![]()
မူယန်း၊ အက်သားရီ/ဧပြီ ၇။ ဓါတ်ပုံ – Jobs for kayah ( ပုံဟောင်း )
စစ်တပ်အာဏာသိမ်းချိန်မှစ၍ ယခု ၂၀၂၆ ခုနှစ် မတ်အထိ ၅ နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်နီပြည်နယ်၌ စာသင်ကျောင်း ၁၆ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အသံ၏ စာရင်းများအရ သိရသည်။
စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာသင်ကျောင်းပေါင်း ၂၅၁ ကျောင်းအထိ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း ၁၀ နှစ်အောက် ကလေးငယ်များလည်း အပါအဝင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ စုစုပေါင်း ၂၇၆ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် ၆၈၆ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ဖယ်ခုံမြို့နယ်ရှိ စာသင်ကျောင်းတစ်ခု ဗုံးကြဲခံရမှုမှ အသက်ဘေးလွတ်မြောက်ခဲ့သည့် မြေပြင်ဆရာမတစ်ဦးက “တိုင်းပြည်ရဲ့ အနာဂတ်ကို ပညာတွေနဲ့ တည်ဆောက်ရမယ်။ အကြိမ်ကြိမ်အခါခါ ဗုံးကြဲခံရတိုင်း ကြောက်လန့်လို့ ပညာရေးကို ရပ်တန့်လိုက်ရင် စဉ်ဆက်မပြတ် ပညာသင်ယူနေတဲ့ ကလေးတွေက ပညာသင်မှု ရပ်တန့်သွားလိမ့်မယ်။ သူတို့ရဲ့ အနာဂတ်ကို တွေးပြီး ဗုံးဒဏ်ကြားထဲ အသက်ကို ပဓာနမထားဘဲနဲ့ သူတို့လေးတွေကို ပညာရအောင် သင်ပေးရမယ် ဆိုတဲ့ တွန်းအားကြောင့်သာ ဖြစ်တယ်” ဟု သံလွင်ခက်ကို ပြောသည်။
ကရင်နီပြည်တွင် ၅ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ်ပေါင်း ၂၀ အထိ ရှိခဲ့သည်။ ထိုဖြစ်စဉ်များအတွင်း အရပ်သား၊ ဆရာ၊ ဆရာမများနှင့် ကလေးငယ် ၁၇၈ ဦး ပါဝင်ခဲ့သည်။
ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့နယ်များသည် လေကြောင်းတိုက်ခိုက်မှုဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရသည်။ ယင်းနေရာများတွင် ကလေးငယ်အများအပြား အသက်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကျောင်းသားတစ်ဦးက “လေယာဉ်နဲ့ ဗုံးကြဲခံရတုန်းက အများကြီး စိတ်ထိခိုက်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်မျက်စိရှေ့မှာတင် သေသွားတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ သူတို့ရဲ့ မိဘတွေကို မြင်ရလို့ပါ။ ဒါပေမဲ့ မခံချင်စိတ်နဲ့ပဲ အခုထိ ပညာရေးဘက်မှာ တော်လှန်နေတာပါ” ဟု ပြောသည်။
အဆိုပါ ထုတ်ပြန်သည့် စာရင်းများအရ နိုင်ငံတစ်ဝန်းတွင် စစ်ကိုင်းတိုင်းဒေသကြီးသည် လေကြောင်းတိုက်ခိုက်မှု အများဆုံးခံခဲ့ရပြီး စာသင်ကျောင်း ၅၈ ကျောင်းအထိ ပျက်စီးခဲ့ရသည်။
ယခုဖော်ပြပါ စာရင်းသည် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည့် အရေအတွက်သာဖြစ်သည်။ လက်နက်ကြီး၊ ဒရုန်း သို့မဟုတ် အခြားနည်းလမ်းများဖြင့် တိုက်ခိုက်ခံရသည့် စာသင်ကျောင်း ပျက်စီးမှုများမှာမူ ထည့်သွင်းထားခြင်း မရှိသေးကြောင်း သိရသည်။
#ကရင်နီ #ငါးနှစ်အတွင်း #လေကြောင်းတိုက်ခိုက်မှု #စာသင်ကျောင်းပျက်စီးဆုံးရှုံး #ThanLwinKhetNews
