“ဒီပွဲမှာမှ မနိုင်ခဲ့ရင်တော့ နောင်အချိန်မှာတော့ မစဥ်းစားနဲ့တော့”
Saw Smith
ဒီဇင်ဘာ ၂၂၊ ၂၀၂၃။
အသစ်လဲတပ်ပေးသည့် ခြေတုကို တပ်ပြီး အဖူးဆေးမှူးတစ်ယောက် ခေါက်တုံ့ခေါက်ပြန် လမ်းစမ်းလျှောက်နေသည်။ခြေတုတပ်ထားသည်ဟု မထင်မှတ်ရလောက်အောင်ကိုပင် သူ့ခြေလှမ်းများက သွက်လက်နေသည်။ ပုဆိုးကို ပေါင်ရင်းပေါ်သည်အထိ ပင့်ထားပြီး တခါတလေ ခြေတုတပ်ထားသည့် ခြေထောက်ကို မြှောက်၍ ကန်ကန်ကြည့်လိုက်သေးသည်။
ခြေတုအသစ်ကို သဘောတွေ့သည့်ဟန်ပန်ဖြင့် လမ်းစမ်းလျှောက်နေသည့် အဖူးဆေးမှူး၏ လှုပ်ရှားမှုများက ခန္ဓာကိုယ်ပိန်ပိန်၊ သွယ်သွယ်နှင့် ငယ်ရွယ်သူများသာ လုပ်နိုင်သည့် အခြေအနေမျိုးပင်။
အသက် ၅၆ နှစ်အရွယ်ရှိပြီးဖြစ်သော အဖူးဆေးမှူးသည် ပိန်ပါးလှသူမဟုတ်။ အရပ် ၅ ပေ ၇ လက်မခန့်မြင့်ပြီး ပေါင်ချိန် ၁၈၀ လောက်ရှိသည့် ခန္ဓာကိုယ်ထွားကြိုင်သူပင် ဖြစ်သည်။ ဤကဲ့သို့သော ခန္ဓာကိုယ်၊ အသက်အရွယ်ဖြင့် ပေါ့ပါးဖြတ်လတ်နေသည့် အဖူးဆေးမှူးတွင် အရေးတကြီးလုပ်စရာများ တပုံတပင် ရှိနေမှာ အမှန်ပင်ဖြစ်သည်။
ထိုအချိန်က အဖူးဆေးမှူးတို့ ကျားဖြူစစ်ကြောင်းဦးဆောင်ပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သိမ်းစစ်ဆင်ရေး စတင်ဆင်နွှဲနေသည့် ယခုဒီဇင်ဘာလ အစောပိုင်းတွင် ဖြစ်သည်။
တစ်နှစ်ကျော်ကြာ အသုံးပြုခဲ့သော ခြေတုအဟောင်းသည် လမ်းပင်ကောင်းကောင်းလျှောက်၍ မရတော့သည်အထိ ချောင်နေပြီဖြစ်သည်။ ရှေ့တန်းစစ်မြေပြင်များအထိ လိုက်ပါနေသည့် အဖူးဆေးမှူးအတွက် ခြေတုအသစ်လဲဖို့ကလည်း အရေးတကြီး လိုအပ်သည့် အခြေအနေပင်။
ထို့ကြောင့် ဆရာဝန်က ရက်ချိန်ပေးသည့် ပြီးခဲ့သော နိုဝင်ဘာလကုန်ပိုင်းတွင် ထိုင်း – ကရင်နယ်စပ်ဘက်ကို အဖူးဆေးမှူး လာခဲ့သည်။ ခြေတုတပ်ဖို့ ရက်ချိန်း အနည်းငယ်နောက်ကျနေသည့် အခြေအနေတွင် တစ်ဖက်မှာလည်း ကြိုတင်စီစဥ်ထားသည့် မြို့သိမ်းစစ်ဆင်ရေးက စနေပြီဖြစ်သည်။
ကျားဖြူစစ်ကြောင်း ဦးဆောင်သည့် KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများသည် ဒီဇင်ဘာလ ၁ ရက်တွင် ကော့ကရိတ်မြို့အနီးဝန်းကျင်နှင့် မြို့ပေါ်နေရာတချို့ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
တစ်နေကုန်နီးပါးဖြစ်ပွားခဲ့သည့် ထိုနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က လက်နက်ကြီးအချက်ရေ ဆယ်ချီ ပစ်ကူပေးခဲ့သည့်အပြင် လေကြောင်းပစ်ကူ ငါးကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့သည်အထိ ပြင်းထန်ခဲ့သည်။ ထိုနေ့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာတချို့ကို ပူးပေါင်းစစ်ကြောင်းဘက်က သိမ်းပိုက်ရရှိခဲ့သော်လည်း ကျားဖြူစစ်ကြောင်းအပါအဝင် ပူးပေါင်းစစ်ကြောင်းဘက်က ရဲဘော် နှစ်ဦး ကျဆုံးခဲ့သည်။
“တို့ စစ်ကြောင်းက ရဲဘော် တစ်ယောက်ကျပြီး ၁၇ ယောက်လောက် ဒဏ်ရာရထားတယ်။ အဖူးက အဲဒါ အားချင်း ပြန်ချင်နေတာ” ဟု စစ်ဆင်ရေးပထမနေ့တွင် ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်နေသည့် အဖူးဆေးမှူးအား ကြည့်ရင်း သူ၏ ဇနီးသည်က ပြောသည်။
ထို့ကြောင့် အဖူးဆေးမှူးသည် နောက် တစ်ရက် ခြေတုအသစ်တပ်ပြီးသည်နှင့် ချက်ချင်းပင် ကော့ကရိတ်သို့ ပြန်သွားခဲ့သည်။
နှစ် ၄၀ နီးပါးတော်လှန်ရေးခရီးထဲက ကရင်စစ်သားကြီး
******************************
နှစ်ပေါင်း ၇၀ ကျော်ကြာ တော်လှန်ရေးဆင်နွှဲနေသည့် ကရင်အမျိုးသားအစည်းအရုံး – ကေအဲန်ယူအတွက် ကရင်လူငယ်များ တစ်ချိန်က စစ်မှုထမ်းကြရသည့် အခြေအနေတွင် လက်နက်ကိုင် ဘဝထဲ စရောက်ခဲ့သည်ဟု အဖူး ဆေးမှူးက ပြောသည်။
“တစ်ချိန်တုန်းကတော့ ကျွန်တော်တို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းမှာဆိုရင် အသက်အရွယ်ရောက်ရင် စစ်ထဲသွား အင်အားပေးရတယ်လေ။ လုပ်အားပေးရတယ်လေ။ အယောက်တိုင်း မလွတ်ပါဘူး။ ဘယ်တပ်မဟာ မှာပဲ ဖြစ်ဖြစ်ပေါ့။ အဲလိုမျိုး သွားဖြစ်ခဲ့တာပါ”
၁၉၈၄ ခုနှစ်၊ အသက် ၁၆ နှစ်အရွယ်ကတည်းက စစ်မှုစထမ်းဖြစ်ခဲ့သည့်အခြေအနေကို အဖူးဆေးမှူးက ရှင်းပြသည်။
စစ်မှုထမ်းရသည့်ကရင်လူငယ်များသည် ၄ နှစ်ကြာသည်အထိသာ တာဝန်ထမ်းဆောင်ရပြီး နောက်ပိုင်းတွင် ကိုယ်ကြိုက်နှစ်သက်ရာ နယ်ပယ်အသီးသီးတွင် အလုပ်များကို ဆက်လက် လုပ်ကိုင်နိုင်ကြသည်ဟု ဆိုသည်။
ကေအဲန်ယူတပ်မဟာ ၆ နယ်မြေမှာ စစ်မှုထမ်းနေစဥ်ကာလအတွင်း နာမည်ပေါက်ခဲ့ပြီး စစ်တပ်၏ စုံစမ်းထောက်လှမ်းမှုကို ခံခဲ့ရသဖြင့် ရွာပြန်နေလို့ မရသည့် အခြေအနေ၌ လက်နက်ကိုင်အဖြစ် ဆက်ရှိနေရသည်ဟု အဖူးဆေးမှူး က ပြောသည်။
ကရင်အမျိုးသားအစည်းအရုံ KNU / KNLA ၏ ထောက်လှမ်းရေးတပ်တွင် တာဝန် စတင်ထမ်းဆောင်ခဲ့ပြီး တော်လှန်ရေးနှင့် တိုက်ပွဲအတွေ့အကြုံ ၃၉ နှစ်အထိ ရှိနေသည့် အဖူးဆေးမှူးသည် လက်ရှိတွင် ကျားဖြူ စစ်ကြောင်း၏ ဒုတိယစစ်ကြောင်းမှူး တာဝန်ကို ယူထားသည်။
DKBA ခွဲထွက်က ဗိုလ်ကျော်သက် ဦးဆောင်သည့် ကျားဖြူစစ်ကြောင်းသည် KNLA တပ်ရင်း ၂၇ ၏ တပ်ခွဲ စစ်ကြောင်း တစ်ကြောင်းဖြစ်ပြီး ဗိုလ်ကျော်သက်က စစ်ကြောင်းမှူး ဖြစ်သည်။
အာဏာသိမ်းကာလအတွင်း ကေအဲန်ယူတပ်မဟာ ၆ နယ်မြေတွင် PDF လူငယ်ထောင်ချီကို စစ်သင်တန်းများ ပေးခဲ့ပြီး အဖူးဆေးမှူးလည်း ဦးဆောင်ပါဝင်ခဲ့သည်။
“လူငယ်တွေ ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာ သူတို့ ခံစားချက်၊ သူတို့ နာကျည်းချက်တွေနဲ့ ထွက်လာကြတဲ့ ကလေးတွေဆိုတော့ ဒီနယ်မြေကို ရောက်ရောက်ချင်း သူတို့အနေနဲ့ ဘာမှ မသိဘူးလေ။ မကျွမ်းကျင်ဘူးလေ။ တပ်မဟာ ၆ မှာဆိုရင် ကျွန်တော်က လူငယ်တွေကို ကြိုဆိုတယ်။ အကြီးအကဲတွေနဲ့ တိုင်ပင်ပြီး သင်တန်းတွေ ပို့ချပေးခဲ့တယ်”
အဖူးဆေးမှူးတို့ သင်တန်းပေးခဲ့သည့် PDF လူငယ်များသည် ကျားဖြူစစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်းတို့တွင်သာမက တပ်မဟာ ၆ နယ်မြေအတွင်းရှိ စစ်ကြောင်းများတွင်လည်း ရှိနေကြသည်။ သင်တန်းကာလအတွင်း၌ တက်ကြွ၊ ထက်မြက်ကြသည့် လူငယ်များသည် စစ်ရေးအတွေ့အကြုံရှိလာသည့် နှစ်နှစ်ကျော်အတွင်းမှာလည်း အတော်ပင် အားကိုးနေရပြီဟု အဖူးဆေးမှူးက ချီးကျူးသည်။
ထို့ပြင် လူငယ်များ၏ စိတ်အားထက်သန် တက်ကြွမှုများကို ကြည့်ပြီး သူ့စိတ်ပင်လျှင် ပြန်ပြီး ငယ်ရွယ်နုပျိုလာစေသလို ဖြစ်သွားသည်ဟု ဆိုသည်။
အခုအသက်အရွယ်ထိရောက်ပြီး ခြေတစ်ဖက်ဆုံးရှုံးထားရသည့်တိုင် တိုက်ပွဲများ၌ ဦးဆောင်ပါဝင်နေနိုင်သည်မှာ ထိုစိတ်ကြောင့်ပင်ဖြစ်သည်ဟု အဖူးဆေးမှူးက ဂုဏ်ယူကျေနပ်သည့် လေသံဖြင့် ပြောသည် ။
ကျားဖြူစစ်ကြောင်းတွင် အဖူးဆေးမှူးက စစ်ကြောင်း၏ အရေးအရာကိစ္စများသာမက ရှေ့တန်းတိုက်ပွဲများအထိ ဦးဆောင်ပါဝင်နေသည်ဟု စစ်ကြောင်းထောက်ပို့ တစ်ဦးက ပြောသည် ။
“စစ်ကြောင်းမှာက အဖူး ဗိုလ်ကျော်သက်က ဗျူဟာ ချတယ်။ အဖူးဆေးမှူးကတော့ စစ်ဆင်ရေးတွေကို ဦးဆောင်တိုက်နေတာပေါ့” ဟု ကျားဖြူစစ်ကြောင်းကို ထောက်ပို့ပေးနေသူ အမျိုးသမီး တစ်ဦးက ပြောသည်။
ပြင်းပြသည့် ယုံကြည်ချက်ဖြင့် ခြေတစ်ဖက် တိုက်ပွဲဝင်နေသူ
********************************
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် စတင်ဖြစ်ပွားခဲ့သော လေးကေ့ကော်မြို့သစ်တိုက်ပွဲများမှစပြီး ထိုင်း – ကရင်နယ်စပ်တစ်ကြောအထိ တိုက်ပွဲများ ပြင်းထန်လာသဖြင့် ကျားဖြူစစ်ကြောင်းသည်လည်း ၂၀၂၂ ခုနှစ် အစောပိုင်းတွင် စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့ကြသည်။
စစ်ကြောင်းအခြေချရာ ကော့ကရိတ်နယ်မြေသည် စစ်ကောင်စီတပ်၏ လက်နက်၊ လူအင်အား ထောက်ပို့လမ်းကြောင်းဖြတ်သန်းရာ နေရာဖြစ်သောကြောင့် ကျားဖြူစစ်ကြောင်းက စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းကို အဓိက ဖြတ်တောက်ပေးခဲ့ရသည်။
လူငယ်များကို ဦးဆောင်ပြီး စစ်ဆင်ရေးများအလီလီ ဆောင်ရွက်ခဲ့သော အဖူးဆေးမှူးသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လပိုင်း၌ ကော့ကရိတ်မြို့နယ် မောင်းမရွာသစ်တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည်။
ရန်သူတပ်ဖွဲ့များ ဆုတ်ခွာသွားချိန်၌ ရန်သူ့စခန်းကို တက်စီးစဥ် မိုင်းထိမှန်ပြီး ညာခြေဒူးအောက်ပိုင်းမှ ဖြတ်တောက်ပစ်ခဲ့ရခြင်းဖြစ်သည်ဟု အဖူးဆေးမှူးက ပြောသည်။
ဒဏ်ရာကို တောထဲ၌ တစ်လလောက် ကုသနေစဥ်တွင် စစ်ရေးက ပိုမိုပြင်းထန်လာသည့်အတွက် ဒဏ်ရာမြန်မြန် ကုသနိုင်ရန် နယ်စပ်ဘက်ကို ပြောင်းရွှေ့ကုသခဲ့သည်။ ထိုင်း-ကရင် နယ်စပ်ဘက်တွင် ဒဏ်ရာကို သုံးလကျော်လောက် ထပ်မံကုသခဲ့ပြီး ရှေ့တန်းပြန်ထွက်နိုင်ရန် ခြေတုတပ်ပေးရန် ဆရာဝန်ကို အဖူးဆေးမှူး တောင်းဆိုခဲ့သည်။
“ဆရာဝန်က တောင်းဆိုတဲ့အတိုင်း ခြေတု တပ်ပေးတယ်။ ခြေတုက ကိုယ်လည်း မတတ်ဖူးတဲ့အတွက်ကြောင့် စစချင်းမှာ အဆင်မပြေဘူး။ ပွန်းတာတို့၊ ရှတာတို့၊ လောင်တာတို့ပေါ့နော်။ နာကျင်မှုတွေ အမျိုးမျိုးခံစားခဲ့ရတယ်”
ခြေတုနှင့် အသားမကျမှု၊ ဖြတ်ထားသည့် ဒဏ်ရာက နာကျင်မှုများရှိနေခဲ့သော်လည်း အဖူးဆေးမှူးသည် ခြေတုတပ်ပြီး လေးလကျော်အကြာတွင် ရှေ့တန်းသို့ ပြန်လည်ဦးဆောင်လိုက်ပါခဲ့သည်။
“ကလေးတွေက တစ်ခါတလေကျရင် ကိုယ့်ကို စိတ်ပူတယ်။ အဖူးရေ အရှေ့မသွားနဲ့ သားတို့ ရှိတယ်။ စိတ်ချပါ။ ဒါမျိုးတွေ ကလေးတွေက ချစ်ခင်ကြတယ်။ ကျွန်တော့်ဘက်ကလည်း ပြောရရင် ဒီခြေထောက်လေးက လမ်း လျှောက်ရင် အတော်လေးနာတယ်။ နာပေမယ့် သူတို့ကို မပြောဘူး။ သူတို့ စိတ်ဓာတ်ကျမယ့် အကြောင်းတွေ ဘယ်တော့မှ မပြောဘူး။ ဒီလိုပဲ ရဲဘော်တွေကြားထဲ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောနဲ့ သွားတယ်”အခက်အခဲများ ရှိခဲ့သော်လည်း ရဲဘော်များကို ဦးဆောင်ပြီး ရှေ့တန်းလိုက်ထွက်သည်ကို အဖူးဆေးမှူးက ပြောသည်။
“ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်တောင် ခြေထောက်ပြတ်လျက်နဲ့ စွန့်စားရဲရင် ကလေးတွေလည်း အတုယူစေချင်တယ်ပေါ့။ ကျွန်တော်တို့ ခေါင်းဆောင်၊ ကျွန်တော်တို့ အဖိုးတစ်ယောက်ဟာ ဒီလောက်တောင် ခြေ ထောက် မကောင်းတဲ့ကြားက လိုက်ပါနေတယ်ဆိုတော့ ကလေးတွေ သူတို့စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွကြတယ်ပေါ့” ဟု အဖူးဆေးမှူးက ရှေ့တန်းတိုက်ပွဲများ၌ ဦးဆောင်ပါဝင်နေရသည့် အကြောင်းအရင်းကို ရှင်းပြသည်။
ခြေတုဖြင့် တိုက်ပွဲဝင်ခဲ့သည့် တိုက်ပွဲများအနက် ပထမအကြိမ် ကော့ကရိတ်မြို့တွင်းတိုက်ပွဲနှင့် မွန်ပြည်နယ် ချောင်းနှစ်ခွတိုက်ပွဲများက အပြင်းထန်ဆုံးဟု အဖူးဆေးမှူးက ပြောသည်။
ပြီးခဲ့သော နိုဝင်ဘာလ ဒုတိယအပတ်အတွင်း ဖြစ်ပွားခဲ့သော ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အရာရှိ တစ်ဦးအပါအဝင် ၁၄ ဦး သေဆုံးခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးအရှင်ဖမ်းမိပြီး ၂၃ ဦး လက်နက်ချအညံ့ခံခဲ့ကြသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က တိုက်လေယာဥ်များဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ပူးပေါင်းစစ်ကြောင်းများက အောင်ပွဲရခဲ့သည်။
“ချောင်းနှစ်ခွတိုက်ပွဲက တော်တော်ပြင်းတယ်။ လေယာဥ်တွေ ဘာတွေ ဗုံးလာကြဲတယ်။ ကိုယ့်ဘက်က အဖွဲ့စုံ ပါဝင်ကြတာ၊ ညီညွတ်မှုလည်း ရှိတော့ ရန်သူဘက်က လက်နက်ချတာတွေရော လက်နက်၊ ခဲယမ်း တော်တော်များများ သိမ်းပိုက်ရရှိခဲ့တယ်”ပြီးခဲ့သည့် လကမှ ပူပူနွေးနွေး ဆင်နွှဲခဲ့သည့် ချောင်းနှစ်ခွတိုက်ပွဲအတွေ့အကြုံကို အဖူးဆေးမှူးက ဂုဏ်ယူဝင့်ကြွားသည့်ဟန်ဖြင့် ပြန်ပြောသည်။
စစ်ဆင်ရေးများ ထွက်ချိန်တွင် အချိန်နာရီများစွာ ကြာအောင် လမ်းလျှောက်ကြရပြီး လေယာဥ်လာသည့်အခါမျိုးတွင် ခြေတုက အံချော်၍ တစ်ဖက်စောင်းဖြစ်ကာ ဒုက္ခအတော်ရောက်ရသည်ဟုလည်း အဖူးဆေးမှူးက သူ၏ ခြေပြတ်အဖုကို ပွတ်ရင်းပြောသည်။
အသက်အန္တရာယ်ကြားက သွားလာရခက်ခဲနေသည့် အခြေအနေများကြားတွင် စစ်ဆင်ရေးသွားနေရသော်လည်း လက်ရှိသူကြုံတွေ့နေရသည့် အခက်အခဲများသည် ယခင်သူငယ်စဥ်က ကြုံတွေ့ခဲ့သော ပင်ပန်းဆင်းရဲမှုများနှင့် ယှဥ်လျှင် မပြောသာဟု ဆိုသည်။
ယခင်က တောထဲတွင် အစာရေစာပြတ်လပ်ခဲ့ရသည်အထိ ဆင်းဆင်းရဲရဲဖြစ်ခဲ့ရပြီး တစ်ဖက်တွင်လည်း ပြည်သူလူထု ထောက်ခံမှုမရှိသည့်အခြေအနေက စိတ်ဓာတ်မကြံ့ခိုင်သူများ ပြိုလဲသည်အထိပင် ဖြစ်ခဲ့ကြရသည်ဟု အဖူးဆေးမှူးက ပြောသည်။
“အခက်အခဲတွေ မြောက်များစွာတောင် ကျွန်တော် စိတ်ဓာတ်မကျခဲ့ဘူး။ ဒီအချိန်မှာက ပြည်သူထောက်ခံမှု အများကြီး ရနေတာလေ။ ကျွန်တော် ဒီအသက်အရွယ်နဲ့ အခက်အခဲတွေ ရှိပေမယ့် စိတ်ဓာတ် တစ်ခါမှ မကျခဲ့ဘူး”ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရဖို့၊ တန်းတူအခွင့်အရေးရဖို့၊ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ ဆယ်စုနှစ်များစွာ တော်လှန်တိုက်ပွဲဝင်နေကြသည့် အဖွဲ့အစည်း အသီးသီးအနေဖြင့် တစ်ကြိမ်တစ်ခါမှ မရရှိဖူးသည့် ပြည်သူလူထု အာပေးထောက်ခံမှုများ ရှိနေသော လက်ရှိအချိန်အခါကို အမိအရ ဆုပ်ကိုင်ကြရန် အဖူးဆေးမှူးက တိုက်တွန်းပြောသည်။
တဆက်တည်းပင် ယခုကဲ့သို့ အခင်းအကျင်းမျိုးတွင် မိမိတို့၏ ရည်မှန်းချက်ကို ပြည့်မြောက်အောင် မလုပ်ဆောင်နိုင်လျှင် နောင်အခါ မစဥ်းစားနဲ့တော့ဟု အဖူးဆေးမှူးက သတိပေးသည်။
“ဒီပွဲမှာမှ မနိုင်ခဲ့ရင်တော့ နောင်အချိန်မှာတော့ မစဥ်းစားနဲ့တော့။ ဒါကျွန်တော့် အသက်အရွယ် အတွေ့အကြုံနဲ့ ပြောတဲ့စကားပေါ့နော်”
လက်နက်ကိုင်တော်လှန်ရေးကို ဖြတ်သန်းလာခဲ့သည့် နှစ် ၄၀ ဝန်းကျင်ကာလအတွင်း ယခုကဲ့သို့ ပြည်သူများ၏ အားပေးမှု၊ လူငယ်များ၏ တက်ကြွ၊ ထက်သန်စွာ ပါဝင်နေမှုများက မကြုံဖူးသည့် အခြေအနေ ဖြစ်သောကြောင့် အဖူးဆေးမှူးကတော့ အသက် ၅၆ နှစ်ရှိပြီဖြစ်သည့်တိုင် တော်လှန်ရေး မုချအောင်မြင်မည် ဆိုသည့် ခိုင်မာယုံကြည်ချက်ဖြင့် မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေဆဲဖြစ်သည်။
(ကျားဖြူစစ်ကြောင်းအပါအဝင် KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများသည် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့် ၂၂ ရက်တာကာလအတွင်း မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးကို ထိန်းချုပ်ထားပြီး ကော့ ကရိတ်မြို့ရှိ စစ်ကောင်စီတပ်များကိုလည်း ပိတ်ဆို့ကာ ဖိအားပေးထားသည်)