![]()
ထိုင်းနိုင်ငံသို့ ကူးရန် သောင်ရင်းမြစ်သောင်ပြင်တွင် စောင့်ဆိုင်းနေသော မင်းလက်ပံရှိ ကျားဖြန့်လုပ်ငန်းခွင်များမှ ရာနှင့်ချီအရေအတွက်ရှိသော လုပ်သားများသည် ယနေ့ညပိုင်းတွင် အအေးဒဏ်ကြောင့် မီးများဖိုကာ စုရုန်းနေကြသည်ဟု ရောက်ရှိနေသော သတင်းရင်းမြစ်များထံမှ သိရသည်။
၎င်းတို့တွင် မင်းလက်ပံကျေးရွာရှိ ကျားဖြန့်လုပ်ငန်းခွင်သို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဝင်ရောက်စစ်ဆေးစဉ် လုပ်ငန်းသုံးပစ္စည်းများနှင့်တကွ ဖမ်းမိခဲ့သူများဖြစ်သည်။

နိုင်ငံအားဖြင့်ဆိုရာတွင် အီသီယိုးပီးယား၊ ရဝမ်ဒါ၊ အီဂျစ်၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့မှ နိုင်ငံသားများ ပါဝင်သည်။
အဆိုပါ လုပ်သားများကို စိစစ်မေးမြန်းပြီးနောက် နေရပ်ပြန်လွှဲပြောင်းနိုင်ရေးနှင့် ကျားဖြန့်လုပ်ငန်းများ ပပျောက်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံအသီးသီးသို့ ဖိတ်ခေါ်တိုက်တွန်းခဲ့သော်လည်း ထိုင်းနိုင်ငံတစ်ခုတည်းသာ ချိတ်ဆက်ဆောင်ရွက်လာခဲ့သည်ဟု KNU က ထုတ်ပြန်ပြောဆိုထားသည်။

KNU အနေဖြင့် ထိုင်းအာဏာပိုင်များနှင့် ချိတ်ဆက်ကာ နိုဝင်ဘာ ၂၃ ရက်တွင် ထိုင်းနိုင်ငံသား ၂၈ ဦး၊ နိုဝင်ဘာ ၂၄ ရက်တွင် တရုတ်နိုင်ငံသား ၃၆ ဦးတို့ကို တရားဝင်လွှဲပြောင်းပေးခဲ့သည်ဟု ဖော်ပြထားသည်။
ယမန်နေ့(နိုဝင်ဘာ ၂၅)ညပိုင်းတွင် ကျားဖြန့်လုပ်သား ၇၀၀ ဝန်းမှာ သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ တက်ရောက်လာခဲ့သဖြင့် ထိုင်းအာဏာပိုင်များက နေရာချထားခြင်းနှင့် အချက်အလက်ကောက်ယူခြင်းများကို စီစဉ်ခဲ့သည်။

ယနေ့တွင်လည်း မင်းလက်ပံကျေးရွာ အစပ်သို့ စစ်ကော်မရှင်က နံနက်ခင်းပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့သောကြေင့် ကျန်ရှိနေသေးသော ကျားဖြန့်လုပ်သားအများစုမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာရန် သောင်ရင်းမြစ်သောင်ခြေတွင် မွန်းလွဲပိုင်းမှ စတင်ကာ စုပေါင်းရောက်ရှိလာခဲ့သည်။
သို့ရာတွင်လည်း ထိုင်းဘက်ခြမ်းမှ လုံခြုံရေးတပ်ဖွဲ့များက တားမြစ်ခဲ့သဖြင့် ရာနှင့်ချီအရေအတွက်ရှိသော ကျားဖြန့်လုပ်သားများသည့် မြန်မာဘက်ခြမ်း၊ သောင်ရင်းသောင်ပြင်တွင် အအေးဒဏ်ကြောင့် မီးများဖိုကာ စောင့်ဆိုင်းနေကြဆဲဖြစ်သည်။

