KNLA ဆေးပညာသင်တန်းကို ရှမ်းမြောက်အပါအဝင် တော်လှန်ရေးတပ်က လူငယ်များတက်ရောက်
****************************
သံလွင်ခက်
ဇန်နဝါရီ ၉ ၊ ၂၀၂၄ ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( K.N.L.A) ဗဟိုစစ်ဌာနချုပ်၊ စစ်/ဆေးဌာန နှင့် နယ်လှည့် ကျောပိုး အိတ်ကျန်းမာရေးလုပ်သားအဖွဲ့ (B.P.H.W.T) တို့ ပူးပေါင်းဖွင့်လှစ်သည့် (MEDIC) ဆေးသင်တန်းအပတ်စဥ် – ၂ သင်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက လူငယ်များတက်ရောက်ခဲ့သည်ဟု ကေအဲန်ယူဗဟို၊ သတင်းနှင့် ပြန် ကြားရေးတာဝန်ရှိသူက ပြောသည်။
အဆိုပါသင်တန်းကို၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင်စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် သင်တန်း ဆင်းပွဲကျင်းပပြုလုပ်ခဲ့သည်ဟု Karen National Union ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်သည် ။
ထိုသင်တန်းတွင် သင်တန်းသား ၁၈ ဦးနှင့် သင်တန်းသူ ၂၂ ဦး စုစုပေါင်း ၄၀ ဦးတက်ရောက်ခဲ့သည် ။
“ထူးခြားတာကဒီသင်တန်းထဲမှာကျွန်တော်တို့မဟာမိတ်ညီနောင်တွေထဲက အထူးသဖြင့် ပလောင် – တအာင်း ပေါ့နော်။ တအာင်း – ပလောင်က ၄ ယောက်ပါတယ်။ ကရင်နီညီကိုတွေဘက်ကတော့ ၆ ယောက်ပါတယ်၊၊ ABSDF မှာကတော့ ၂ယောက်ပါတယ်၊၊ ပြီးတော့ ရခိုင်က၂ ယောက်လည်းပါတယ်”ဟု ကေအဲန်ယူဗဟို သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသားကပြောသည် ။
သင်တန်းကာလ ၁၂ လကြာမြင့်ခဲ့သည့် ထိုသင်တန်းတွင် ဒေသတွင်း၌ အဖြစ်များသော ရောဂါများ၊ ဆေးဝါးဗေဒ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးပညာ၊ စိတ်ဒဏ်ရာနှင့်ဆိုင်သောအကြောင်းအရာများ၊ အသေးစားခွဲစိတ်မှု အစရှိ သည့်ဘာသာရပ်များ သင်ကြားပေးခဲ့သည်။
သင်တန်းကို စာတွေ့ ၈ လနှင့် လက်တွေ့ ၄ လ သင်ကြားရပြီး သင်တန်းသားများအနေဖြင့် မယ်တော်ဆေးခန်း တွင် လက်တွေ့ ၂ လနှင့် ကော်သူးလေဆေးရုံတွင်လက်တွေ့ ၂ လ လုပ်ကိုင်ခဲ့ကြရသည် ။
“သင်တန်းဆင်းတဲ့လူတွေက အများအားဖြင့်က တပ်ဘက်ကလူတွေ၊၊ တပ်ဘက်ကလူတွေပဲ တက်ကြတယ်ဆို တော့ အဓိကကတော့ တော်လှန်ရေးပဲလေ။ တော်လှန်းရေနယ်မြေအသီးသီးမှာပြန်ပြီးတော့ အလုပ်အကျွေးပြုမှာ ပဲလေ။ အဲ့လို သိရပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( K.N.L.A) ဗဟိုစစ်ဌာနချုပ်၊ စစ်/ဆေးဌာနက ဖွင့်လှစ်သည့် (MEDIC) ဆေးသင်တန်းကအောင်မြင်ခဲ့သည့် သင်တန်းသားများကို သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်း ဆင်းအောင်လက်မှတ်များ ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( K.N.L.A) ဗဟိုစစ်ဌာနချုပ်၊ စစ်/ဆေးဌာန၏ (MEDIC) ဆေးပညာ သင်တန်း အမှတ်စဥ် ၁ သင်တန်းဆင်းပွဲကိုလည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်တွင် ပြုလုပ်ခဲ့သည် ။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2909
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6871