![]()
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ KK Park ဇုန်ကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ခဲ့ပြီးနောက်၊ အဆိုပါနယ်မြေမှ နိုင်ငံခြားသားလုပ်သား ၁,၅၀၀ ကျော် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်အတွင်းသို့ ထွက်ပြေးဝင်ရောက်လာခဲ့ကြောင်း ထိုင်းတပ်မတော်က ယနေ့ နိုဝင်ဘာလ ၁ ရက်တွင် တရားဝင် သတင်းထုတ်ပြန်သည်။
ထိုင်းတပ်မတော်သည် နယ်စပ်အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး၊ မြန်မာစစ်တပ်၏ ဝင်ရောက်စီးနင်းမှုကြောင့် နိုင်ငံခြားသားဝန်ထမ်းများသည် အောက်တိုဘာလ ၂၂ ရက်မှ စတင်ကာ ထိုင်းဘက်ခြမ်းသို့ ဆက်တိုက်ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်ဟုဖော်ပြထားသည်။
ယနေ့ နံနက် ၇ နာရီအထိ နောက်ဆုံးရရှိသော စာရင်းများအရ၊ KK Park ဧရိယာမှ ထိုင်းဘက်သို့ ဝင်ရောက်လာသူ စုစုပေါင်း ၁,၅၉၅ ဦး (အမျိုးသား ၁,၃၃၀ ဦး၊ အမျိုးသမီး ၂၆၅ ဦး) ရှိပြီဖြစ်သည်။ ၎င်းတို့ထဲတွင် အိန္ဒိယနိုင်ငံသား ၄၆၅ ဦးဖြင့် အများဆုံးဖြစ်ပြီး၊ ဖိလစ်ပိုင်နိုင်ငံသား ၂၂၀ ဦး၊ တရုတ်နိုင်ငံသား ၁၈၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၅၁ ဦးနှင့် အီသီယိုးပီးယားနိုင်ငံသား ၁၃၀ ဦးတို့ ပါဝင်သည်။

ထို့အပြင် ကင်ညာ၊ ပါကစ္စတန်၊ နီပေါ၊ ယူကရိန်း၊ မြန်မာနှင့် ထိုင်းနိုင်ငံသား ၃၂ ဦး အပါအဝင် အခြားနိုင်ငံပေါင်း ၂၀ ကျော်မှ နိုင်ငံသားများလည်း ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ်ဒေသကော်မတီ (TBC) မှတစ်ဆင့် မြန်မာဘက်သို့ ကန့်ကွက်စာ ပေးပို့ထားပြီး၊ စီမံကိန်းအတွင်း အဆောက်အအုံများ ဖျက်ဆီးရာတွင် နယ်စပ်ဒေသပြည်သူများကို မထိခိုက်စေရန် သတိထားဆောင်ရွက်ရန်လည်း တောင်းဆိုထားကြောင်း ထိုင်းတပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝင်ရောက်လာသူများကို ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) ဧရိယာတွင် ၈၆၀ ဦးနှင့် မဲဆောက်မြို့မရဲစခန်း ဧရိယာတွင် ၇၁၂ ဦး ခွဲခြားနေရာချထားကာ စိစစ်လျက်ရှိသည်။ ၎င်းတို့အနက် နိုင်ငံခြားသား ၆၈၀ ဦးကို တရားစွဲဆိုအရေးယူခဲ့ပြီး၊ ၄၃၉ ဦးမှာ ဒဏ်ကြေးဆောင်ပြီး နေရပ်ပြန်ပို့ရန် စီစဉ်လျက်ရှိကာ၊ ၂၄၁ ဦးမှာ ဒဏ်ကြေးမဆောင်သဖြင့် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။
ထို့အပြင် လူကုန်ကူးမှု သားကောင်ဖြစ်နိုင်သည်ဟု ယူဆရသူ ၂၃ ဦးကို အမျိုးသားအဆင့် လွှဲပြောင်းပေးရေးယန္တရား (NRM) သို့ လွှဲပြောင်းပေးခဲ့ပြီး ကာကွယ်ရေးဂေဟာများသို့ ပို့ဆောင်ထားကြောင်း သိရသည်။
တာ့ခ်ခရိုင် နယ်စပ်တာဝန်ရှိသူများက ဝင်ရောက်လာသူအားလုံးကို နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူ့ကျန်းမာရေးအတွက် စံနှုန်းများအတိုင်း စိစစ်နေပြီး၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် လုံခြုံရေးအဖွဲ့အစည်းများက အနီးကပ်စောင့်ကြပ်လျက်ရှိကြောင်း ထိုင်းတပ်မတော်က အတည်ပြုထားသည်။
ဓါတ်ပုံ – ကိုဏီတာ
#မြဝတီ #KKPark #ထိုင်းဘက်ထွက်ပြေးလာ #ခွဲခြားစိစစ် #ThanLwinKhetNews

