![]()
ရသေ့ဂူတိုက်ပွဲအတွင်း RPG ကျည်အပါအဝင် စစ်တပ်ကျည်အများအပြားရရှိကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်အနီးရှိ ရသေ့ဂူတွင် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်တပ်ကျည်အများအပြားကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၁ ရက် ထိတွေ့တိုက်ပွဲအတွင်း အဆိုပါကျည်များကို ရရှိခဲ့ခြင်းဖြစ်သည်ဟု မြေပြင်ရဲဘော်တစ်ဦးက ဆိုသည်။
၎င်းက “ကျည်တွေကတော့ များတယ်။ RPG တွေရော၊ ၄၀ မမကျည်တွေရော၊ ၆၀ မမနဲ့ ထောက်တိုင်တွေရောရတယ်။ တခြားကျည်တွေလည်းရတာပေါ့လေ” ဟု ပြောသည်။
စစ်ကော်မရှင်တပ်သည် လေးကေ့ကော်မြို့သစ်ကို ရရှိပြီးနောက် ဖလူးသို့ ထိုးစစ်ဆင်ကာ လေးကေ့ကော်နှင့် ဖလူးကျေးရွာကြားရှိ ရသေ့ဂူရွာတွင် တိုက်ပွုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အခြားမြေပြင်ရဲဘော်တစ်ဦးက “ကိုယ့်ဘက်က ရဲဘော်တွေထိခိုက်တာရှိတယ်။ ကာမီကာဇေနဲ့ ထိတာရော၊ ပြီးတော့ မနေ့ကဆိုရင် လေယာဥ်ရော၊ ကာမီကာဇေဒရုန်းရော သုံးတာလေ။ သူတို့ဘက်က သုံးတာပေါ့” ဟု ဆိုသည်။
ယမန်နေ့တိုက်ပွဲအတွင်း ရသေ့ဂူရှိ ပူးပေါင်းတပ်၏ ကာကင်းစခန်းတစ်ခုကို ဆုတ်ခွာထားရသည်ဟု သိရသည်။
တော်လှန်ရေးတပ်ဘက်မှ ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်က သိမ်းပိုက်ရရှိထားသည့် လေးကေ့ကော်အနီးရှိ ဖလူးကျေးရွာ မဆုတ်တမ်းခံစစ်စခန်းကို ပြန်လည်ရရှိရေးအတွက် စစ်တပ်ဘက်မှ အပြင်းအထန်တိုက်ခိုက်လျက်ရှိသည်။
ထို့ကြောင့် လက်ရှိအချိန်တွင် တိုက်ပွဲများ ပြင်းထန်နေကာ အောက်တိုဘာ ၃၁ ရက် နေ့လယ် ၂ နာရီခန့်တွင် ဖလူးလမ်းရှိဗြောက်အိုးထားရှိရာ ဂိုဒေါင်သို့ စစ်တပ်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။
ထို့အပြင် အောက်တိုဘာ ၂၂ ရက် နံနက် ၁၂ နာရီကျော်တွင် လေးကေ့ကော်အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင်း အသက် နှစ်နှစ်အရွယ်ကလေးငယ်နှင့် အသက် ၃၂ နှစ်အရွယ် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ရသည်။
ပုံစာ – နိုဝင်ဘာ ၁ ရက်နေ့ တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ သိမ်းပိုက်ရရှိသည့် ကျည်များ။ (ဓာတ်ပုံ- ပေးပို့)
#ရသေ့ဂူတိုက်ပွဲ #RPG #စစ်တပ်ကျည် #ThanLwinKhetNews
