
တပ်မဟာ ၃ နယ်မြေ မူးမြို့နယ်အတွင်းတွင် စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၂၇ လုံး ရေစီးနှင့်အတူ မျောပါပျက်စီးခဲ့ရပြီး ဒေသခံ ၁၅၀ ကျော်ကို ပြောင်းရွှေ့ထားရသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ထုတ်ပြန်ချက်အရ သိရသည်။
ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ခုံမြောင်(လယ်ပတ်ခုံ)ကျေးရွာတွင် အောက်တိုဘာလ ၂၀ ရက်မှ ၂၈ ရက်အတွင်း စစ်တောင်းမြစ်ကမ်းပါး ပြိုကျမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါကမ်းပါးပြိုကျမှုကြောင့် ပျက်စီးသွားသော နေအိမ် ၂၇ လုံးတွင် နေထိုင်သည့် အိမ်ထောင်စု ၂၇ စုမှ လူဦးရေ စုစုပေါင်း ၁၅၃ဦး မှာ လက်ရှိတွင် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေကြရသည်ဟု သိရသည်။
ယခုအချိန်အထိ စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုများသည် ဆက်လက်ဖြစ်ပွားနေပြီး မြစ်ကမ်းနဖူးတွင် ကျန်ရှိနေသေးသော နေအိမ်များနှင့် ဘုန်းကြီးကျောင်းများပါ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေကြရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ- စစ်တောင်းကမ်းနဖူးပြိုကျမည်ကို စိုးရိမ်၍ ပြောင်းရွှေ့နေကြသော ဒေသခံများ (KNU)။
#စစ်တောင်းမြစ်ကမ်းပါး #ပြိုကျ #နေအိမ်မျောပါ #ThanLwinKhetNews
 
									 
					