
ခင်သရဖီဦး
ကျောက်ဖြူမြို့နယ် ၊ ဇင်ချောင်းတိုက်နယ်ရှိ ဇင်ချောင်းကုန်ဘွေကျေးရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိသွားသည်ဟု ဒေသခံ များထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာ( ၃၀) ရက်၊ ညနေ (၄ )နာရီခန့်တွင် စစ်ကော်မရှင်သည် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသက် ၄၀ အရွယ် ကျောက်ဖြူဒေသခံ တစ်ဦး က ဆိုသည်။
” ၄ နာရီ လောက်မှာ ဗုံးကြဲခဲ့တာ။ ပေါင် ၅၀၀ ဗုံး နှစ်လုံး ဆက်တိုက် ချလို့ ၅ ဦးသေတယ်။ ဒဏ်ရာရတဲ့လူတွေလည်း ဒဏ်ပြင်းထန်ပါတယ်။” ဟု ဆိုသည်။ထိုသို့ တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၁၅ ဦး ခန့် ဒဏ်ရာ ရရှိသွားပြီး နေအိမ် ခြောက်အိမ် လုံးဝ ပျက်စီးသွား ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများအား လက်ရှိ တွင် ဆေးကုသမူ ခံယူနေပြီ ဒဏ်ရာပြင်းထန် သူများလည် ပါကြောင်း ၎င်းက ဆက်ပြောသည်။
” လက်ရှိကတော့ နီးစပ်ရာ ဆေးရုံးတွေမှာ ဆေးကုနေကြရပါတယ်။ ဒဏ်ရာ ပြင်းထန်တာတွေလည်း ပါတယ်။” ဟု ဆိုသည်။
စစ်ကော်မရှင်တပ်သည် ယမန်နေ့ အောက်တိုဘာ(၃၀)ရက်နေ့ တရက်တည်းတွင် ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်း ၊ ရသေ့တောင် ၊ ကျောက်ဖြူတို့အား ဂျက်ဖိုက်တာ၊ Drop ဗုံးများဖြင့် ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၆ ဦးသေဆုံးပြီး ၂၀ ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
 
									 
					