![]()
ခင်သရဖီဦး
ဂွမြို့နှင့် ကျိန္တလီမြို့အား စစ်ကော်မရှင်ရေတပ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုများရှိနေသည့်အတွက် ဒေသခံများမှာ ဆက်လက် တိမ်းရှောင်နေရသည်ဟု သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်မှစ၍ ယနေ့အထိ ဂွပင်လယ်ပြင်တွင် ရပ်နားအခြေချထားသည့် စစ်ကော်မရှင်ရေတပ် စစ်သင်္ဘောမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ဂွမြို့မှ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
“နေ့တိုင်း ရွာတွေရော ရပ်ကွက်တွေကိုပါ ရမ်းပြီ ပစ် နေတာ။ ဒေသခံတွေ နည်းနည်းပါးပါး နေကြတာကနေ အခုက မနေရဲတော့ ပြန်ပြီး စစ်ရှောင်ရတယ်” ဟု ဆိုသည်။
စစ်ကော်မရှင်အနေဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ပြီး နေအိမ်ပျက်စီးမှုများရှိကြောင်း အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကလည်း ဆိုသည်။
“ညအချိန်ဆိုလေ ရမ်းပြီး အဘက်ဘက်ကို ပစ်နေတာ။ အောင်ချမ်းသာရွာမှာလည်း ကျတယ်။ အိမ်တွေလည်း အပျက်အစီးရှိတာပေါ့” ဟု ဆိုသည်။
နိုဝင်ဘာလ ၂၁ ရက်၊ နေ့လယ် ၁၂ နာရီခန့်အချိန်တွင်လည်း စစ်သင်္ဘောမှ လက်နက်ကြီးဖြင့် ၈ ကြိမ်ခန့် ပစ်ခတ်ခဲ့ရာ ဂွမြို့ဆိပ်ကမ်းအနား ချောင်းဝတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ခုနှစ်အရွယ် ကလေးငယ် တစ်ဦးသေဆုံးကာ လေးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
