![]()
အောက်တိုဘာလ တစ်လတာအတွင်း စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် တအာင်း လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နယ်မြေများတွင် ဒေသခံ ၄၉ ဦး သေဆုံးခဲ့ရပြီး သံဃာတော်အပါအဝင် ပြည်သူ ၇၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
စစ်တပ်၏ လေကြောင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော် နှစ်ပါး၊ ကလေး ၁၀ ဦး၊ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၂၁ ဦး သေဆုံးခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
ထို့အပြင် သံဃာတော် ခြောက်ပါး၊ ကလေး ၂၆ ဦး၊ အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁၉ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။
စစ်တပ်၏ ဗုံးဒဏ်ကြောင့် နေအိမ် ၁၇၅ အိမ်၊ စာသင်ကျောင်း ငါးကျောင်း၊ ဘုန်းကြီးကျောင်း ခုနစ်ကျောင်း၊ ကျောင်းဆောင် ကိုးဆောင်၊ အဆောက်အအုံ ခြောက်ခု၊ မွေးမြူရေးခြံ နှစ်ခြံ၊ ဆိုင်ခန်း ငါးခန်း၊ လက်ဖက်စက်ရုံ တစ်ရုံ၊ ဆိုင်ကယ် လေးစီးနှင့် ကား ၁၀ စီး ပျက်စီးခဲ့သည်ဟု သိရသည်။
စစ်တပ်သည် အောက်တိုဘာလအတွင်း ကျောက်မဲ၊ နမ္မတူ၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မိုးကုတ်နှင့် မိုးမိတ်မြို့များအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်သည် ကျောက်မဲမြို့နယ်အား ဂျက်ဖိုက်တာနှင့် ဒရုန်းဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် သံဃာတော် နှစ်ပါး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဆွမ်းစားဆောင် တစ်ဆောင်နှင့် အဆောက်အအုံ သုံးခု ပျက်စီးခဲ့သည်ဟု သိရသည်။
နမ္မတူမြို့နယ်အားလည်း လေကြောင်းနှင့် ဒရုန်းကို အသုံးပြု၍ ခုနစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦး သေဆုံးခဲ့ပြီး ကလေး နှစ်ဦး၊ အမျိုးသား လေးဦးနှင့် အမျိုးသမီး ခြောက်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၁ အိမ်၊ စာသင်ကျောင်း တစ်ကျောင်း၊ ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် ကျောင်းဆောင် ခြောက်ဆောင် ပျက်စီးခဲ့သည်ဟု သိရသည်။
အခြားမြို့နယ်များအားလည်း တစ်လတည်းတွင် အနည်းဆုံး နှစ်ကြိမ်မှ ခြောက်ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်မှု မရှိစေရန် အောက်တိုဘာလ ၂၉ ရက်တွင် စစ်တပ်နှင့် TNLA တို့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များမှလည်း TNLA တပ်များ ဆုတ်ခွာပေးမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
#TNLAထိန်းချုပ်နယ်မြေ #ဗုံးဒဏ် #ဒေသခံသေဆုံး #ThanLwinKhetNews

