ကော့ကရိတ်မြို့တွင်း ပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီတပ်အင်အား အတော်လျော့နည်းလာနေပြီဟု ဆို
**********************************
သံလွင်ခက်
ဒီဇင်ဘာ ၂၀ ၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းမှာ ရှိတဲ့ စစ်ကောင်စီတပ်တွေကို KNLAနဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေက မြို့ပေါ်စစ်ဆင်ရေး စခဲ့တဲ့ ဒီဇင်ဘာ ၁ရက်ကနေ ဒီကနေ့ထိ လမ်းကြောင်းတွေ ဖြတ်တောက်ပိတ်ဆို့ထားတာပါ ။
ပိတ်ဆို့ခံထားရတဲ့ ရက် ၂၀ လောက်အတွင်းမှာ မြို့ထဲက စစ်ကောင်စီတပ်ဟာ အတော်အင်အားလျော့နည်းသွားပြီး ဖြစ်တယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ တာဝန်ရှိသူ ဗိုလ်ပွဲတော်က မနေ့ ဒီဇင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
” ကော့ကရိတ်အခုလက်ရှိ အခြေအနေက ဘယ်လိုပြောမလဲ သူတို့က အခုတော်တော်အင်အား တအားလျော့သွားပြီပေါ့နော် ။ ကျွန်တော်တို့ ပိတ်ဆို့ထားတဲ့ ရက် ၂၀ လောက်ရှိပြီဆိုတော့ သူတို့လည်း အပြင်မထွက်ရဲဘာမထွက်ရဲဘဲ ဘယ်လိုပြောမလဲ လက်နက်ကြီးတောင် တော်ရုံမထုရဲတော့ဘူး “လို့ ဗိုလ်ပွဲတော်က ပြောပါတယ် ။
စစ်ကောင်စီတက်ဘက်က ငြိမ်နေတဲ့ အခြေအနေမှာ ပူးပေါင်းစစ်ကြောင်းတွေက မြို့ထဲကိုရသလောက်တိုးဝင်နေတယ်လို့လည်း သူကပြောပါတယ်။
အခုရက်ပိုင်းမှာ မြို့ပေါ်မှာတိုက်ပွဲတွေ မဖော်ဆောင်သေးဘဲ ဒေသခံတွေကို ရိက္ခာပစ္စည်းတွေ သယ်ယူခွင့်ပေးထား တယ်လို့ ဗိုလ်ပွဲတော်က ပြောပါတယ်။
ကော့ကရိတ်မြို့ အမှတ် ၃ ရပ်ကွက်ထဲကို မနေ့က ပစ္စည်းဝင်ယူတဲ့ ဒေသခံအမျိုးသားတစ်ဦးကတော့ ပစ္စည်းပြန်သယ်ယူရတာ အဆင်ပြေတယ်လို့ သံလွင်ခက်ကိုပြောပါတယ်။
သူကတော့ လှိုင်ဝဘက်ကနေပစ္စည်းပြန်ဝင်ယူတာဖြစ်ပြီး အဝင်ရော အထွက်မှာပါ ကာကွယ်ရေးရဲဘော်တွေဆီမှာ စာရင်ပေးရတယ်လို့ပြောပါတယ်။
ကော့ကရိတ်မြို့ အမှတ် ၄ ရပ်ကွက်ဘက်မှာ ဒီနေ့ ပစ္စည်းပြန်ဝင်ယူတဲ့ အမျိုးသားတစ်ဦးကတော့ သူပြန်ဝင်တဲ့ မနက်ပိုင်း ၁၁ နာရီကနေ နေ့လည် ၂နာရီခွဲထိ ဘာသံမှမကြားရဘူးလို့ပြောပါတယ်။
” ဘယ်အဖွဲ့လည်းသေချာမသိ ကြာပန်းနားမှာ အိမ်ခဏပြန်မယ်ပြောပြီးဝင်သွားတာ “လို့ ဒီနေ့မှာ ပစ္စည်းပြန်ဝင်ယူတဲ့ ကော့ကရိတ်မြို့ခံအမျိုးသားက စစ်ဆေးတဲ့ အဖွဲ့ရဲ့ အခြေအနေကို ပြောပါတယ် ။
ဒီနေ့မှာလည်း ကော့ကရိတ်မြို့တွင်းက ထွက်ခွာဖို့ ကျန်ရှိနေသူတချို့ကို ကူညီသယ်ထုတ်ပေးတာတွေ မနက်ပိုင်းမှာ လုပ်ဆောင်ပေးခဲ့တယ်လို့ ကားသမားတချို့ကပြောပါတယ် ။
ကော့ကရိတ်မြို့ထဲမှာ စစ်ဆင်ရေးကာလအတွင်း အိမ်တွေ ဖောက်ထွင်းခံရတာ၊ ပစ္စည်းတွေခိုးယူခံတာရတွေလည်း ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ကျားဖြူစစ်ကြောင်းက ဗိုလ်ပွဲတော်ကတော့ တချို့နေအိမ်တွေက ပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အစောပိုင်းရက်တွေမှာ ဖောက်ထွင်း ယူဆောင်တာတွေနဲ့ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးတာတွေ ရှိတယ်လို့ ပြောပါတယ်။
ပူးပေါင်းစစ်ကြောင်းတွေအနေနဲ့ တချို့ပြည်သူ့တွေရဲ့ ပစ္စည်းတွေကို ထိန်းသိမ်းပေးထါးတာရှိပြီး ပိုင်ရှင်တွေပြန်လာရင် ပြန်ပေးသွားမှာဖြစ်တယ်လို့ ဗိုလ်ပွဲတော်က ဆိုပါတယ်။
ပုံစာ-ကော့ကရိတ်မြို့တွင်းမှာ ပိတ်မိနေသူတွေကို ကူညီသယ်ထုတ်ပေးနေမှုများ ။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2761
Website – > https://thanlwinkhet.net/?p=6657