![]()
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ ဖလူးလေးမှ စုကလိအထိ အတွင်းဒေသများကို မည်သည့်လက်နက်ကိုင်အဖွဲ့မဆို ဖြတ်သန်းသွားလာခွင့်မပြုဟု ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)က ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
အရေးပေါ်သွားလာရန်လိုအပ်ပါကလည်း ကြိုတင်သတင်းပေးရမည်ဟု ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
၎င်းဒေသသည် ကရင်အမျိုးသားအစည်းအရုံးသတ်မှတ်ချက်၊ တပ်မဟာ ၆ နယ်မြေအတွင်းဖြစ်ပြီး ကရင်လက်နက်ကိုင်များ ခွဲထွက်လာသည့်နောက်ပိုင်းတွင် DKBA ထိန်းချုပ်နယ်မြေအဖြစ် တည်ရှိနေခဲ့သည်။

စစ်တပ်၏ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်ကာ နယ်စပ်စစ်ကော်မရှင်စခန်းများကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့သည်။
မြဝတီ-စုကလိလမ်းပိုင်းရှိ တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သော စစ်ကော်မရှင်တပ်စခန်းများမှာ စွယ်တော်ကုန်း၊ ဖလူး၊ ဘလယ်ဒို၊ ကနဲလေး၊ ရွှေအေးမြိုင် (ဝါးမီးထ)၊ ဘုရင့်နောင်၊ မော်ခီး၊ သေ့ဘောဘိုးနဲ့ ထီးကပလယ်စခန်းနှင့် ဥကရစ်ထစခန်းတို့ဖြစ်သည်။
လက်ရှိအချိန်တွင် အဆိုပါ နယ်မြေဒေသအတွင်း၌ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်နယ်ခြားစောင့်တပ်/ကရင်အမျိုးသားတပ်မတော်(BGF/KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ တော်လှန်ရေးပူးပေါင်းတပ်များ(PDF)၊ ကော်သူးလေတပ်မတော်(KTLA)တို့ ကူးလူးသွားလာနေသော ဒေသဖြစ်သဖြင့် DKBA ၏ ထုတ်ပြန်ချက်သည် ဒေသခံပြည်သူများအကြားတွင် စိုးရိမ်စရာအခြေအနေတစ်ခုအဖြစ် ရှိနေခဲ့သည်။
ဓါတ်ပုံ – ကိုဏီတာ
