတော့တယ်။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2898
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6854