
နန်းဆုပန်ခန့်
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်နှင့် ရသေ့ဂူတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ဖလူးကျေးရွာလမ်းရှိ ဗြောက်အိုးထားရှိရာနေရာသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
ယနေ့ အောက်တိုဘာလ ၃၁ ရက် နေ့လယ် ၁ နာရီခွဲကျော်တွင် ဖလူးလမ်းရှိ ပေ ၄၀၊ ၆၀ ပတ်လည်ခန့်ရှိသော ဗြောက်အိုးထားရှိရာဂိုဒေါင်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
၎င်းက “ဖလူးလမ်းဘေးပဲ။ တရုတ်ဆိုဒ်တွေထဲ ရှိတဲ့ နေရာမဟုတ်ဘူး။ ပေ ၄၀၊ ၆၀ ပတ်လည်ဆောက်ထားတဲ့ ဂိုဒေါင်လိုမျိုး။ အဲလိုဂိုဒေါင်မျိုးကို လောင်တော့ ဘေးနားက အိမ်တစ်လုံးပါလောင်တာ။ လူတော့ ထိခိုက်တာတော့ မရှိဘူး” ဟု ပြောသည်။
လက်ရှိအချိန်တွင် လေးကေ့ကော်ဒေသအနီးရှိ ဖလူး၊ မင်းလက်ပံစသည့်နေရာများ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်တပ်ဘက်မှ ထိုးစစ်ဆင်ကာ နေ့စဥ်နှင့်အမျှ ထိတွေ့တိုက်ဖြစ်ပွားနေသည်။
လွန်ခဲ့သည့် ၄ ရက်ခန့်မှစပြီး တိုက်ပွဲပြင်းထန်ကာ ယမန်နေ့တွင်လည်း စစ်တပ်ဘက်မှ ထောက်ပို့လေယာဥ် Y – 12 ဖြင့် လေးကေ့ကော်နှင့် ရသေးဂူကြားရှိ ထီးကော်ထောသို့ ဗုံးကြဲခဲ့သည်။
စစ်တပ်က လေးကေ့ကော်ဒေသတွင်းရှိ ရှုခင်းသာစခန်းကို အောက်တိုဘာ ၁၇ ရက်တွင် သိမ်းပိုက်ခဲ့ပြီး စွယ်တော်ကုန်းကို အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းတွင် ပြန်လည် သိမ်းပိုက်ခဲ့ကာ လေကြောင်းတိုက်ခိုက်မှုများကိုလည်း ဆက်တိုက်နီးပါး လုပ်ဆောင်လျက်ရှိသည်။
#ဖလူးကျေးရွာလမ်း #စစ်တပ်လက်နက်ကြီး #ဗြောက်အိုးဂိုထောင်ပေါက်ကွဲ #ThanLwinKhetNews
