![]()
ကရင်ပြည်နယ်၊ မြန်မာ-ထိုင်းနယ်စပ်၊ မင်းလက်ပံရှိ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှိမ်နင်းရေးကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဦးဆောင်နှိမ်နင်းနေသော်လည်း လက်ရှိအချိန်အထိ ထိုင်းနိုင်ငံသာ ပူးပေါင်းကူညီမှု ရှိနေသေးသည်ဟု KNU က (နိုဝင်ဘာ ၂၆) တွင် ထုတ်ဖော်ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်တွင် မြဝတီမြို့တောင်ဘက် မင်းလက်ပံကျေးရွာရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၏ အကာအကွယ်ယူထားသော နိုင်ငံဖြတ်ကျော် ကျားဖြန့်လုပ်ငန်းခွင်တစ်ခုကို KNU က ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီးနောက် ဖော်ထုတ်နိုင်ခဲ့သည်။

အဆိုပါ ဖော်ထုတ်နိုင်မှုမှ တဆင့် ကျားဖြန့်လုပ်ငန်းများကို စနစ်တကျဖော်ထုတ်နိုင်ရန် မိမိတို့တစ်ဖွဲ့တည်း၏ စွမ်းဆောင်ရည်အပြင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပူးပေါင်းဆောင်ရွက်မှု အရေးပေါ်လိုအပ်နေသည်ဟု KNU က နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ချက်ထုတ်ကာ ဖိတ်ခေါ်တောင်းဆိုခဲ့သည်။

လက်ရှိအချိန်ထိ ဖော်ထုတ်နိုင်မှုတွင် မင်းလက်ပံရှိ ကာစီနိုဝင်းကို ဦးဆောင်လုပ်ကိုင်နေသူမှာ DKBA တပ်ဖွဲ့ဝင် ဗိုလ်မှူး နိုင်လွင်ဖြစ်ပြီး ၎င်းသည် မကြာသေးမီက အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒဏ်ခတ်ပိတ်ဆို့မှုခံခဲ့ရသော DKBA ခေါင်းဆောင် ၄ ဦးအနက် တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ် စိုင်းကျော်လှ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိနေသည်ဟု သတင်းထုတ်ပြန်ထားသည်။
KNU ကွင်းဆင်းအဖွဲ့၏ စစ်ဆေးချက်များအရ ဝင်းအတွင်း၌ ကွန်ကရစ်အဆောက်အအုံ ၂၀ ခန့်၊ ဆေးရုံနှင့် လူနေဆောင်များအပြင်၊ အထူးသဖြင့် ၄ ထပ်တိုက် ၂ လုံးတွင် ငွေလိမ်လုပ်ငန်းများ အပြည့်အဝလည်ပတ်နေသည်ကို တွေ့ရှိခဲ့ရသည်။
လုပ်ငန်းသုံးပစ္စည်းများဖြစ်သော ကွန်ပျူတာအလုံးရေ ၂,၀၀၀ ခန့်နှင့် မိုဘိုင်းဖုန်း ၁၀,၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့သည်။



ထို့အပြင် အမိန့်မနာခံသူများကို ညှဉ်းပန်းနှိပ်စက်ရန် အသုံးပြုခဲ့သည်ဟု ယူဆရသော ၄ x ၆ ပေ အခန်းငယ်များ၊ လုပ်သားအချို့ထံတွင် သေစေနိုင်သောလက်နက်များ ကိုင်ဆောင်ထားခြင်းတို့ကို တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝင်းအတွင်း ပိတ်မိနေသူ ၂,၀၀၀ ခန့်ရှိပြီး ၎င်းတို့တွင် အီသီယိုးပီးယား၊ ရဝမ်ဒါ၊ အီဂျစ်၊ ထိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်၊ မ
လေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့မှ နိုင်ငံသားများ ပါဝင်သည်။
KNU အနေဖြင့် ထိုင်းအာဏာပိုင်များနှင့် ချိတ်ဆက်ကာ နိုဝင်ဘာ ၂၃ ရက်တွင် ထိုင်းနိုင်ငံသား ၂၈ ဦး၊ နိုဝင်ဘာ ၂၄ ရက်တွင် တရုတ်နိုင်ငံသား ၃၆ ဦးတို့ကို တရားဝင်လွှဲပြောင်းပေးခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါလွှဲပြောင်းနေစဉ်အချိန်ကာလအတွင်း စစ်ကော်မရှင်တပ်များက လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် စစ်ကြောင်းထိုးခြင်းများရှိလာသော အခြေအနေတွင် နိုင်ငံအသီးသီးမှ လုပ်သားများမှာလည်း ဆူပူခြင်းနှင့် ခိုက်ရန်ဖြစ်ပွားခြင်းနှင့် နေရပ်ပြန်လိုခြင်းများတောင်းဆိုခဲ့ကြသည်။

၎င်းနောက် လူဦးရေ ၇၀၀ ခန့်မှာ နိုဝင်ဘာ ၂၅ ရက် ညပိုင်းတွင် သောင်းရစ်မြစ်ကို ဖြတ်ကာ ထိုင်းနိုင်ငံဘက်ခြမ်းသို့တက်ရောက်လာသဖြင့် ထိုင်းအာဏာပိုင်များက နေရာချထားခြင်း၊ စားသောက်ဖွယ်ရာများစီစဉ်ခြင်းနှင့် အချက်အလက်များစိစစ်ကောက်ယူခြင်းကို အရေးပေါ်ဆောင်ရွက်ခဲ့ရသည်ဟု သံလွင်ခက်က စုံစမ်းသိရှိရသည်။

မနေ့က(နိုဝင်ဘာလ ၂၆ ရက်)ညဦးပိုင်းအချိန်တွင်လည်း ကျန်ရှိသော ကျားဖြန့်လုပ်သားအချို့မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကူးလာရန် သောင်ရင်းမြစ်ကမ်းသောင်ပြင်တွင် စောင့်ဆိုင်းနေသည်ဟု မြေပြင်တွင် ရောက်ရှိနေသော သံလွင်ခက်သတင်းထောက်က အချက်အလက်ပေးပို့ခဲ့သည်။

ဓါတ်ပုံ – သံလွင်ခက်
