![]()
သံလွင်ခက်/ဧပြီ ၇။
အသစ်ဖွဲ့စည်းလိုက်သည့် တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီ (TFUCC) နှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့အကြား စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အပြန်အလှန်လေးစားမှုဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ယနေ့တွင် တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီ (TFUCC) ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပြီး၊ အဆိုပါသဝဏ်လွှာတွင် နှစ်ဖက်ကောင်စီများအကြား တန်းတူညီမျှသော မူများအပေါ် အခြေခံကာ ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်သွားမည့်အချက်ကို အလေးပေးဖော်ပြထားသည်။
နှစ်ဖက်ကောင်စီများအကြား အပြန်အလှန်လေးစားမှုနှင့် တန်းတူညီမျှသော မူများအပေါ် အခြေခံကာ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များတွင် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးများ အပြည့်အဝဖော်ဆောင်နိုင်ရန်၊ အာဏာသိမ်း စစ်ကော်မရှင် အပါအဝင် အာဏာရှင်စနစ်ဟူသမျှ အပြီးတိုင်ချုပ်ငြိမ်းရန်နှင့် ပြည်သူတို့၏ အခြေခံရပိုင်ခွင့်များကို အာမခံမည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် စသည့် ဘုံရည်မှန်းချက် (၃) ရပ်ကို အတူတကွ လက်တွဲအကောင်အထည်ဖော်သွားကြမည်ဟု IEC က အသိပေးထားသည်။
တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီ (TFUCC) ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အင်အားစုစုံလင်စွာဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ယင်းသည် တနင်္သာရီတိုင်းအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆန္ဒကို လက်တွေ့အကောင်အထည်ဖော်သည့် သမိုင်းဝင်ခြေလှမ်းတစ်ခုဖြစ်ကြောင်း IEC က ဆိုသည်။
အလားတူ TFUCC ဘက်ကလည်း စစ်ကော်မရှင် အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို အမြစ်ပြတ်ရန်နှင့် ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ်သို့ ပြန်လည်ရောက်ရှိရေးအတွက် ပြည်သူလူထုနှင့်အတူ အခိုင်အမာရပ်တည်သွားမည်ဟု သန္နိဋ္ဌာန်ပြုထားသည်။
ဤပူးပေါင်းဆောင်ရွက်မှုသည် နွေဦးတော်လှန်ရေးကာလအတွင်း ဒေသအလိုက်ဖော်ဆောင်နေသည့် အုပ်ချုပ်ရေးယန္တရားများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
အနာဂတ်ကာလတွင် တနင်္သာရီဖက်ဒရယ်ယူနစ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုများ အပြည့်အဝရရှိလာရန် နှစ်ဖက်စလုံးက မျှော်လင့်နေကြသည်။
#တနင်္သာရီဖက်ဒရယ်ယူနစ် #IEC #ဘုံရည်မှန်းချက်များ #ပူးပေါင်းဆောင်ရွက် #ThanLwinKhetNews
