ဗစ်တိုးရီးယားလို မဖြစ်ဖို့
**********************
ဘုန်းမောင်
ဒီဇင်ဘာ ၅၊ ၂၀၂၃။
(ယခုဆောင်းပါးကို ၂၀၀၅ ခုနှစ်က ရေးသားခဲ့ပြီး စတိုင်သစ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။ထိုအချိန်တုန်းက မိမိတို့၏ ဗစ်တိုးရီးယား အမှုလည်း မပေါ်ပေါက်လာသေး။ ယခုဆောင်းပါးအကြောင်းဆွေးနွေးပြောဆိုမိသည့် အချိန်တိုင်း အမြင်တစ်မျိုးဖြင့် မိမိကိုပြန်လည်တုံ့ပြန်တတ်သည်နှင့်လည်းကြုံခဲ့ရဖူးသည်။ နောက်ပိုင်းတော့လည်း မိမိဘက်ကဆွေးနွေးပြောဆိုတာမျိုး မလုပ်တော့။ ဒီအတိုင်းပဲထားလိုက် ပါတော့သည်။
မိမိငယ်စဥ် မူလတန်းကျောင်းသို့သွားရာလမ်းကလေးတွင် မုန့်ဟင်းခါးဆိုင်တစ်ဆိုင်ရှိပြီးလူတော်တော်များများ ဝင်ထွက်သွားနေကြသည်ကို သတိထားမိခဲ့ဖူးသည်။ ဆိုင်ရှင်လင်မယားတွင်သမီးကလေးတစ်ယောက်ရှိပြီး အလို လည်း အတော်လိုက်ထားပုံပေါ်သည်။ ထိုကလေးမလေးမှာသူငယ်တန်းအရွယ်ဖြစ်ပြီး မိမိနှင့်တစ်ကျောင်းတည်း ဖြစ်သည်။ မိဘတွေကအလိုလိုက်ထားလို့ထင့်။တစ်ခါတစ်ခါ ထိုကလေးမလေးပါးစပ်တွင် ဆေးပြင်းလိပ်ခဲထား သည်ကိုလည်း တွေ့ခဲ့ရဖူး၏။
ဝင်ထွက်စားသောက်နေကြသူတွေကလည်း ဟိုလူချီ ဒီလူချီနှင့်ဆိုတော့ ”တော်တော် လူချစ်လူခင်များတဲ့ကောင်မလေးပဲ”ဟု မိမိတွေးခဲ့ဖူးသည်။ သို့သော် သိပ်မကြာလိုက်သေး။ ထိုဆိုင်မှာဝင်ထွက်စားသောက်နေသော မြန်မာစစ်သားတစ်ယောက်က ကလေးမလေးကိုအဓမ္မကျင့်လိုက်သည်ဆိုပြီး ကြားလိုက်ရသည်။ မိမိမှာ မူလ တန်းအရွယ်သာရှိသေးသောထိုကလေးမအတွက် စိတ်မကောင်း။ မကြာခင်မှာတော့ တစ်အိမ်သားလုံးအခြား တစ်ပါးသောအရပ်သို့ပြောင်းရွှေ့သွားကြလေတော့၏။
ဗစ်တိုးရီးယား မတိုင်ခင်ကတည်းက မိမိတို့ပတ်ဝန်းကျင်မှာ ဗစ်တိုးရီးယားပေါင်းများစွာရှိနှင့်ခဲ့ပြီးဖြစ်ပါသည်။ သို့သော် လူတွေဂရုမစိုက်ခဲ့ကြ။ ဦးနှောက်အမှောင်ချပြီးနေထိုင်ခဲ့ကြသည်။မလိုအပ်သော ရှက်စိတ်ကို ရှေ့တန်းတင်လွန်းခဲ့ကြသည်။ ထို့ကြောင့်လည်း မိမိတို့ပတ်ဝန်းကျင်မှာထိုကဲ့သို့သော ကလေးမုဒိန်းသမားတွေ များပြားနေရခြင်းဖြစ်သည်။
လွန်ခဲ့သော ၂၀၀၅ ခုနှစ်လောက်က ရေးသားခဲ့ပြီး စတိုင်သစ်မဂ္ဂဇင်းတွင်ဖော်ပြခဲ့သော ဤဆောင်းပါးကိုစာဖတ် ချောရုံ အနည်းငယ်ပြင်သည်ကလွဲပြီး ဘာမျှ ပြန်လည်ပြင်ဆင်ဖြည့်စွက်ခြင်းမရှိဘဲဟိုတုန်းကအတိုင်း ပြန်လည်ဖော်ပြလိုက်ပါသည်)
မျက်လုံးဖွင့်စအချိန်
****************
မိမိနေထိုင်ရာ အိမ်ပတ်ဝန်းကျင်နဲ့ မိမိနေထိုင်တဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ကလေးငယ်တွေဘေးအန္တရာယ် ကင်းကင်းနဲ့ရှင်သန်လှုပ်ရှားနိုင်ဖို့ လိုအပ်ပါတယ်။ စူးစမ်းချင်တဲ့စိတ်တွေနဲ့ပတ်ဝန်းကျင်ထဲလမ်းထွက် လျှောက်ကြတဲ့အခါ ကလေးငယ်တွေဟာ လူပေါင်းများစွာနဲ့တွေ့ကြုံရင်ဆိုင်ရမှာပါပဲ။ သူတို့နဲ့ပတ်သက်ကြတဲ့ ကစားဖော် သူငယ်ချင်းတွေနဲ့တွေ့ခွင့်ရဖို့အတွက်လည်း နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားပါလိမ့်မယ်။
ကလေးငယ်တွေကို အမှီအခိုကင်းကင်းနဲ့ ကိုယ့်ဉာဏ်ကိုယ် အသုံးချနိုင်တဲ့စိတ်တွေဖြစ်လာအောင်ဆွပေးရမှာ ဖြစ်သလို လူ့အသိုက် အဝန်းအတွင်း အန္တရာယ်ကင်းကင်းကျင်လည်တတ်ဖို့ကိုလည်းသင်ကြားပေးရပါမယ်။ အထူးသဖြင့် မသင့်တော်တဲ့ အဓမ္မ လိင်ဆက်ဆံခံရမှုတွေကနေကာကွယ်နိုင်အောင် သင်ကြားပေးထားဖို့ လိုပါတယ်။
မသင့်တော်တဲ့နည်းလမ်းနဲ့ အဓမ္မလိင်ဆက်ဆံခံရမှုအကြောင်း ဆွေးနွေးရတာ ကျွန်တော့်တို့အတွက်အခက်အခဲတော့ ရှိပါတယ်။ ဆွေးနွေးဖြစ်ရခြင်းအကြောင်းကတော့ ကလေးတွေ အဓမ္မလိင်ဆက်ဆံခံရမှု အန္တရာယ်ကနေ ကင်းဝေးနိုင်ဖို့အတွက် လူကြီးတွေမှာ တာဝန်အရှိဆုံးဖြစ်သလိုလူကြီးတွေအနေနဲ့ စဥ်းစားစွမ်းဆောင်သင့်တယ်လို့ ယူဆမိတဲ့အတွက်ကြောင့်ပါပဲ။
တကယ်တမ်း ဓမ္မဓိဋ္ဌာန်ကျကျပြောရမယ်ဆိုရင်လည်း ကလေးတွေ အဓမ္မ လိင်ဆက်ဆံမခံရအောင်အန္တရာယ် ကင်းကင်းနေနိုင်ဖို့ဆိုတာ လူသားတွေ အထူးသဖြင့် လူကြီးတွေရဲ့တာဝန်ပါပဲ။ အဓမ္မလိင်ဆက်ဆံခံရမှုဟာ အလွန်ငယ်ရွယ်တဲ့ကလေးတွေမှာလည်း ဖြစ်လေ့ရှိတယ်ဆိုတာ လူတွေကမယုံချင်ကြပါဘူး။ ကိုယ်တိုင်မျက်မြင် ကြုံခဲ့ရသည့်တိုင် သူတပါး အရှက်သိက္ခာကို ငဲ့ကွက်ပြီးကလေးတွေကြားကဆက်ဆံမှုကို ဖုံးကွယ်ထားလေ့ရှိ ကြပါတယ်။
ပုံတူကူးခြင်း
***************
ကလေးတွေအတွက်ကတော့ ဘေးလူတွေရဲ့ လိင်ဆက်ဆံနေမှုကိုမြင်ခြင်း ဒါမှမဟုတ် ကြားခြင်းကအတုခိုးစရာ ဖြစ်လာပါတော့တယ်။ မသင့်တော်တဲ့ နံရံကပ်ပိုစတာတွေနဲ့ ညစ်ညမ်းစာအုပ်တွေကလက်တွေ့အသုံးချဖြစ်အောင် ကလေးတွေရဲ့အာရုံကို နိုးဆွပေးသလို ဖြစ်နိုင်စေပါတယ်။ ၉ လသားအရွယ် ကလေးတစ်ယောက်ဟာ တစ်ပါးသူတွေရဲ့ အပြုအမူ အပြောအဆိုတွေကိုပုံတူကူးချနိုင်ပြီလို့ ဆိုကြပါတယ်။
ပတ်ဝန်းကျင်
************
မသင့်မလျော် လိင်ဆက်ဆံခံရမှုဟာ ဆင်းရဲချမ်းသာ လူတန်းစားမရွေးဘဲ အားလုံးမှာဖြစ်ပွားနိုင်သလိုမိန်းကလေး တွေတင်မဟုတ်ဘဲ ယောက်ျားလေးတွေလည်း အဓမ္မ လိင်ဆက်ဆံခံရလေ့ရှိပါတယ်။အရွယ်ရောက်ပြီးသူတွေက ကိုယ့်ထက်ငယ်တဲ့အရွယ်တွေကို နည်းအမျိုးမျိုးနဲ့သိမ်းသွင်းစည်းရုံးနိုင်ပါတယ်။
ကလေးတွေရဲ့ အင်္ဂါဇာတ်ကို ကိုင်တွယ်သုံးသပ်ပြီး အပြန်အလှန် လိင်ဆက်ဆံမှုရအောင်ကြိုးပမ်းတတ်ကြပါတယ်။ ကလေးတွေ သွေးလန့်တုန်လှုပ်သွားအောင် လိင်ဆက်ဆံမှုနဲ့ဆိုင်တဲ့စကားလုံးတွေကို အသုံးပြုတတ်ကြ သလို လိင်ဆက်ဆံမှုနဲ့ပတ်သက်ပြီးစိတ်လှုပ်ရှားမှုရှိလာအောင်လည်း ပြောဆိုတတ်ကြပါတယ်။နောက်ထပ်ကတော့ မရိုးသားတဲ့အကြံအစည်တွေနဲ့ ကလေးတွေကို ပွေ့ဖက်ယုယနိုင်ပါတယ်။မရိုးသားသူတွေဟာ ကလေးတွေရဲ့ အင်္ဂါဇာတ်ကို ထိကိုင်တတ်ကြသလို မိမိရဲ့အင်္ဂါဇာတ်ကိုလည်းကလေးတွေ ထိကိုင်နိုင်ဖို့ အခွင့်အရေးပေးတတ်ကြပါတယ်။ တချို့တွေကတော့ ပြည့်တန်ဆာအဖြစ်နဲ့အသက်မွေးဝမ်းကျောင်းပြုခိုင်းဖို့အထိ ရည်ရွယ်ပြီး အရွယ်ငယ်ငယ်ကတည်းကနေ ဂရုတစိုက်နဲ့ကျွေးမွေးပြုစုထားတတ်ကြပါတယ်။
အဓမ္မ လိင်ဆက်ဆံခံရမှု အများဆုံးဖြစ်တတ်တဲ့ အရွယ်ကတော့ အသက် ၅ နှစ်ထက်ကြီးတဲ့အရွယ်လို့ဆိုပါတယ်။ ကလေးတွေကို အဓမ္မလိင်ဆက်ဆံသူအများစုက သူစိမ်းတွေမဟုတ်ကြဘဲ အများစုကတော့ရင်းနှီးတဲ့ မျက်နှာသိ လူတွေထဲကပဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ဒီလိုအဓမ္မလိင်ဆက်ဆံခံနေရတာနဲ့ပတ်သက်ပြီး ကလေးတွေက ဘယ်သူ့ကိုမှပြန်ပြောပြလေ့မရှိတဲ့အတွက် ကျွန်တော်တို့တွေ မသိရပါဘူး။
ကမ္ဘာမှာရှိတဲ့ ကလေးလေးပုံတပုံဟာ အဓမ္မ လိင်ဆက်ဆံခံနေကြရတယ်လို့ သိရပါတယ်။တစ်သက်တာလုံး ရေငုံ နှုတ်ပိတ်နေကြသူတွေကိုပါ ထည့်စဥ်းစားမယ်ဆိုရင် အရေအတွက် နောက်ထပ်ပိုလာစရာပဲ ရှိပါတယ်။
ကလေးတွေရဲ့ ပတ်ဝန်းကျင်ဟာ အလွန်ကိုပဲ အရေးကြီးပါတယ်။ ပတ်ဝန်းကျင်ဆိုးထဲရောက်သွားတဲ့ကလေး တွေရဲ့ အနာဂတ်က အန္တရာယ်ကြီးပါတယ်။ ကလေးနဲ့ ရင်းနှီးခင်မင်သူတိုင်းကိုတော့သံသယဖြစ်ရမယ်လို့ မဆို လိုပါဘူး။ မိမိရဲ့အစိုးရိမ်လွန်မှုက ကလေးအပေါ်တကယ်ဖြူဖြူစင်စင်သံယောဇဥ် ထားတတ်သူတွေရဲ့ ဂုဏ်သိက္ခာ ကိုတော့ မထိခိုက်စေသင့်ပါဘူး။မိမိပတ်ဝန်းကျင်မှာ ရိုးသားတဲ့လူတွေကို ရှာဖွေတွေ့ရှိဖို့ကလည်း အရေးကြီး ပါတယ်။တချို့ပတ်ဝန်းကျင်တွေဆိုရင် လိင်တူချင်း ဆက်ဆံဖို့ကိုတောင် အားပေးတတ်တဲ့ အခြေအနေမျိုးမှာရှိနေပါတယ်။
ရှက်ကြောက်မှုအခံ
*****************
ကလေးတွေအကြား အဓမ္မလိင်ဆက်ဆံခံနေရတဲ့ အခြေအနေမျိုးတွေမဖြစ်အောင် မိမိအနေနဲ့ထိန်းသိမ်းပေးနိုင်ဖို့ သင်ကြားပေးနိုင်ဖို့ အရေးကြီးပါတယ်။ မိဘတွေရဲ့ ဉာဏ်ပညာ ကြီးရင့်မှုအောက်မှာကလေးတွေရဲ့အနာဂတ် ရှိ နေပါတယ်။ လိင်အကြောင်း ကလေးတွေနဲ့ ဆွေးနွေးမှုမှာအခက်အခဲရှိနိုင်ပေမယ့် ကလေးတွေ သေသေချာချာ သဘောပေါက်လာအောင် ရှင်းပြပေးဖို့လိုပါတယ်။
မသင့်တော်တဲ့ လိင်ဆက်ဆံမှုရဲ့ ဆိုးဝါးယုတ်ညံ့ပြီး အရှက်တကွဲ ဖြစ်ရတတ်ပုံအကြောင်းကိုလည်းပြောပြပေး နိုင်ရပါမယ်။ ကလေးတွေ နားလည်အောင် ရှင်းပြပေးနိုင်ခြင်းက အလွန်အကျွံစိုးရိမ်သောကရောက်ရမှု အခြေ အနေတွေကနေ ကယ်တင်နိုင်ပါလိမ့်မယ်။ တစ်သက်တာလုံးနာကျင်နေရတာမျိုး ဖြစ်လာတော့မှာမဟုတ်ပါဘူး။ အရှက်ဆိုတာကလည်း သူ့နေရာနဲ့သူအသုံးချတတ်မှအသုံးဝင်နိုင်တဲ့အရာပါ။
အဓမ္မလိင်ဆက်ဆံခံရသူတွေဟာ ဘာမှမဖြစ်ခဲ့သလိုဘဲ ဟန်ဆောင်တတ်ကြပါတယ်။တစ်ဦးတစ်ယောက်ကို ဖွင့်ဟတိုင်ပင်ရဲလောက်အောင်လည်း သတ္တိမကောင်းကြပါဘူး။မတော်မရော်ပြုကျင့်သူကလည်း ဘယ်သူ့ကိုမှ ပြောမပြဖို့ ကြိုတင်ခြိမ်းခြောက်ပြီးတားမြစ်ထားတတ်ပါတယ်။
အစော်ကားခံရသူကိုယ်တိုင်ကလည်း ဒီလိုဆိုးဝါးတဲ့အဖြစ်ကို လူသိသွားမှာ ရှက်တတ်ပါတယ်။ကလေးအရွယ်မှာ အဓမ္မလိင်ဆက်ဆံပြုကျင့်ခံခဲ့ရတဲ့သူတွေဟာ အရွယ်ရောက်လာသည့်တိုင်အောင်သူတို့ရဲ့ကိုယ်ပိုင်ခံစားချက်တွေ ကို မပြောပြနိုင်ကြပါဘူး။ဆန့်ကျင်ဘက်လိင်ရဲ့ မဖွယ်မရာအပြုခံရမယ့်အန္တရာယ်တွေကနေ ဘယ်လို ကာကွယ် ရမလဲ ဆိုတာကိုလည်း သူတို့ရဲ့ကလေးတွေကို ပြန်ပြီးမသင်ကြားနိုင်ပြန်ပါဘူး။
အဆိပ်သင့်မှီခိုမှု
*************
ကလေးတွေကို မဖွယ်မရာ ပြုကျင့်ကြသူတွေဟာ သူတို့ရဲ့လုပ်ရပ်ကို သိမ်ဖျင်းယုတ်ညံ့တယ်လို့မထင်မိတတ် ကြတာတွေလည်း ရှိပါတယ်။ ကလေးတွေဟာ မသင့်မလျော်အပြုခံရမယ့်အန္တရာယ်ရဲ့အနီးမှာ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ထက်အသက်ကြီးသူတွေကို ယုံကြည်အားထားနေရပြီး သူတို့အပေါ်မှာ မှီခိုနေရလို့ပါပဲ။ဒီအကြောင်းအချက်တွေက အရွယ်ရောက်သူတွေရဲ့ ကြံစည်မှုကို ငြင်းဆန်ဖို့ အခက်အခဲဖြစ်စေပါတယ်။ကလေး တွေရဲ့ တွေးခေါ်နိုင်မှု အင်အားကလည်း မဖွံ့ဖြိုးသေးတဲ့အတွက်ကြံစည်သူရဲ့ အပြုအမူကလက်ခံနိုင်စရာရှိရဲ့ လား ဆိုတာ ကလေးတွေမသိကြပါဘူး။ ကိုယ်အင်္ဂါစွမ်းရည်ချို့တဲ့တဲ့ကလေးတွေဟာ ကာမဂုဏ်အတွက်အသုံးချခံရဖို့ အလားအလာ ပိုရှိပါတယ်။
ကလေးတွေကို ကာမဆန္ဒအတွက် မတော်မတရား အသုံးချချင်သူတွေဟာ ချိုသာတဲ့စကားတွေနဲ့သိမ်းသွင်းနိုင်ပါ တယ်။ အရသာရှိတဲ့ စားသောက်စရာတွေနဲ့ သွေးဆောင်နိုင်ပါတယ်။ ခြိမ်းခြောက်ပြီးနိုင်လိုမင်းထက်ပြုတဲ့ အကြမ်းဖက်နည်းလမ်းကိုလည်း လုပ်ဆောင်နိုင်ပါတယ်။အဓမ္မလိင်ဆက်ဆံပြုကျင့်ခံရတဲ့ ရလဒ်ကတော့ အပြုခံရသူဟာ အသက်အရွယ်ကြီးရင့်သည်အထိနာကျင်ကြေကွဲစရာတွေနဲ့ ကြမ်းတမ်းခက်ထန်လာတာပါပဲ။
ပွင့်လင်းမှုတန်ဖိုး
***************
မိဘနဲ့ကလေးကြား ပွင့်လင်းတဲ့ ဆက်ဆံရေးမျိုးရှိဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကလေးကမိမိရဲ့ခံစားချက်တွေကို ဖွင့်ဟနိုင်မှာဖြစ်ပြီး မိဘတွေအနေနဲ့လည်း ဘယ်လိုအကူအညီမျိုးပေးရမယ်ဆိုတာ စဉ်းစားနိုင်မှာဖြစ်ပါတယ်။ လိုအပ်မယ်လို့ထင်တဲ့ အိမ်တွင်းရေးတချို့ကလေးသိထားရအောင် အသိပေးထားသင့်ပါတယ်။ ဒါမှလည်း မိမိရဲ့ ကလေးဖြစ်သူက ကိုယ့်အိမ်မှာကိုယ့်ရဲ့ အရေးပါမှုကိုသဘော ပေါက်လာမှာဖြစ်ပြီး သူ့ရဲ့ခံစားချက်တွေကို မိဘဖြစ်သူဆီမှာဖွင့်ဟနိုင်ပါမယ်။
ကလေးပြောသမျှ ဂရုတစိုက် နားထောင်ပေးပြီး မိမိအနေနဲ့ သူမကို ယုံကြည်မှုရှိကြောင်း၊သူမပြောတဲ့စကား တွေကို ယုံကြည်ကြောင်း ကလေးတွေသိဖို့ သေသေချာချာ လိုအပ်ပါတယ်။တစ်ဦးတစ်ယောက်က ကာမနဲ့ စပ်ယှက်တဲ့ စကားမျိုးပြောဆိုလာတဲ့အခါ မိဘတွေဆီမှာ မကွယ်မဝှက်ပြန်ပြောပြဖို့ကပွင့်လင်းတဲ့ ဆက်ဆံရေး မျိုးနဲ့ပဲ ဖြစ်နိုင်ပါတယ်။
သင်ကြားခြင်း
************
မိခင်တွေဟာ ကိုယ့်သမီး မသင့်မတော်အပြုခံရမယ့် ဘေးအန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်ဖို့ဆန္ဒရှိကြပါတယ်။ အမှန်တကယ် အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်ဆိုတာကိုလည်းသဘောပေါက်ကြပါတယ်။ ခက်တာက ဒီအန္တရာယ်တွေကနေ ကာကွယ်နိုင်ဖို့ ဘယ်လို
သင်ကြားပေးရမလဲဆိုတဲ့ အတွေးမရှိကြတာပါပဲ။ မိခင်အစဥ် အဆက်ကလည်းဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောဆိုလေ့မရှိကြပါဘူး။ ဒါကြောင့် ကလေးတွေ ဘယ်လိုနေထိုင်သင့်တယ်ဆိုတဲ့အဖြေထွက်လာဖို့ မိခင်တွေက အရင်စုဝေးဆွေးနွေးသင့်ပါတယ်။
အသက် ၁၈ လအရွယ် ကလေးတွေကို မိမိကိုယ်ခန္ဓာအစိတ်အပိုင်းနာမည်တွေ သိလာဖို့စတင်သင်ကြားပေးနိုင် ပြီလို့ ဆိုပါတယ်။ ၃ နှစ်နဲ့ ၅ နှစ်ကြားမှာ ကလေးရဲ့အင်္ဂါဇာတ်နဲ့အခြားလျှို့ဝှက်ထားသင့်တဲ့အရာတွေ သိနေအောင် သင်ကြားပေးနိုင်ပါပြီ။ ဒါ့အပြင်ယောင်္ကျာလေးနဲ့ မိန်းကလေး ကွဲပြားခြားနားမှုကိုလည်း သင်ကြားပေးရပါမယ်။
ကလေးတွေကို သဘာဝနည်းလမ်းကျကျ သင်ကြားပေးနိုင်ပါတယ်။ ရေချိုးပေးတဲ့အချိန်သင်ကြားပေးတာက အကောင်းဆုံးဥပမာပါပဲ။ ကလေးတွေအနေနဲ့ မိမိခန္ဓာရဲ့အမျိုးအမည်တွေကိုသိနိုင်ဖို့ဆိုတာ ပြင်ပအကူအညီ တကယ်လိုအပ်ပါတယ်။ ကစားစရာ လူရုပ်ပုံတွေအသုံးပြုပြီးသင်ကြားပေးခြင်းက အမှန်တကယ် ထိရောက်မှု ရှိတယ်လို့ ဆိုပါတယ်။ အချို့အင်္ဂါတွေကတခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် လျှို့ဝှက်ထားဖို့ ပိုလိုအပ်တဲ့ အကြောင်း ကလေးတွေကိုရှင်းပြပေးပါ။
ကလေးတွေရဲ့ အင်္ဂါဇာတ်နဲ့ အခြားလျှို့ဝှက်ထားအပ်တဲ့အရာတွေကို လူတွေ မထိကိုင်သင့်တဲ့အကြောင်းကိုလည်း သင်ကြားပေးထားရပါမယ်။ ဒါ့အပြင် မိမိကလေးကလည်း အခြားသူတွေရဲ့ မသင့်တော်ရာကိုမထိကိုင်သင့်တဲ့ အကြောင်း ပြောပြထားရပါမယ်။ အကယ်၍ တဦးတယောက်ကလျှို့ဝှက်ထားသင့်တဲ့အရာတွေနဲ့ ပတ်သက်ပြီး ပြောဆိုလာတယ် ထိကိုင်လာတယ်ဆိုရင် ဒီအပြုအမူဟာ
ယုတ်ညံ့တဲ့အမူအကျင့်တွေသာ ဖြစ်တယ်ဆိုတဲ့ အကြောင်း ကလေးတွေ သဘောပေါက်ဖို့ လိုပါတယ်။အရွယ်ရောက်ပြီးသူတွေက လူသူကင်းရှင်းတဲ့နေရာမှာ ကစားဖို့ခေါ်တယ်ဆိုရင် မိဘရဲ့ခွင့်ပြုချက်ကိုလာယူပြီးမှ ဆုံးဖြတ်သင့်တဲ့အကြောင်း၊ မိမိကို ကိုယ်ထိလက်ရောက်ပြုမှုဖို့ ကြိုးစားလာတယ်ဆိုရင်ရုန်းကန်ထိုးကြိတ်ဖို့၊ အော်ဟစ်အကူအညီ တောင်းခံဖို့လိုအပ်တဲ့အကြောင်း၊လျှို့ဝှက်ထားသင့်တဲ့အရာတွေကို ထိပါးဖို့ ကြိုးစားလာခဲ့ရင် မိဘဖြစ်သူကို မကွယ်မဝှက်ပြန်ပြောဖို့လိုအပ်ကြောင်း ရှင်းပြပေးထားရပါမယ်။ မိဘကို အမှန်အတိုင်း ဖွင့်ဟ ပြောပြမယ်ဆိုရင်ဘယ်လိုဆိုးဝါးတဲ့ အဖြစ်အပျက်တွေမှ ဖြစ်လာနိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း သွန်သင်ပေးထားရပါမယ်။
အရွယ်ရောက်သူတွေဟာ ညစ်ညမ်းတဲ့ ပုံပြင်တွေနဲ့ ကလေးတွေရဲ့ ဖြူစင်မှုကို အရောင်ဆိုးလေ့ရှိတတ်ပါတယ်။ ပုံပြင်ချစ်တတ်တဲ့ ကလေးတွေကို ကာမဆက်ဆံဖို့ညစ်ညမ်းပုံပြင်တွေနဲ့သွေးဆောင်နိုင်ပါတယ်။ ယုတ်ညံ့သူတွေ အနေနဲ့ကတော့ နည်းလမ်းအမျိုးမျိုးနဲ့ ကလေးတွေစိတ်လှုပ်ရှားလာအောင် လုပ်ဆောင်ကြမှာပါပဲ။ ဒါကို သတိထားဖို့ လိုပါတယ်။
ဉာဏ်ယှဥ်သော အနာဂတ်
************************
မိဘတွေဟာ ကလေးတွေရဲ့ အနာဂတ်လှပဖို့ အသိဉာဏ်ကြီးကြီးနဲ့ ထိန်းသိမ်းပေးနိုင်မှတော်ကာကျပါလိမ့်မယ်။ မသင့်တော်တဲ့လိင်ဆက်ဆံမှုမျိုးတွေ မဖြစ်ရအောင် ကြိုးစားပေးရပါမယ်။လူ့အသိုက်အဝန်းမှာ လှပတဲ့ဘဝတစ်ခု ကလေးတွေတည်ဆောက်နိုင်ဖို့ မိဘတွေက အခရာပါပဲ။ဖြစ်မလာသေးခင်မှာတော့ ကျွန်တော်ဆွေးနွေးခဲ့တဲ့ အကြောင်းအရာက ‘ငါတို့လူ့အဖွဲ့အစည်းအတွက်မလိုအပ်တဲ့အရာတွေပါ’လို့ ယူဆမိကောင်း ယူဆမိကြပါ လိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့အတိတ်ကိုပြန်ပြီးတူးဖော်ကြည့်ပါ။ ဒီလိုကိစ္စမျိုးကိုမျက်မြင်ကြုံဖူးကောင်းကြုံဖူး တဆင့်စကားနဲ့ ကြားဖူးကောင်းကြားဖူးလေမလားလို့ပဲ။
“Sandy Niemann နဲ့ Namita Jacob”တို့ ရေးတဲ့ “Helping Children Who Are Blind” စာအုပ်ကိုဖတ်မိလို့
အခုဆောင်းပါးကို ရေးဖြစ်ပါတယ်။
ဓာတ်ပုံ – အင်တာနက်