![]()
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မင်းလက်ပံကျေးရွာရှိ ကျားဖြန့်ဂိုဏ်းကိုနှိမ်နှင်းမှုအတွင်း ကျားတစ်ကောင်တွေ့ရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။
အဆိုပါ ကျားကို တရုတ်သူဌေးများ မွေးမြူထားခြင်းဖြစ်သည်ဟု မြေပြင်ရဲဘော်တစ်ဦးကဆိုသည်။
” ကျားက လူတော့ယဥ်တယ်။ လက်ရှိမှာကတော့ ဗိုလ်မှူးဒါဘောကို အပ်ထားတယ်” ဟု အခြားမြေပြင်ရဲဘော်တစ်ဦးကဆိုသည်။
KNU ၏ နိုဝင်ဘာလ ၂၅ ရက် ထုတ်ပြန်ချက်အရ အဆိုပါ မင်းလက်ပံ ကျားဖြန့်လုပ်ငန်းအတွင်း လက်ကိုင်ဖုန်း အလုံးရေ ၂၀,၀၀၀ ကျော် နှင့် ကွန်ပျူတာ အလုံးရေ ၃,၀၀၀ ခန့် သိမ်းဆည်းရရှိသည်။
ဝင်းအတွင်း လုပ်သားများ ၂,၀၀၀ ခန့်ရှိပြီး ၎င်းတို့တွင် အီသီယိုးပီးယား၊ ရဝမ်ဒါ၊ အီဂျစ်၊ ထိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့မှ နိုင်ငံသားများ ပါဝင်သည်။
“တရုတ်တွေက အဲဒီအတိုင်းပဲ တောရိုင်းတိရိစ္ဆာန်တွေကို အသေရော၊ အရှင်ရော ဝယ်ကြတယ်” ဟု မင်းလက်ပံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မင်းလက်ပံဒေသအနီးတဝိုက်ရှိ ဒေသခံများမှာ ရံဖန်ရံခါတွင် ဖမ်းမိသော လိပ်၊ မြွှေ၊ သင်းခွေချပ်၊ တောဝက်၊ အခြားငှက်မျိုးများနှင့် တိရိစ္ဆာန်များကို ကျားဖြန့်ဝင်း(ဒေသအခေါ် ကာစီနိုဝင်း)ရှိ တရုတ်များက ဈေးကောင်းပေးဝယ်ယူလေ့ရှိသဖြင့် ချိတ်ဆက်ရောင်းချလေ့ရှိသည်ဟု ၎င်းအမျိုးသမီးက ပြောသည်။
“စပါးကြီးမြွေလိုမျိုးတွေ ဖမ်းမိလာရင် အကြီးအသေး တစ်ကောင်ကို ဘတ် ၅၀၀၀ အထက်ပေးဝယ်ကြတော့ တွေ့တာနဲ့ သွားရောင်းကြတာ ခုနောက်ပိုင်း မြွေတောင် ပုန်းနေရသလိုဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် မင်းလက်ပံကျားဖြန့်ဝင်းကို KNU အနေဖြင့် စိစစ်ရှင်းလင်းရေးများ လုပ်ဆောင်နေခဲ့ပြီး ထိုင်းအာဏာပိုင်များနှင့် ချိတ်ဆက်ကာ နိုဝင်ဘာ ၂၃ ရက်တွင် ထိုင်းနိုင်ငံသား ၂၈ ဦး၊ နိုဝင်ဘာ ၂၄ ရက်တွင် တရုတ်နိုင်ငံသား ၃၆ ဦးတို့ကို တရားဝင်လွှဲပြောင်းပေးခဲ့သည်ဟု ဖော်ပြထားသည်။
#မင်းလက်ပံ #ကျားဖြန့်ဝင်း #ကျား#ThanLwinKhetNews #ThanLwinKhet #fypp