ကောင်းချစ်အောင်
ဒီဇင်ဘာ ၂၀ ၊ ၂၀၂၃။
ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်မှုများကို နှိမ်နင်းသည့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူရှမ်းပြည်နယ်မြောက်ပိုင်းတွင် အမျိုးသမီးငယ်များကို လိင်ကျွန်အဖြစ် ရောင်းချမှုများ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်စော်ကားမှုများရှိနေသည် ဟူသည့်သတင်းများ ယခုလပိုင်းအတွင်း ဆိုရှယ်မီဒီယာအပေါ်နာမည်ကြီးလာခဲ့သည်။
ထိုကဲ့သို့ လိင်ပိုင်းဆိုင်ရာ ဒုစရိုက်မှုများကို လွတ်လွတ်လပ်လပ် ကျူးလွန်ခွင့်ရနေကြသည်မှာဒေသခံအာဏာပိုင်များ ဖြစ်သည်ဟု ဒေသခံများနှင့်လေ့လာသူများက ဆိုကြသည်။
ရှမ်းမြောက်ကဲ့သို့ နာမည်ကြီးအပုပ်သတင်းများ ထွက်မလာသော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များစိုးမိုးထားသည့် စစ်ကိုင်းတိုင်းရှိ မြို့နယ်များတွင်လည်း လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသူများရှိနေပြီးဒေသခံအာဏာပိုင်ဟုဆိုနိုင်သည့်သူများ၏ မမျှမတ တရားစီရင်မှုအောက်တွင် အဖိနှိပ်ခံရမှုများလည်းပေါ်ပေါက်လာနေသည်။
တော်လှန်ရေးအရှိန်ကောင်းသည့်ရွာ
*********************************
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်ခဲ့သည့် နွေဦးတော်လှန်ရေး ဒီရေလှိုင်းနှင့်အတူ မအိအိ(အမည်လွှဲ) သည်လည်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ၇တန်းကျောင်းသူ ၁ ဦးဖြစ်သည်။
သူနေထိုင်သည်မှာ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မြောက်ခြမ်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ရွာငယ်၁ ခုဖြစ်သော်လည်း ရွာကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စိုးမိုးထားနိုင်ခဲ့သည်။
“မြို့နဲ့လည်း အရမ်းဝေးတယ်။ ရွာအုပ်ချုပ်ရေး၊ လုံခြုံရေးကိုလည်း သူတို့ဘာသာ လုပ်ဆောင်နေတာအတော်ကြာပြီ။ အနီးအနားရွာတွေမှာ တိုက်ပွဲဖြစ်ပေမယ့် အဲဒီရွာကတော့ အေးဆေးပါပဲ” ဟုဒေသခံကာကွယ်ရေး ရဲဘော် ၁ ဦးက ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ရွာအုပ်ချုပ်ရေး၊ လုံခြုံရေး၊တရားစီရင်ရေးကဏ္ဍကို ဩဇာလွှမ်းမိုးမှုရှိခဲ့သည့် လူကြီးများက စီမံဆောင်ရွက်နေပြီးရွာခံပြည်သူများကလည်း လက်ခံကြသည်။
“ရွာလမ်းတွေမှာ သွားလာနေကြတာ ထုံးစံလိုပဲ။ ရဲဘော်တွေကလည်း မိုက်ကြေးခွဲတာ တစ်ခါမှမဖြစ်ဖူးဘူး။ ရပ်ရေးရွာရေးကိစ္စတွေဆိုလည်း ကျွန်မတို့က အလှူငွေထည့်နေကျ” ဟု ရွာခံအမျိုးသမီး၁ဦးကဆိုသည်။
ကြမ္မာငင်တဲ့နေ့ မတ် ၁၁
***********************
မအိအိသည် ငယ်စဉ်ကတည်းက ဖခင်ဆုံးပါးသွားပြီး မိခင်ဖြစ်သူနှင့်အတူ နေထိုင်ကာတော်လှန်ရေးကာလအတွင်း အိမ်မှုကိစ္စများကို ကူညီရင်း ပုံမှန်ဖြတ်သန်းနေသူဖြစ်သည်။ မကြာခင်ကြုံတွေ့ရတော့မည့် ကံကြမ္မာအလှည့်အပြောင်းတစ်ခုကို မအိအိနှင့် မိခင်မှာ ကြိုတင်မရိပ်စားနိုင်ခဲ့ပေ။
“အဲဒီနေ့က ကျွန်မလည်း ကိစ္စတစ်ခုရှိတာနဲ့ အိမ်မှာ သမီးကို ၁ ယောက်တည်းထားခဲ့တာပေါ့” ဟုမိခင်ဖြစ်သူက ဆိုသည်။
စစ်ကောင်စီတပ်များ၏ အန္တရာယ်ကိုလည်း မကြောက်ရသည့်အပြင် အေးချမ်းသည့်အခြေအနေရှိသောကြောင့် သမီးဖြစ်သူကို စိတ်ချလက်ချထားခဲ့ခြင်းလည်းဖြစ်သည်။
အိမ်သို့ပြန်ရောက်လာချိန်တွင် မထင်မှတ်ထားခဲ့သော မြင်ကွင်းတစ်ခုက ဆီးကြိုနေသည်။ အမျိုးသား ၁ ဦးက သမီးဖြစ်သူကို အဓမ္မပြုကျင့်နေခြင်းပင်။
“၂ ယောက်က လုံးနေတာကို တွေ့ရတာ။ အင်္ကျီကို ဆွဲပြီးတော့ ဘာလုပ်တာလဲလို့ မေးလိုက်တာ။ အဲဒီလိုမျက်စိနဲ့ တပ်အပ်ကို မြင်လိုက်ရလို့ ယူကြုံးမရဖြစ်ပြီးတော့ ဘာမှတောင် ဆက်မပြောနိုင်တော့ဘူး” ဟုထိုစဉ်က အဖြစ်အပျက်ကို ပြန်ပြောပြသည်။
အဓမ္မပြုကျင့်သူမှာ အသက် ၃၀ အရွယ် ရွာခံကာကွယ်ရေးရဲဘော်ဖြစ်ပြီး အိမ်ထောင်ရှိသူ ၁ဦးဖြစ်သည်ဟု ဆိုသည်။
မတရားတဲ့ တရားဝင်လက်ထပ်စာချုပ်
**********************************
အခင်းဖြစ်ပွားပြီးနောက် နာရီဝက်အကြာတွင် တရားစီရင်နိုင်ရေးအတွက် ရပ်ရွာခေါင်းဆောင်များကိုချက်ချင်း တိုင်ကြားခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်၏ အိမ်တွင် ကျူးလွန်သူ ရဲဘော်၏အဖွဲ့ခေါင်းဆောင်ဖြစ်သူ၊ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ၃ ဦးက အများပြည်သူရှေ့တွင် စစ်မေးခဲ့သည်။
စစ်မေးရာတွင် ကျူးလွန်သူကို ပြစ်ဒဏ်ချမှတ်ခြင်းမရှိသည့်အပြင် ဆူပူကြိမ်းမောင်းခြင်းမျိုးတောင်မရှိခဲ့သည့် အခြေအနေကို အံ့ဩမိသည်ဟု အသက် ၅၀ အရွယ် မိခင်ဖြစ်သူကဆိုသည်။
“ကျွန်မလည်း အဲဒီနေရာမှာ ရှိနေတယ်။ ဒါပေမယ့် စကားဝင်ပြောခွင့် ပေးမထားဘူး။ နစ်နာတဲ့အမေဖြစ်သူ ၁ ယောက် ဘာဖြစ်ချင်လဲဆိုတာတောင် မမေးတော့ဘူး။ အံ့ဩမိဆုံးကတော့သူတို့အချင်းချင်း စနောက်ရယ်မောနေကြတာပဲ” ဟု ၎င်းက ဆိုသည်။
ထို့နောက် မအိအိနှင့် အဆိုပါရဲဘော်ကို လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးစေပြီး စာချုပ်ကိုဖောက်ဖျက်သည့်ဘက်ကသိန်း ၁၀၀ လျော်ကြေးပေးစေရမည်ဟုသာ အပြီးသတ် အမိန့်ချခဲ့သည်။
မျှော်လင့်ချက်အတွက် ကြိုးတစ်မျှင်
******************************
ကျေးရွာအုပ်ချုပ်ရေး၏ တရားစီရင်မှုအပေါ် မကျေနပ်သော်လည်း ထိုစဉ်က ကြောက်ရွံ့မှုကြောင့်ငြိမ်ခံနေခဲ့ရသည်ဟု ဆိုသည်။
သမီးဖြစ်သူကို အဆိုပါရဲဘော်၏ အိမ်သို့ ထည့်လိုက်ရပြီး ၆ ရက်မြောက်နေ့တွင် မအိအိမှာ သည်းမခံနိုင်တော့ဘဲ ထွက်ပြေးလာခဲ့သည်။
“ညတိုင်း သူက ဖုန်းတွေ ထိုင်ပြောနေတာ။ သူ့မှာ မိန်းမရှိတာလည်း သိရတယ်။ နေ့တိုင်း တငိုငိုတရယ်ရယ် ဖြစ်ခဲ့ရတယ်” ဟု မအိအိက သူခံစားခဲ့ရသည်ကို ဆိုသည်။
မအိအိမှာ လက်ထပ်စာချုပ်ကို ပယ်ဖျက်ချင်သည်ဟု မိခင်ဖြစ်သူကို ပြောပြသော်လည်း လျော်ကြေးသိန်း ၁၀၀ ကိစ္စကြောင့် လက်တွေ့အကောင်အထည်မဖော်နိုင်ပေ။
“အိမ်ပေါ်ကိုလည်း တက်စော်ကားသွားသေးတယ်။ လျော်ကြေးလည်း ပေးရမယ် ပြောတယ်။ ထိုက်သင့်တဲ့ ပြစ်ဒဏ် ပေးချင်တယ်” ဟု မိခင်ဖြစ်သူက ဆိုသည်။
ထိုကဲ့သို့ လိပ်ခဲတည်းလည်းအခြေအနေတွင် ဘုတလင်မြို့နယ်အတွင်းရှိ ကာကွယ်ရေးရဲဘော် ၁ ဦးနှင့်ချိတ်ဆက်မိကာ အထက်အဆင့်ဆင့်သို့ တိုင်ကြားစာများ ပို့ပေးခဲ့ကြသည်။
ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်း ပြဿနာဖြစ်မည်စိုးသောကြောင့် အမည်ပြောင်းပြီးအမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဝန်ကြီးဌာနသို့ ၅ လပိုင်းတွင်တိုင်ကြားစာ ပေးပို့ပေးခဲ့သည်ဟု တိုင်ကြားစာပို့ခဲ့သည့် ရဲဘော်က ပြောသည်။
“အဲဒီအမှုကို ကြားရချင်းချင်း တိုင်စာပို့ပေးခဲ့တယ်။ တပ်ဖွဲ့အချင်းချင်း အကန့်လေးတွေလည်းရှိတော့တခြားနာမည်နဲ့ တိုင်ပေးလိုက်တာပါ။ နစ်နာတဲ့ ညီမနဲ့ အန်တီတို့အတွက်ပဲ ရည်ရွယ်တာ” ဟုဆိုသည်။
သက်ဆိုင်ရာဝန်ကြီးဌာနက အမှုလက်ခံစီရင်ပေးခြင်းမရှိသည့်အပြင် အကြောင်းကြားစာတစုံတရာထုတ်ပြန်လာခြင်းမရှိသောကြောင့် မအိအိ ၏ မိခင်ဖြစ်သူမှာ နေ့တိုင်းစိတ်သောကရောက်နေရသည်ဟုသိရသည်။
ရှုပ်ထွေးလှသည့် ယန္တရား
************************
“ကျွန်တော်တို့ဌာနကလည်း ဘောင်ကျော်ပြီး ဖြေရှင်းလို့ မရတာတွေရှိတယ်။ ပြည်ထဲရေးဘက်ကအမှုဖွင့်လက်ခံပြီးမှ တရားရုံးက စစ်ဆေး အမိန့်ချလို့ရတာ။ အဲဒီတော့ အမှုကြန့်ကြာနေရတာမှာ ကြားထဲပြဿနာ တစ်ခုခုရှိနေလို့ဖြစ်မယ်”
ထိုကဲ့သို့ပြောပြသူမှာ NUG တရားရေးဝန်ကြီးဌာန၊ တိုင်ကြားစာဌာနက တာဝန်ရှိသူ ၁ ဦးဖြစ်ပြီးတိုင်ကြားထားသည့် အမှုကို ကိုင်တွယ်ဖြေရှင်းပုံနှင့် အပြီးသတ်အမိန့်ချနိုင်ရန် အဆင့်များစွာဖြတ်သန်းရသည်ဟု ရှင်းပြသည်။
ပြည်ထောင်စုဝန်ကြီးချုပ်ကိုင်တွယ်သည့် တိုင်ကြားမှုဆိုင်ရာကော်မတီသည်အချက်အချာအကျဆုံးဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တိုင်ကြားစာလက်ခံသည့်နေရာများလည်း ရှိနေသည်။ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ဟုခေါ်သည့် ရဲများကို ဦးစွာ တိုင်ကြားရပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က အမှုဖွင့်လက်ခံမှသာတရားရေးဝန်ကြီးဌာနက ဖြေရှင်းခွင့်ရသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် အမျိုးသားညီညွတ်ရေးအစိုးရက တရားစီရင်ရေးယန္တရားများတည်ဆောက်ထားသော်လည်း ပြည်သူလူထု၏ တိုင်ကြားချက်များကို ဖြေရှင်းပေးနိုင်သည့်အမှုနည်းသည်ဟု တိုင်ကြားနေသူများက ဆိုထားသည်။
“တစ်ခုခု တိုင်ကြားလိုက်ရင် အကြောင်းကြားစာပြန်ဖို့တောင် လနဲ့ချီ စောင့်ရတယ်။ နောက်တစ်ခုကပကဖ၊ ပအဖ ကျူးလွန်မှုတွေကို တိုင်မယ်ဆိုရင် ဘာမှ မလုပ်ပေးနိုင်တာများတယ်” ဟုဝက်လက်မြို့နယ်နေ တိုင်ကြားခဲ့သူ ၁ ဦးက ဆိုသည်။
လက်နက်ကိုင်ကို ကြောက်ရခြင်း သံသရာ
*****************************
စစ်ကိုင်းတိုင်းသည် စစ်ကောင်စီ၏လုပ်ရပ်များကို အများဆုံးရင်စည်းခံနေရသည့် နေရာတစ်ခုဖြစ်ပြီးအကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် နေအိမ်မီးရှို့ခြင်းများကို နေ့စဉ်ရက်ဆက် ကြုံနေကြရသည်။
ပဥ္စမမဏ္ဍိုင်အဖွဲ့သည် အာဏာသိမ်းမှုကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကိုထင်ဟပ်စေရန် မြေပြင်တွင် စစ်တမ်းကောက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အဆိုပါအဖွဲ့တွင်စစ်တမ်းပြုစုနေသူ ကိုမင်းမင်း (အမည်လွှဲ) သည် စစ်ကိုင်းတိုင်းအတွင်း
လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေရင်း ကာကွယ်ရေးတပ်ဖွဲ့များ၏ကျူးလွန်မှုများကိုပါ တွေ့ရှိလာရသည်ဟုဆိုသည်။
“စစ်တပ်ဘက်ကနဲ့ယှဉ်ရင်တော့ အတော်နည်းပါတယ်။ အဲဒီလိုကိစ္စတွေကို စုံစမ်းစစ်ဆေးရင်သတိထားရတယ်။ အဖွဲ့တွေမှာ ကိုယ်ပိုင်ထိန်းချုပ်နယ်မြေတွေ ရှိတယ်။ ကျူးလွန်တာမျိုးအပြင်ကိုမရောက်အောင် ဖုံးဖိထားကြတာပဲ” ဟု သူက ဆိုသည်။
ဝန်ကြီးဌာနစတင်တည်ထောင်ချိန်ကစ၍ ယခုနှစ် ဧပြီလပိုင်းအထိ စာရင်းအရ စစ်ကောင်စီဘက်ကလိင်ပိုင်းဆိုင်ရာကျူးလွန်မှု ၉၉ ခု ရှိပြီး ကာကွယ်ရေးတပ်ဖွဲ့များဘက်က ၁၀ ခုတိုင်ကြားစာရောက်ရှိထားသည်ဟု NUG အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာဝန်ကြီးနော်ဆူဇန်နာလှလှစိုး က ယခုနှစ်ဧပြီလပိုင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုထားသည်။
ပြည်သူလူထုကို ကာကွယ်ပါ့မည်ဟူသော သန္နိဋ္ဌာန်နှင့် ရည်ရွယ်ဖွဲ့စည်းထားသည့်ကာကွယ်ရေးတပ်ဖွဲ့များကို စစ်သည်တော်ကျင့်ဝတ်များ ထည့်သွင်းသင်ကြားပေးနေသည်ဟုကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။
သို့သော် တစ်ဖက်တွင် ဖြစ်ပွားနေသော အလားတူ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအပါအဝင်ရာဇဝတ်မှုများကို အရေးယူဆောင်ရွက်မပေးနိုင်ခြင်းမှာ အရေးပေါ်ကာလပဋိပက္ခပြင်းထန်နေသည့်အချက်ကြောင့် ဖြစ်နိုင်သော်လည်း ထပ်မံမဖြစ်ပွားစေရန် ပညာပေးမှုများလုပ်ဆောင်ပေးသင့်သည်ဟု အလွတ်တန်းရှေ့နေ ၁ ဦးက အကြံပြုသည်။
“တရားမျှတမှုဆိုတာ အဝေးကြီး ရှာစရာမလိုပါဘူးဗျာ။ ကိုယ်ချင်းစာစိတ်နဲ့ အရေးပေးမယ့်အချိန်တစ်ခုရှိဖို့ပါပဲ” ဟု ၎င်းက ပြောသည်။
မအိအိကဲ့သို့ ဆယ်ကျော်သက်မိန်းကလေး ၁ ယောက်အတွက်ကတော့ ယခုလိုအဖြစ်ဆိုးကြုံတွေ့ရသည်မှာ မေ့ဖျောက်၍ မရတော့သည့် အတွေ့အကြုံတစ်ခုအဖြစ်ကျန်ရစ်နေတော့မည်ဖြစ်သည်။
အဓမ္မပြုကျင့်မှုအပြင် ဖိနှိပ်မှုများပါ ကြုံတွေ့ခဲ့ရသည့် မအိအိနှင့် မိခင်ဖြစ်သူအတွက် ထိုက်သင့်သည့်အပြစ်ဒဏ်နှင့် တရားမျှတမှုပေးစွမ်းနိုင်ဖို့ရာ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ခေါင်းဆောင်များ၏တာဝန်တစ်ခုအဖြစ်သာ ၎င်းတို့က ရှုမြင်ကြသည်။